ဘန်ကောက်၊ ဩဂုတ်-၇-၂၀၂၄
မျိုးဆက်(VOM)
နိုင်ငံမှာ ပြီးခဲ့တဲ့နှစ်ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ အများဆုံးအနိုင်ရရှိပြီး အစိုးရဖွဲ့ခွင့်မရခဲ့တဲ့ Move Forward ပါတီကို ဖျက်သိမ်းဖို့ ထိုင်းတရားရုံးက ဒီနေ့ ဩဂုတ် ၇ ရက်မှာ အမိန့်ထုတ်လိုက်ပါတယ်။
တရားရုံးရဲ့ ဒီစီရင်ချက်ကြောင့် ပါတီခေါင်းဆောင် ပီတလင်ဂျာရိုနက်နဲ့ ပါတီထိပ်ပိုင်းခေါင်းဆောင် ၁၀ ယောက်တို့ကို နိုင်ငံရေးကနေ ၁၀ နှစ်ပိတ်ပင်ခံရမှာဖြစ်ပါတယ်။
Move Forward ပါတီဟာ ရွေးကောက်ပွဲမဲဆွယ်စည်းရုံးရေးတွေအတွင်း ထိုင်းဘရင်စနစ်ကို စော်ကားပါက ပြစ်ဒဏ်ချမှတ်တဲ့ ဥပဒေကို ပြုပြင်ပြောင်းလဲဖို့ ကတိပေးတာတွေအပါအဝင် ဥပဒေချိုးဖောက်မှုတွေရှိတယ်လို့ စွပ်စွဲခံထားရတာဖြစ်ပါတယ်။
အတိုက်အခံတွေကို ဖိနှိပ်တယ်လို့ နာမည်ဆိုးနဲ့ကျော်ကြားတဲ့ ဒီဥပဒေကို ပြုပြင်ပြောင်းလဲဖို့ ကြိုးစားတာဟာ ထိုင်းဘုရင်စနစ် ပျက်သုန်းဖို့ တောင်းဆိုတာပဲလို့ ထိုင်းတရားရုံးက ပြောပါတယ်။ ဒီနေ့စီရင်ချက်ဟာ ထိုင်းဘုရင်ရဲ့ ဩဇာအာဏာနဲ့ အဆင့်အတန်းကို ထိမ်းသိမ်းစောင့်ရှောက်ဖို့ လက်ရှိအစိုးရရဲ့ လိုလားချက်ကို ထင်ဟပ်နေတယ်လို့ အကဲခတ်တွေက ပြောပါတယ်။
ဒါပေမယ့် ဒီစီရင်ချက်ဟာ ပြုပြင်ပြောင်းလဲရေးလိုလားတဲ့ အတိုက်အခံတွေအတွက်တော့ အဆုံးသတ်မဟုတ်ဘူးလို့ ဆိုပါတယ်။ ရွေးကောက်ပွဲမှာ အနိုင်ရထားတဲ့ Move Forward ပါတီရဲ့ အမတ် ၁၄၂ ယောက်ဟာ မှတ်ပုံတင်ထားတဲ့ အခြားပါတီတခုကိုဝင်ပြီး ပါလီမန်မှာ အတိုက်အခံအဖြစ် ဆက်လက်ရပ်တည်သွားဖွယ်ရှိနေပါတယ်။
Ref:BBC
Photo:Getty Images
#Voiceofmyanmar #VOM #ထိုင်း #MoveForwardParty #ဖျက်သိမ်း #အမိန့်ချ