သာပေါင်းမှာ အိမ်ခြေ ၆၀၀ ကျော် ရေနစ်မြုပ်နေဆဲဖြစ်ပြီး အကူအညီတွေ မရသေး

ဩဂုတ် ၇ – ၂၀၂၄
SS (VOM)
ဧရာဝတီတိုင်း၊ သာပေါင်းမြို့မှာ င၀န်မြစ်ရေကြီးမှုကြောင့် အိမ်ခြေ ၆၀၀ ကျော် ခေါင်မိုးအထိ ရေနစ်မြုပ်နေဆဲဖြစ်ပြီး လက်ရှိအချိန်အထိ အကူအညီတွေ မရရှိသေးဘူးလို့ ‌လူမှုကူညီရေးအသင်းတွေနဲ့ ဒေသခံတွေဆီက သိရပါတယ်။
သာပေါင်းမြို့နယ်ရှိ စစ်ပင်ကြီးကျေးရွာအုပ်စုနဲ့ ကျားရဲကျေးရွာအုပ်စုတို့က အိမ်ခြေ ၆၀၀ ကျော် ခေါင်မိုးအထိ ရေနစ်မြုပ်နေတာဖြစ်ပြီး ဒေသခံ ၂၀၀၀ ကျော်ခန့် ဓမ္မာရုံတွေနဲ့ နေအိမ်အမိုးအဆင့်တွေမှာ နေထိုင်နေကြရတယ်လို့ သိရပါတယ်။
“ဧရာဝတီတိုင်းထဲမှာ သာပေါင်းမြို့နယ်က ရေကြီးတာ အခံရဆုံး လို့ ပြောလို့ရတယ်။ ကျေးရွာအုပ်စု ၇၀ ကျော်ရှိတာ ၆၀ ကျော်လောက် ရေကြီးနေတယ်။ စစ်ပင်ကြီးနဲ့ ကျားရဲဘက်ဆိုရင် ခေါင်မိုးအထိ မြုပ်နေတာ။ ပြီးတော့ ဒီရွာတွေက အလှမ်းဝေးတဲ့ နေရာတွေလည်းဖြစ်တယ်။ သာပေါင်း မြို့နယ်ကပဲလာလာ၊ ကန်ကြီးဒေါင့်ကပဲ လာလာ။ အသုတ်မြို့ ဘက်ကပဲလာလာ၊ နှစ်နာရီ လောက် စက်လှေမောင်းရတဲ့ နေရာတွေ။ လတ်တလော လိုအပ်နေတာတော့ အစားအစာနဲ့ ရေသန့်တွေ အဓိက လိုနေတာ။ ဘယ်မှလည်း သွားလို့မရ ဖြစ်နေတာဆိုတော့ အခုက ပိုက်ဆံရှိရင်တောင် ဝယ်စားလို့ မရတဲ့အခြေအနေ ဖြစ်နေတယ်” လို့ ဒေသအခြေစိုက် လူမှုကူညီရေးအသင်း တာဝန်ရှိသူက ပြောပါတယ်။
ပြီးခဲ့တဲ့ သြဂုတ်လ ၄ ရက်နေ့က စနစကရဲ့ တိုင်း၀န်ကြီးချုပ်ဆိုသူ ရောက်ရှိလာပြီး သာပေါင်းမြို့ပေါ်  မြို့မမင်း ဘုန်းကြီးကျောင်းမှာ ပြောင်းရွှေ့နေထိုင်နေကြတဲ့ ရေဘေးသင့် ပြည်သူဦးရေ ၅၀ ဝန်းကျင်ကို စားသောက်ကုန်တွေ ပေးအပ်ခဲ့ပြီးနောက်ပိုင်း ဒီကနေ့ အချိန်အထိ မည်သည့်အကူအညီမှ မရရှိတော့ဘူးလို့ ဒေသခံတွေက ပြောပါတယ်။
“အဓိက က စားဖို့ ဘာမှ မရှိတော့တာပဲ။ ‌နှစ်ပတ်‌လောက် ရှိနေပြီ။ ထမင်း၊ ဟင်းချက်ဖို့ နေရာလည်း မရှိတော့ဘူး။ ရေက ခေါင်ထိနေတော့ ထုပ်တန်းပေါ် တက်နေရတယ်။ မိုးမိပြီး ဖျားနေကြတဲ့သူတွေလည်း ရှိတယ်။ သောက်စရာ ဆေးလည်း မရှိဘူး။ ‌အကုန် ဒုက္ခရောက်နေကြတယ်” လို့ ဒေသခံတယောက်က ပြောပါတယ်။
မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ ဒီကနေ့ ဩဂုတ် ၇ ရက်နေ့ ထိုင်းထွာချက်အရ ငဝန်မြစ်ရေဟာ သာပေါင်းမြို့မှာ စိုးရိမ်ရေမှတ်အထက် ၃ လက်မခန့် ကျော်လွန်နေပြီး နောက်တရက်အတွင်း စိုးရိမ်ရေမှတ်အောက်ကို ပြန်လည် ကျဆင်းနိုင်တယ်လို့ သိရပါတယ်။
လက်ရှိ ဧရာဝတီတိုင်းအတွင်း ဟင်္သာတ၊ ဇလွန်၊ သာပေါင်း၊ မြန်အောင်၊ ကြံခင်း၊ ပန်းတနော်၊ ညောင်တုန်း၊ မအူပင်၊ ပုသိမ် စတဲ့ မြို့တွေမှာ ဧရာဝတီနဲ့ ငဝန်မြစ်ရေ စိုးရိမ်ရေမှတ်အောက် ပြန်လည် ကျဆင်းနေပြီ ဖြစ်ပေမယ့် ငါးသိုင်းချောင်းမြို့မှာတော့ စိုးရိမ်ရေမှတ်မှာ ဆက်လက် တည်ရှိနေပြီး နောက် ခြောက်နာရီအတွင်း စိုးရိမ်ရေမှတ်အောက် ပြန်လည် ကျဆင်းနိုင်တယ်လို့ သိရပါတယ်။
#voiceofmyanmar #VOM #ဧရာဝတီတိုင်း #သာပေါင်း #အိမ်ခြေ၆၀၀ကျော် #ခေါင်မိုးအထိ #ရေနစ်မြုပ်နေဆဲ #အကူအညီ #မရသေး

Related posts

Leave a Comment

VOM News

FREE
VIEW