စက်သုံးဆီ အခက်အခဲကြောင့် ကျောင်းဖယ်ရီကားတွေ ရပ်နားမှုရှိလာလို့ ကျောင်းသားတွေ အခက်တွေ့

 

ဩဂုတ်-၁၄-၂၀၂၄
Ms(VOM)

စက်သုံးဆီ ရရှိမှုခက်ခဲလာလို့ ကျောင်းဖယ်ရီတွေ ပြေးဆွဲမှုရပ်နားဖို့ ပုဂ္ဂလိက ကိုယ်ပိုင်ကျောင်းအချို့မှာ အသိပေးလာမှုတွေရှိလာတဲ့အတွက် ကျောင်းသားတွေ ကျောင်းတတ်ကြဖို့ အခက်ခဲတွေဖြစ်ပေါ်လာကြောင်း ပညာရေးအသိုင်းအဝိုင်းကနေသိရပါတယ်။

လတ်တလော စက်သုံးဆီအခက်ခဲကို တနိုင်ငံလုံး ခံစားနေရသလို ပညာရေးကဏ္ဍမှာလည်း ဂယက်ရိုက်မှုတွေ ဖြစ်နေရာ ကျောင်းဖယ်ရီမောင်းနှင်ပြေးဆွဲသူတွေက စက်သုံးဆီ ဝယ်ယူရမှုခက်ခဲလာလို့ ဖယ်ရီတွေပြေးဆွဲတာကို ရပ်နားဖို့ ကျောင်းတွေကို တိုင်ပင်ကာ စီးနင်သူကျောင်းသားတွေနဲ့ ၎င်းတို့ရဲ့မိဘတွေကို အသိပေးထားတယ်လို့ ဆိုပါတယ်။

” ဖယ်ရီမပြေးတော့ဘူးဆိုတော့ ကျွန်မတို့ ကလေးတွေဘယ်လိုကျောင်းတက်ကမလဲ။ အိမ်နဲ့ကျောင်းကဝေးတော့ ဖယ်ရီစီးရတာလေ ၊ လမ်းလျှောက်သွားလို့ရတာလည်းမဟုတ်ဖူး။ ဖယ်ရီနားရင် ကျောင်းပိတ်ပေးဖို့ ကျောင်းကိုပြောတော့လည်း ကျောင်းကတော့မပိတ်ပါဘူးတဲ့ ။ ကလေးကို ဘယ်လိုနည်းလမ်းနဲ့ကျောင်းပို့ရမှန်းကိုမသိတော့ပါဘူးလို့” မြောက်ဒဂုံမြို့နယ်က ပုဂ္ဂလိက ကိုယ်ပိုင်ကျောင်းတခုမှ ကျောင်းသားမိဘ တယောက်ကပြောပါတယ်။

ပုဂ္ဂလိကကိုယ်ပိုင်အထက်တန်းကျောင်းတွေကို စီမံခန့်ခွဲမှုပေးနေတဲ့ အဖွဲ့အစည်းအနေနဲ့လည်း စက်သုံးဆီအခက်ခဲအတွက် သက်ဆိုင်ရာ ထံ တင်ပြရာမှာ ဆီကိုခွဲတမ်းနဲ့ပေးနေတာဖြစ်လို့ အလှည့်ကျမှသာ ဆီရရှိနိုင် ကြောင်း ပြန်လည်ပြောဆိုထားတယ်လို့သိရပါတယ်။
” ဖယ်ရီတွေကို ဓာတ်ဆီပေးဖို့ ပုဂ္ဂလိကကျောင်း အတော်များများက သက်ဆိုင်ရာထံ တင်ပြပေးဖို့ပြောလာကြလို့ ပြောပေးတော့ အဲဒီ့သက်ဆိုင်ရာကလည်း သူတို့ကိုယ်တိုင်ကလည်း ခွဲတမ်းနဲ့ရနေတာလို့ ပြောတယ်။ ကျောင်းတွေကိုလည်း ဆီကမရှိတာမဟုတ်ပေမယ့် အလှည့်ကျရင် ရနိုင်လို့ ခွဲတမ်းနဲ့ရနေတာလို့ပြောပေးပါတဲ့။ ခွဲတမ်းကဘယ်လောက်ထိကြာမလဲ မသိဘူး ။ ကျောင်းဆိုတာနေ့တိုင်းဖွင့်နေတာလေ ခွဲတမ်းနဲ့ကတော့ဘယ်လိုမှ အဆင်မပြေနိုင်ပါဘူး။ ဒီအတိုင်းဆို ကလေးတွေပညာရေးအတွက် စိတ်ပူတယ်။ စက်သုံးဆီမရှိတာက ကျောင်းတွေကိုပါ ဂယက်ရိုက်တော့မှာလေ”လို့ ပုဂ္ဂလိကကိုယ်ပိုင်အထက်တန်းကျောင်းတွေ ကို စီမံခန့်ခွဲမှုပေးနေတဲ့ အဖွဲ့အစည်း က တာဝန်ရှိသူ တယောက်ကပြောထားပါတယ်။

ပုဂ္ဂလိက ကျောင်းအချို့အနေနဲ့လည်း စက်သုံးဆီပြဿနာကို ဖြေရှင်းဖို့ တရားဝင်ဆီဆိုင်တွေကနေ ဝယ်ယူမှုခက်ခဲပါက မှောင်ခိုဆီဈေးဖြင့် ကျောင်းဖယ်ရီပြေးဆွဲပေးဖို့ စီစဉ်မှုတွေရှိခဲ့ပေမယ့်လည်း မှောင်ခိုဆီပင်ဝယ်မရတော့တဲ့ အခြေအနေဖြစ်နေတယ်လို့ဆိုပါတယ်။

” ကလေးတွေ ကျောင်းမတက်ရမှာ စိတ်ပူလို့ ဆီမရလည်း ရတဲ့နေရာက မှောင်ခိုပဲဖြစ်ဖြစ် ဝယ်သုံးဖို့စိတ်ကူးထားတာ ခက်တာက အဲဒီမှောင်ခိုတောင်ဘယ်မှာမှ ရှာဝယ်မရတော့ ကျွန်တော်တို့ကျောင်းလည်း မဖြစ်ဖြစ်အောင်ဖယ်ရီဆွဲပေးဖို့ စီစဉ်ခဲ့ပေမယ့် လက်လျော့လိုက်ရတယ်လို့” ကမာရွတ်မြို့နယ်က ပုဂ္ဂလိကကျောင်းပိုင်ရှင် တယောက်ကပြောပါတယ်။

ကျောင်းဖယ်ရီများကို လခပေးစီးနင်းကြတဲ့ ကျောင်းသားကျောင်းသူတွေအနေနဲ့ ဖယ်ရီပြေးဆွဲမှု ယာယီရပ်နားတာတွေကြောင့် ကျောင်းပျက်မှုတွေ ရှိလာနိုင်ပြီး ကျောင်းစာသင်ကြားမှု အတွက် အခက်ခဲတွေကြုံတွေ့လာနိုင်တယ်လို့လည်းသိရပါတယ်။

စက်သုံးဆီ ဂယက်ကြောင့် နိုင်ငံတွင်း က စီးပွားရေးကဏ္ဍ မှစလို့ လူမှုရေး ၊ ကျန်းမာရေး နဲ့ ပညာရေးကဏ္ဍတွေအထိ နောက်ဆက်တွဲအခက်အခဲပြဿနာတွေ ကြုံတွေ့နေရပါတယ်။

Phot:CJ

#Voiceofmynmar #VOM #ရန်ကုန် #စက်သုံးဆီအခက်အခဲ #ကျောင်းဖယ်ရီ #ရပ်နားမှ

Related posts

Leave a Comment

VOM News

FREE
VIEW