တောင်သာမှာ တိုက်ပွဲတွေကြောင့် အစိုးရပိုင်အထည်ချုပ်စက်ရုံ မီးလောင်

 

ဩဂုတ် ၁၂ – ၂၀၂၄
GG (VOM)

မန္တလေးတိုင်း၊ တောင်သာမြို့နယ်မှာ ဒီနေ့ဩဂုတ်လ ၁၂ ရက်နေ့မနက်အစောပိုင်းကစပြီး တိုက်ပွဲတွေပြင်းထန်နေပြီး အရပ်သားတွေကျည်ထိမှန်ထားသလို အစိုးရပိုင် အထည်ချုပ်စက်ရုံအပါ အဝင် အဆောက်အဦအချို့လည်းလက်နက်ကြီးထိမှန်ပျက်စီးမှုတွေရှိနေတယ်လို့သိရပါတယ်။

တောင်သာမြို့နယ်ရှိ အစိုးရပိုင် အမှတ်(၁၀)အထည်ချုပ်စက်ရုံ(စွပ်ကျယ်စက်ရုံ)နဲ့ တောင်သာ-မိတ္ထီလာလမ်းပိုင်းမှာရှိ ဓာတ်ငွေ့ပိုက်လိုင်းစက်ရုံရှိ နစက တပ်ဖွဲ့ဝင်တွေကို နယ်မြေခံ PDF တပ်ဖွဲ့တွေက ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ရာကနေ တိုက်ပွဲ ဖြစ်ပွားနေတာဖြစ်တယ်လို့သိရပါတယ်။

” တိုက်ပွဲဖြစ်တဲ့ဘက်တွေသွားလာလို့မရဘူးလေ။လူနာကောက်ဖို့တောင်မသွားရဲလို့ အခြေအနေကြည့်လှုပ်ရှားနေရတဲ့အခြေအနေပါ။စွပ်ကျယ်စက်ရုံမီးလောင်တယ်။တောင်သာမြို့အဝင်က ဓာတ်ငွေ့ပိုက်လိုင်းစက်ရုံမှာလည်းစစ်တပ်ရှိတော့အဲ့ဒီနေရာတွေကို ဝင်တိုက်ကြတာပါ။ကားတစီးထဲကလူနှစ်ယောက်ကျည်ထိထားတယ်။” လို့ ဒေသခံတယောက်ကပြောပါတယ်။

တိုက်ပွဲအကြားသွားလာတဲ့ ကားတစီးကျည်ထိမှန်ပြီး အရပ်သားနှစ်ယောက်ကျည်ထိမှန်ခဲ့တာဖြစ်ကြောင်း ၊ လက်ရှိမှာ ကျည်ထိမှန်ထားတဲ့ အရပ်သားနှစ်ယောက်ကို လူနာတင်ကားနဲ့မြင်းခြံကိုသယ်ဆောင်သွားနေပြီဖြစ်တယ်လို့သိရပါတယ်။

” စွပ်ကျယ်စက်ရုံမီးလောင်တာတော့မှန်တယ်။ သူကမြို့အဝင် မြင်းခြံဘက်အထွက်မှာရှိတာ။အဲ့ဘက်ကတိုက်ပွဲဖြစ်တော့မသွားရဲဘူး။မြို့ထဲတောင်အသွားအလာရှင်းပါတယ်။ စက်ရုံက အကုန်လုံးတော့ မပျက်စီးဘူးသိရတယ် “လို့ နောက်ထပ်ဒေသခံတယောက်ကပြောပါတယ်။

အဆောက်အဦကျည်ထိမှန်မှုအနေနဲ့က မနေ့ကညပိုင်းမှာ လှည်းကူးမအုပ်စု ၊ ပြဿဒ်ကြီးကျေးရွာ ကမ်းပါးယံဘုန်းတော်ကြီးကျောင်းဝန်းထဲလက်နက်ကြီးကျရောက်လို့ ကျောင်းဆောင်သုံးဆောင်ထိခိုက်ပျက်စီးခဲ့ရတာဖြစ်တယ်လို့သိရပါတယ်။

မနေ့ကလည်း တောင်သာမြို့နယ်၊ ဝဲလောင်ရွာဓာတ်အားခွဲရုံရှိ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကိုလည်း တိုက်ခိုက်ခံခဲ့ရသလို နွားထိုးကြီးမြို့ရဲစခန်းအပါအဝင် နစကလုံခြုံရေးတပ်တွေ ရှိရာစခန်းတွေကို ဒေသတွင်း လက်နက်ကိုင်အဖွဲ့တွေက တိုက်ခိုက်ခဲ့လို့ ဒေသခံတွေက ပြောပါတယ်။ လက်ရှိမှာတော့ PDF တွေဘက်က နွားကြီး -တောင်သာ – မြင်းခြံလမ်းကို ယာယီသွားလာခွင့်ပိတ်ထားပါတယ်။

Photo:CJ

#Voiceofmyanmar #vom #တောင်သာ #တိုက်ပွဲ #အရပ်သားကျည်ထိ

Related posts

Leave a Comment

VOM News

FREE
VIEW