တကောင်းမြို့မှာ တိုက်ပွဲပြင်းထန်နေပြီး အရပ်သား သေဆုံးမှုတွေ ရှိ

 

ဩဂုတ် ၁၂ – ၂၀၂၄
SS (VOM)

မန္တလေးတိုင်း၊ သပိတ်ကျင်းခရိုင်၊ စစ်ကိုင်းတိုင်းအစပ်မှာရှိတဲ့ တကောင်းမြို့မှာ တိုက်ပွဲတွေ ပြင်းထန်နေပြီး အရပ်သား ထိခိုက် သေဆုံးမှုတွေလည်း ရှိနေတယ်လို့ ‌ဒေသခံတွေက ပြောပါတယ်။

ဒေသတွင်း လက်နက်ကိုင်တပ်ဖွဲ့တွေက တကောင်းမြို့ရှိ နစက တပ်စခန်းတွေကို မနေ့ ဩဂုတ် ၁၁ ရက်၊ မနက် ၅ နာရီဝန်းကျင်မှစပြီး ထိုးစစ်ဆင် တိုက်ခိုက်နေတာဖြစ်ကာ အပြီးသတ်သိမ်းပိုက်နိုင်ဖို့ စစ်ခန်းတခုသာ ကျန်ရှိတော့တယ်လို့ သိရပါတယ်။

တိုက်ပွဲကြား လက်နက်ကြီး ထိမှန်တာ‌ကြောင့် ဒေသခံပြည်သူ အမျိုးသမီးကြီး တယောက် သေဆုံးပြီး အမျိုးသမီးငယ် တယောက်လည်း အပြင်းအထန် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

“မနေ့က တနေကုန်ပဲ တိုက်ပွဲတွေပြင်းထန်နေတာ။ မြို့ပေါ်မှာရှိတဲ့ နစကရဲ့ အထိုင်စခန်းတွေဖြစ်တဲ့ ‌တိုက်နယ်ဆေးရုံနဲ့ ရဲစခန်းက တပ်ဖွဲ့တွေ လက်နက်ချပေမယ့် တကောင်းမြို့ရဲ့ ရှေးဟောင်း လေးမျက်နှာဘုရားဝင်းထဲက တပ်တွေက လက်နက်မချလို့ တိုက်ပွဲဆက်ဖြစ်နေတာပေါ့။ မနေ့က မနက်ပိုင်းကတော့ လက်နက်ကြီးထိလို့ အရပ်သားတယောက် သေပြီး တယောက် ဒဏ်ရာရတာရှိတယ်” လို့ ဒေသခံတယောက်က ပြောပါတယ်။

တိုက်ပွဲသတင်းကြောင့် မြို့ခံအများအပြားကတော့ ပြီးခဲ့တဲ့ ရက်သတ္တပတ်မှစတင်ကာ ဘေးလုပ်ရာကို ရှောင်တိမ်းကြပြီးဖြစ်ပေမယ့် တချို့ကျေးရွာတွေထဲမှာတော့ ဒေသခံအနည်းငယ် ကျန်ရှိနေသေးတယ်လို့ သိရပါတယ်။

ဒါအပြင် တကောင်းမြို့အတွင်း ဖုန်းနဲ့ အင်တာနက်လိုင်းတွေလည်း ဖြတ်တောက်ခံထားရကာ ဖုန်းဆက်သွယ်လို့ရတဲ့နေရာ အနည်းငယ်သာရှိပြီး MPT ဖုန်းလိုင်းတမျိုးသာ ရံဖန်ရံခါ လိုင်းမိတယ်လို့ သိရပါတယ်။

တကောင်းမြို့ဟာ ဧရာဝတီမြစ်ကမ်းနံဘေးမြို့ဖြစ်ပြီး မြောက်ဘက်မှာ ထီးချိုင့်၊ တောင်ဘက်မှာ သပိတ်ကျင်း၊ အနောက်မြောက်ဘက်မှာ ကောလင်းမြို့၊ အနောက်တောင်ဘက်မှာ ကျွန်းလှမြို့၊ အရှေ့ဘက်မှာ မဘိမ်းမြို့တို့ တည်ရှိကာ ၂၀၁၄ ခုနှစ်၊ သန်းခေါင်စာရင်းအရ မြို့ပေါ်မှာ လူဦးရေ ၈၁၀၀ ကျော်၊ ကျေးလက်မှာ လူဦးရေ နှစ်သောင်း ခုနစ်ထောင့်ခုနစ်ရာကျော် နေထိုင်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၂၀ ရက်နေ့ကလည်း တကောင်းမြို့၊ အင်းနက်ကျေးရွာရှိ နစကရဲ့ ဆက်သွယ်ရေး တာဝါတိုင်ကုန်းစခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက် သိမ်းယူခဲ့တယ်လို့ သိရပါတယ်။

တကောင်းမြို့ဟာ စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နဲ့ မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့ကြား တည်
ရှိပြီး အင်းနက်ကျေးရွာဟာ ထီးချိုင့်မြို့နဲ့ ပိုနီးကာ တရုတ်စီမံကိန်းတခုဖြစ်တဲ့ တကောင်းနီကယ်စက်ရုံအနီး တည်ရှိပါတယ်။

အဲဒီ ထီးချိုင့်မြို့နယ်ရှိ တကောင်းနီကယ်စက်ရုံကိုလည်း KIA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက ပြီးခဲ့တဲ့ ဇူလိုင်လအတွင်း ထိန်းချုပ်ထားပြီး ဖြစ်တယ်လို့ သိရပါတယ်။

တကောင်းနီကယ်စက်ရုံကို လုံခြုံရေးယူထားတဲ့ စစ်သားနဲ့ ရဲအင်အား အယောက် ၅၀ ခန့်ဟာ လက်နက်ချဖို့အတွက် အဲဒီဒေသက PDF အထူးတပ်ဖွဲ့ကို ဇူလိုင်လ ၂၆ ရက်နဲ့ ၂၇ ရက်နေ့တွေမှာ ကမ်းလှမ်းလာခဲ့တာကြောင့် အဲဒီ စက်ရုံကို ထိန်းချုပ်နိုင်ခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။

Photo:CJ

#voiceofmyanmar #VOM #မန္တလေးတိုင်း #တကောင်းမြို့ #တိုက်ပွဲ #ပြင်းထန် #အရပ်သား #ထိခိုက် #သေဆုံးမှုရှိ

Related posts

Leave a Comment

VOM News

FREE
VIEW