ပြည်တွင်းထုတ် သတင်းစာ ၊ဂျာနယ် ၊စာစောင်တွေ ရောင်းအားကျဆင်းမှု နာလန်မထူနိုင်သေး

 

သြဂုတ် ၁၁ – ၂၀၂၄
KG

ယခုနှစ်ပိုင်းအတွင်းပြည်တွင်းထုတ်သတင်းစာ၊ဂျာနယ်၊စာစောင်တွေ ရောင်းအားကျဆင်းမှုဟာ ဆက်လက်ဖြစ်ပေါ်နေပြီး နာလန်မထူသေးကြောင်း သတင်းစာ၊ဂျာနယ်ဖြန့်ချိရေးကိုယ်စား လှယ်တွေက ပြောပါတယ်။

ကိုဗစ် ၁၉ ကာလမှစတင်လို့ ပြည်တွင်းထုတ်သတင်းစာ၊စာစောင်ရောင်းအားတွေကျဆင်းခဲ့သလို ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်အတွင်းမှာလည်း အဆိုးဆုံးအခြေအနေကိုဖြတ်ကျော်နေခဲ့ရပြီး လက်ရှိမှာ ရောင်းအားထက်ဝက်ခန့် ကျဆင်းနေတယ်လို့ ဖြန့်ချိရေးလုပ်ငန်းလုပ်ကိုင်သူတွေက ဆိုပါတယ်။

“သတင်းစာ၊စာစောင်ဖြန့်ချိရေးလောကရဲ့ ရွှေခေတ်က ၂၀၀၈ ခုကနေပြီး ၂၀၂၀ အထိလို့ပြောလို့ရပါတယ်။လက်ပွေ့ရောင်းတဲ့သူတွေတောင်အိမ်တွေ၊ဝိုင်းတွေဝယ်နိုင်ခဲ့တယ်။အဲဒီနောက်ကိုဗစ်ကနေစပြီး တဖြည်းဖြည်း ပါးလာလိုက်တာ၊နိုင်ငံရေးအပြောင်းအလဲဖြစ်တော့ပိုဆိုးသွားတာပေါ့။သတင်းစာပို့တဲ့သူတွေကလည်းနေ့တွက်စားစရိတ်တောင်မကိုက်တော့မလုပ်ကြတော့ပါဘူး။ဒီလုပ်ငန်းကိုစွန့်ခွာသွားကြတယ်။ဒီလောကမှာကျန်တဲ့သူတွေက လိုင်းကြီးသမားတွေနဲ့ စာပေကိုချစ်မြတ်နိုးတဲ့သူတွေဘဲကျန်ရစ်တော့တယ်”လို့ ဝါရင့်ဖြန့်ချိရေးသမားဖြစ်သူ ကိုကျော်မြင့်(ဓါတု)က ပြောပြခဲ့ပါတယ်။

ဒါအပြင် လက်ရှိပြည်တွင်းမှာထုတ်လုပ်မှုစရိတ်စကတွေမြင့်တက်လာတာကြောင့် သတင်းစာတစောင်စျေးကလည်းကျပ် ၇၀၀ နဲ့ကျပ် ၈၀၀ လောက်အထိဖြစ်နေပြီးလူတိုင်းဝယ်မဖတ်နိုင်ကြတော့တဲ့အပြင် ယခုလိုဂျာနယ်၊စာစောင်တွေရောင်းပါးကျဆင်းရတာဟာ ပြည်သူတွေခမျာမှာလည်းစားဝတ်နေရေးခက်ခဲတဲ့ကာလကိုဖြတ်သန်းနေရတာကြောင့်ဖြစ်တယ်လို့ သူက ဆက်ပြီးပြောပြခဲ့ပါတယ်။

“အခုအပါတ်စဥ်ထုတ်ဝေတဲ့စာစောင်တွေကသိပ်မရှိတော့ဘူးလေ။ဘာရှိမလဲဆို ပြည်မြန်မာတို့ ၊ ဘောလုံးစာစောင်က Sports Eleven တို့ စနေနေ့ဆိုအားကစားစာစောင်တွေလောက်ပဲထွက်တယ်။ကျွန်တော်ဆိုသတင်းစာဖြန့်ချိရေးလုပ်သက်နှစ်ပေါင်းသုံးဆယ်ရှိပါပြီ။အခုအချိန်အထိသတင်းစာပို့နေတုန်းပါဘဲ။အခုတော့အစိုးရသတင်းစာတွေဖြစ်တဲ့ကြေးမုံ၊မြန်မာ့အလင်းတို့ ရဲ့ ရောင်းအားနဲ့ပဲခြေကန်ထားရတာပေါ့။ပုဂ္ဂလိကသတင်းစာတွေအနေနဲ့က အခုဆိုစံတော်ချိန်နဲ့ Daily Eleven လောက်ပဲနေ့စဥ်ထွက်တော့တယ်”လို့ ကိုကျော်မြင့်(ဓါတု)က ထပ်လောင်းပြောပြခဲ့ပါတယ်။

ဒါအပြင် ထုတ်လုပ်မှုစရိတ်စကတွေမြင့်တက်လာလို့ အပတ်စဥ်ထုတ်ဝေနေတဲ့ ဘောလုံးအားကစားဂျာနယ်တောင်အပတ်စဥ်ထုတ်နိုင်ဖို့ အခက်အခဲတွေကရှိနေတယ်လို့ ထုတ်ဝေသူတယောက်ကလည်း အခုလိုဆက်ပြီးပြောပြပါတယ်။

“ဒီလပိုင်းမှာတင်ပုံနှိပ်ခစျေးတွေကတအားတက်သွားပြီ။စက္ကူစျေးတက်တယ်၊ပုံနှိပ်စက်မှာသုံးတဲ့ဆေးစျေးတက်တယ်၊ဘယ်လိုဖြစ်လာလဲဆိုတော့ပုံနှိပ်ခစရိတ်က ၂ သိန်းကျော်၊ ၃ သိန်းလောက်တက်သွားတယ်။ကျွန်တော်တို့ဆိုရင်အပတ်စဥ်ဘောလုံးဂျာနယ်ထုတ်နေတာရှိတယ်။အခုစရိတ်စကတွေတက်လာတော့တပတ်တစောင်ထုတ်ရာကနေ နှစ်ပတ်ကိုတစောင်လောက်ပဲထုတ်နိုင်တဲ့အနေအထားမျိုးဖြစ်သွားပါတယ်”လို့ သူကဆက်ပြီး ပြောပြခဲ့ပါတယ်။

Photo – CJ

Related posts

Leave a Comment

VOM News

FREE
VIEW