ကလေးမြို့မှာ လေယာဥ်လက်မှတ်စျေးနှုန်းတွေ ထပ်မံ မြင့်တက်လာ

 

ဩဂုတ် ၁၄ – ၂၀၂၄
SN (VOM)

စစ်ကိုင်းတိုင်း၊ ကလေးမြို့ကနေ မြန်မာပြည် အောက်ပိုင်းဘက်ကိုပြေးဆွဲနေတဲ့ လေယာဥ်လက်မှတ်ခ ဈေးနှုန်းတွေဟာ အရင်ကထက် ကျပ် သုံးသောင်းခွဲလောက် ထပ်မံမြင့်တက်လာတယ်လို့ ဒေသခံတွေနဲ့ လက်မှတ် အရောင်းကိုယ်စားလှယ်တွေဆီက သိရပါတယ်။

ဩဂုတ် ၁၃ ရက်က စတင်ကာ ဈေးနှုန်း ပြောင်းလဲသွားတာဖြစ်ပြီး အရင်က ကလေး-ရန်ကုန် လေယာဉ်လက်မှတ်ဈေးဟာ ကျပ် လေးသိန်းလေးသောင်းကနေ လေးသိန်း ခုနစ်သောင်းငါးထောင်ကျပ်၊ ရန်ကုန်-ကလေး လေယာဉ်လက်မှတ်ဟာ ကျပ် သုံးသိန်းရှစ်သောင်း ငါးထောင်ကနေ သုံးသိန်းကိုးသောင်း ငါးထောင်ကျပ်၊ ကလေး-မန္တ‌လေး‌ လေယာဉ်လက်မှတ်ဈေးက အသွားအပြန် တသောင်းဝန်းကျင်နဲ့ က‌လေး-မုံရွာလက်မှတ်ဈေးဟာ အသွားအပြန် ကျပ် နှစ်သောင်းခွဲအထိ မြင့်တက်သွားပါတယ်။

“ကလေးလေယာဉ် လက်မှတ်ဈေးက အခုနောက်ပိုင်း ထပ်တက်သွားတယ်။ တခြားမြို့တွေက လေယာဉ်လက်မှတ် ဈေးတွေကတော့ ခုရက်ပိုင်းထဲ မတက်သေးဘူး။ ကလေးမြို့တခုတည်း တက်လာတာ။ လက်ရှိကတော့ MNA (မြန်မာ့လေကြောင်း) တလိုင်းပဲဈေးတက်သေးတယ်။ အခုက ဒေါ်လာ၊ စက်သုံးဆီကအစ အကုန်လုံး ဈေးတက်နေတာဆိုတော့လေ။ နောက်ပိုင်း တခြားမြို့၊ တခြားခရီးစဉ်တွေလည်း တက်လာနိုင်တယ်။ ကလေးမှာက လက်မှတ်ခတွေ ဈေးတက်နေပေမယ့်လည်း သွားတဲ့သူတွေကတော့ သွားနေကြတုန်းပါပဲ။ လူမလျော့သေးဘူး” လို့ လက်မှတ် အရောင်းကိုယ်စားလှယ် တယောက်က ပြောပါတယ်။

ကလေးမြို့ကနေ မြန်မာပြည်အောက်ပိုင်းဘက်ကို သွားဖို့ရာမှာ ကုန်းလမ်းကြောင်းက တိုက်ပွဲတွေနဲ့ လမ်းကြော ပိတ်ဆို့မှုတွေကြောင့် လေကြောင်းခရီးကို အသုံးပြုသူ များလာတာလို့ ကလေးမြို့ခံတွေက ပြောပါတယ်။

“စျေးကတော့ အရမ်းတက်လာတယ်။ အရင်ကဆို ဒီလိုမဟုတ်ဘူး။ တဖြည်းဖြည်းနဲ့ တက်လာတာ။ တသောင်းခွဲတက်လိုက် တသောင်းတက်လိုက်နဲ့ တက်ပဲတက်နေတော့တာပဲ။ တချို့ဆိုရင် လက်မှတ် cancel လုပ်ထားတာကိုပါ ပေါက်စျေးက ပိုပေးပြီး ဝယ်နေတဲ့လူတွေရှိတယ်” လို့ ဒေသခံတယောက်က ပြောပါတယ်။

ကလေး – ရန်ကုန် လေယာဉ်စီးနင်းခဈေးနှုန်းဟာ အခု ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလက သုံးသိန်းငါးသောင်း ကျပ်ကနေ သုံးသိန်းခြောက်သောင်းငါးထောင်ကျပ်အထိ ရှိခဲ့တာဖြစ်ပြီး ရှစ်လအတွင်း တသိန်းနှစ်သောင်း ငါးထောင်ကျပ် ထပ်မံ မြင့်တက်လာတာ ဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိ ကလေးမြို့လေဆိပ်မှာ အပတ်စဉ် တနင်္လာ၊ အင်္ဂါ၊ ဗုဒ္ဓဟူးနဲ့ ကြာသပတေးနေ့တွေမှာ တရက်ကို တကြိမ်ကနေ နှစ်ကြိမ်အထိ လေကြောင်း ပျံသန်းပြေးဆွဲမှု ရှိနေတယ်လို့ သိရပါတယ်။

ကလေးမြို့ကနေ လေကြောင်းလိုင်းနဲ့ မြန်မာပြည်အောက်ပိုင်းဘက်က မြို့တွေဖြစ်တဲ့ မုံရွာ၊ မန္တလေး၊ ရန်ကုန်မြို့တွေကို ပြေးဆွဲပေးနေပြီး အရင်က မြန်မာ့လေကြောင်း၊ ကမ္ဘောဇလေကြောင်းနဲ့ အဲသံလွင်လေကြောင်း လေကြောင်း သုံးလိုင်းနဲ့ ပြေးဆွဲခဲ့ရာကနေ အခုအခါမှာတော့ မြန်မာ့လေကြောင်းလိုင်းနဲ့ ကမ္ဘောဇလေကြောင်းလိုင်း နှစ်လိုင်းသာ ပြေးဆွဲပေးနေတယ်လို့ သိရပါတယ်။

၂၀၂၁ ခုနှစ်နောက်ပိုင်းမှာ တနိုင်ငံလုံးမှာ လေယာဉ်လက်မှတ် ဈေးနှုန်းတွေ လျော့ကျလာခြင်း မရှိသေးဘဲ နှစ်စဉ်ဆိုသလို ပိုမိုမြင့်တက်နေတာလို့ လေကြောင်းလိုင်းကို အသုံးပြုပြီး ခရီးသွားလာသူနေသူတွေက ပြောပါတယ်။

Photo:CJ

#voiceofmyanmar #VOM #ကလေး_ရန်ကုန် #လေယာဥ်လက်မှတ် #စျေးနှုန်း #ထပ်မံ #မြင့်တက်လာ

Related posts

Leave a Comment

VOM News

FREE
VIEW