ပြင်ပရွှေဈေး ကျပ် ၇၅ သိန်းဝန်းကျင်နဲ့ ဒေါ်လာ ကျပ် ၆၀၀၀ ကျော်အထိ အတက်ကြမ်းနေ

 

ဩဂုတ် ၉ – ၂၀၂၄
SN (VOM)

ပြင်ပဈေးကွက်အတွင်း အခေါက်ရွှေ တကျပ်သား ကျပ် ၇၅ သိန်းဝန်းကျင် ရောက်ရှိနေပြီး အမေရိကန် တဒေါ်လာ ကျပ် ၆၀၀၀ ကျော်အထိ အတက်ကြမ်းနေတယ်လို့ ရွှေလုပ်ငန်းရှင်တွေဆီက သိရပါတယ်။

ပြည်တွင်း အခေါက်ရွှေဈေးဟာ ပြီးခဲ့တဲ့ ဇူလိုင် ၂၆ ရက်နေ့ကစလို့ တကျပ်သား သိန်း ၆၀ ကျော်ဝန်းကျင်ကို ရောက်ရှိလာပြီး တောက်လျှောက် အတက်ကြမ်းခဲ့တာမှာ ၁၄ ရက်အကြာ မနေ့ ဩဂုတ် ၈ ရက်၊ ညနေပိုင်းမှာ သိန်း ၇၀ ကျော်ကို ရောက်ရှိလာကာ ဒီကနေ့ ဩဂုတ် ၉ ရက်မှာတော့ ၇၅ သိန်းဝန်းကျင်ကို စံချိန်ချိုး ရောက်ရှိနေတာ ဖြစ်ပါတယ်။

“ရွှေဈေးက အကျ လုံးဝ မရှိခဲ့ဘူး။ တောက်လျှောက် တက်လာတာ။ ဒေါ်လာဈေးကလည်း တက်တယ်လေ။ အကျဘက်ရောက်နေတဲ့ ကမ္ဘာ့ရွှေဈေးကလည်း ဒီနေ့ပြန်တက်လာတယ်။ အဲဒီတော့ အကုန်လုံးပေါင်းစုံပြီး နဂိုကတည်းက အတက်ပဲရှိနေ‌တဲ့ ပြည်တွင်းရွှေဈေးကလည်း ထပ်တက်တယ်ပေါ့။ ဈေးကွက်ကတော့ ပျက်ပြီးရင်း ပျက်နေတာပါပဲ။ လတ်တလော အခြေအနေတွေမရတော့ ရွှေဈေးပြန်ကျဖို့ အလားအလာ သိပ်မတွေ့ရဘူး” လို့ ရွှေလုပ်ငန်းရှင်တယောက်က ပြောပါတယ်။

ကမ္ဘာ့ရွှေဈေးဟာ မနေ့ ဩဂုတ် ၈ ရက်က တအောင်စ ၂၃၉၂ ဒေါ်လာ ရှိခဲ့တာဖြစ်ပြီး ဒီကနေ့မှာတော့ တအောင်စ ၂၄၂၅ ဒေါ်လာကို ရောက်ရှိနေပါတယ်။

ပြီးခဲ့တဲ့ တပတ်အတွင်း ကျပ် ၅၄၀၀ ဝန်းကျင်မှာ ရှိနေခဲ့တဲ့ အမေရိကန်ဒေါ်လာဈေးကတော့ ဒီကနေ့ ဩဂုတ် ၉ ရက်၊ မနက်ပိုင်းမှာ ၅၈၀၀ နဲ့ ဈေးဖွင့်လာခဲ့ပေမယ့် ကျပ်ငွေတန်ဖိုး အချိန်နဲ့အမျှ ကျဆင်းနေတဲ့အတွက် နေ့လယ်ပိုင်းမှာတော့ တဒေါ်လာပေါက်ဈေး ငွေကျပ် ၆၀၀၀ အထက် ရှိလာတယ်လို့ ဈေးကွက်အတွင်းက သိရပါတယ်။

“တခါမှ ဒီလိုမဖြစ်ဖူးဘူး။ နာရီပိုင်းအတွင်းမှာကို ဒေါ်လာဈေးတွေက အမျိုးမျိုးပြောင်းနေတာ။ ‌တက်ခဲ့ဖူးသမျှ ငွေဈေးတွေထဲ အမြင့်ဆုံးပဲ။ အခြေအနေက ဘာဆက်ဖြစ်မယ်မှန်း မသိတော့ ဘယ်သူမှလည်း ထုတ်မရောင်းရဲကြတော့ဘူး” လို့ နိုင်ငံခြားငွေကြေး ရောင်းဝယ်သူတယောက်က ပြောပါတယ်။

အဲဒီလိုပဲ တခြားသော ငွေလဲဈေးနှုန်းတွေလည်း မြင့်တက်နေတာဖြစ်ပြီး စင်္ကာပူဒေါ်လာ ၄၁၀၀ ကျပ်ဝန်းကျင်၊ ထိုင်းဘတ် ၁၆၂ ဝန်းကျင်၊ စတာလင်ပေါင် ၇၀၀၀ ကျပ်ဝန်းကျင်၊ မလေးရှားရင်းဂစ် ၁၂၀၀ ကျပ်ဝန်းကျင်၊ တရုတ်ယွမ် ၈၀၀ ကျပ်ဝန်းကျင်မှာ ရှိနေတာဖြစ်ပါတယ်။

#voiceofmyanmar #VOM #အခေါက်ရွှေဈေး #၇၅သိန်းနီးပါး #ဒေါ်လာ၆၀၀၀ကျော် #အတက်ကြမ်း

Related posts

Leave a Comment

VOM News

FREE
VIEW