စက်သုံးဆီ အခက်အခဲကြောင့် လူမှုကူညီရေးအသင်းအချို့ အရေးပေါ်လူနာပို့ဆောင်မှုတွေ ရပ်နား

 

သြဂုတ် ၁၆ – ၂၀၂၄
KG (VOM)

စက်သုံးဆီဝယ်ယူမရလို့ လူမှုကူညီရေးပရဟိတအသင်းများအနေနဲ့ အရေးပေါ်လူနာလမ်းကြောင်းပို့ဆောင်ဖို့ အခက်တွေ့နေရပြီး အချို့သောလူမှုရေးအသင်းတွေအနေနဲ့ ဆီမရှိလို့ ကားတွေကိုရပ်နားထားရတယ်လို့ ရန်ကုန်မြို့ အခြေစိုက်လူမှုကူညီရေးအသင်းများထံကနေ သိရပါတယ်။

ပြီးခဲ့တဲ့လပိုင်းတွေကစလို့ ရန်ကုန်မြို့ အပါအဝင် တိုင်းနဲ့ပြည်နယ်အသီးသီးမှာ စက်သုံးဆီပြတ်လပ်ပြီးဝယ်ယူရခက်ခဲတဲ့ကိစ္စရပ်တွေရှိလာသလို စက်သုံးဆီအခက်အခဲကြောင့်ဆီဆိုင်တွေမှာ ဆီရရှိဖို့အတွက်တန်းစီစောင့်ဆိုင်းနေရတဲ့ကားတန်းရှည်ကြီးတွေကိုလည်းနေ့စဥ်တွေ့ မြင်နေရတယ်လို့ ဆိုပါတယ်။

“စက်သုံးဆီကဝယ်မရဘူးပေါ့။အခုဘယ်လိုလေးအခက်အခဲဖြစ်နေလဲဆိုတော့အားလုံးကတန်းစီစနစ်ပဲ၊ဆီဝယ်မရဘူး။လူနာမပါရင်တန်းစီပဲလေသူတို့ကလူနာပါရင်တော့ရောင်းပေးတယ်။လူနာမပါရင်တော့တန်းစီပေါ့။မီးလောင်ပြင်တို့ အရေးပေါ်လမ်းကြောင်းတွေသွားတဲ့အခါမှာဆီမရှိရင်တော့မထွက်ရဘူးပေါ့နော်၊ဒါပဲပေါ့။အပြင်မှောင်ခိုစျေးကွက်တွေမှာလည်းဆီကဝယ်လို့မရပါဘူး” လို့ လူမှုကူညီရေးသမားတယောက်က ပြောပါတယ်။

နစက သတင်းထုတ်ပြန်ရေးဘက်ကတော့ ပြည်တွင်းစက်သုံးဆီလက်ကျန်အခြေအနေတွေနဲ့ ပြည်ပမှဝင်ရောက်လာမယ့် ဆီတင်သင်္ဘောတွေရဲ့ အခြေအနေများအရ စက်သုံးဆီပြတ်လပ်နိုင်ခြင်းမရှိဘူးလို့ဆိုထားပြီး စုပြုံတန်းစီဝယ်ယူနေကြတဲ့ အရောင်းဆိုင်တွေအပြင် တန်းစီဝယ်ယူမှုနည်းပါးလျက်ရှိတဲ့ အခြားအရောင်းဆိုင်တွေမှာလည်း သွားရောက်ဝယ်ယူပြီး ပြည်သူများအားလုံးက ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြဖို့ကိုလည်းအသိပေးနှိုးဆော်ထားပါတယ်။
“တို့အသင်းတွေကဘယ်လိုဖြစ်လဲဆိုတော့ ကားတွေရပ်ထားကြရတာပေါ့။ သက်ဆိုင်ရာကနေလူမှုကူညီရေးပရဟိတအသင်းတွေအတွက်သီးသန့်စက်သုံးဆီစီစဥ်ပေးတာမျိုးတော့မရှိသေးပါဘူး။ ကိုယ့်ဘာသာကိုယ်ပဲ အမြဲတမ်းရုန်းကန်လှုပ်ရှားနေရတာပါ။ဆီမရရင်တော့လမ်းကြောင်းမထွက်ရဘူးပေါ့။ကိုယ့်ဘာသာကိုယ်ပဲအဆင်ပြေသလိုရုန်းကန်ပြီးကူညီရေးလုပ်ငန်းတွေကိုဆောင်ရွက်ပေးနေရပါတယ်”လို့ ရန်ကုန်မြို့ အခြေစိုက်ပရဟိတသမားတဦးက VOM ကို ပြောပါတယ်။

ဒါ့အပြင် ပုံမှန်ကာလများထက်စက်သုံးဆီပိုမိုဝယ်ယူ နေမှုတွေရှိနေတဲ့အတွက် နေပြည်တော် အပါအဝင် ရန်ကုန်မြို့နဲ့ မန္တလေးမြို့တို့ရှိ စက်သုံးဆီအရောင်းဆိုင်အချို့မှာယာဥ်တန်းစီဝယ်ယူမှုများပြားပြီး ဆီသယ်ယာဥ်မရောက်မီကာလအတွင်း စက်သုံးဆီအမယ်အချို့ အချိန်ပိုင်းပြတ်လပ်မှုတွေဖြစ်ပေါ်နေတဲ့အတွက် အဲ့ဒီကိစ္စရပ်တွေအပေါ်မှာ ဆီပုံမှန်ဖြန့်ဖြူးပေးနေတဲ့အပြင် အရေးပေါ်ဆိုင်ရာကိစ္စရပ်များအတွက် စက်သုံးဆီတွေကို ထပ်မံတိုးမြှင့်ဖြန့်ဖြူးပေးလျက်ရှိတယ်လို့ နစက ဘက်က သတင်းထုတ်ပြန်ထားပါတယ်။

“ဆီတန်းစီတဲ့အခါကားမပိတ်ရလေအောင်ဆီဆိုင်တွေက မနက်ဖြန်ဘာဆီရမယ်၊ဘယ်အချိန်ပေးမယ်၊ကား ဘယ်နှစ်စီးစာဆိုပြီးရေးထားလိုက်ပေါ့။ဒီဇယ်ကား၊ဓါတ်ဆီကားအချိန်နဲ့ခွဲပေးလိုက်ပေါ့။ ဆိုင်ကယ်ဆိုဆိုင်ကယ် ကားဆိုကားခွဲပေးလိုက်ပေါ့။ဒါဆိုကားမပိတ်တော့ဘူး။ လာစောင့်ရတဲ့သူတွေလည်း အရမ်းဒုက္ခမရောက်တော့ဘူးပေါ့။ဆိုင်ကယ်သမားတွေဆိုမိုးရေထဲစောင့်ပြီးမှဆီ မရလိုက်သူတွေများကြီးပါ”လို့ ပြည်သူတယောက်က မှတ်ချက်ပြု ပြောပြခဲ့ပါတယ်။

ဒါအပြင် ရန်ကုန်မြို့မှာ စက်သုံးဆီဝယ်ယူရမှုအခြေအနေတွေနဲ့ပတ်သက်ပြီး လူမှုကူညီရေးသမားတယောက် ကလည်း အခုလိုဆက်ပြောပြခဲ့ပါတယ်။

“စက်သုံးဆီအခက်အခဲကတစ်ခါတစ်လေကျရင်တန်းစီရတယ်။ တခါတလေအရေးပေါ်လူနာပါလာရင်တော့ဦးစားပေးပြီးရှေ့ကနေဝင်ထည့်လိုက်လို့ရတယ်။နယ်တွေမှာကတော့အများအားဖြင့်တန်းစီရတာများတယ်။လူနာပါလာရင်တော့ဝင်ထည့်လိုက်ရင်ရတယ်။တန်းမစီရဘူးပေါ့။တချို့နယ်တွေမှာဆိုရင် လူနာတင်ယာဥ်တွေကအစ နှစ်သောင်းဖိုးဆိုနှစ်သောင်းဖိုး၊သုံးသောင်းဖိုးဆိုသုံးသောင်းဖိုးအဲ့လိုအကန့်အသတ်နဲ့ပဲရောင်းပေးတယ်။အရေးပေါ်လူနာပါလာတဲ့နေ့ကျရင်အဲ့လိုလမ်းကြောင်းတွေရှိတဲ့အခါမျိုးမှာဆီဆိုင်တွေကိုပြောပြီးတော့ဆီဝင်
ထည့်ရတာပေါ့။ဒီလိုပဲအခက်အခဲကြားကနေကူညီဆောင်ရွက်ပေးနေရပါတယ်”လို့ လူမှုကူညီရေးသမားတယောက်က ဆက်လက်ပြောပြခဲ့ပါတယ်။

ဒီလိုအခြေအနေတွေကြောင့် အခုသြဂုတ်လ ၁၄ ရက်နေ့မှာ မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေနဲ့ စက်သုံးဆီ လုပ်ငန်းရှင်တွေကို အမေရိကန်ဒေါ်လာ သန်း ၁၀၀ ပံ့ပိုးပေးဖို့စီစဉ်သွားမယ်လို့လည်း ထုတ်ပြန်ပေးခဲ့ပါတယ်။

သို့သော်လည်း သီလဝါဆိပ်ကမ်းမှာဆီထုတ်ဖို့ အခုအချိန်အထိတန်းစီစောင့်ဆိုင်းနေရဆဲဖြစ်တယ်လို့ ဆီဘောက်ဆာယာဥ်မောင်းအချို့က ဖေ့ဘွတ်စ်လူမှုကွန်ရက်နဲ့ တစ်တော့လူမှုကွန်ရက်တွေမှာရေးသား လွှင့်တင်နေကြမှုတွေလည်းရှိနေတာဖြစ်ပါတယ်။

“လမ်းကြောင်းကသိပ်မထွက်ရဲဘူး။ဆီကုန်သွားရင် ကုန်သွားတဲ့ဆီကိုဘယ်လိုက်ရှာရမှန်းမသိဘူး”လို့ ပရဟိတသမားတယောက်က ထပ်လောင်းပြောပြခဲ့ပါတယ်။

ယနေ့ သြဂုတ် ၁၆ ရက်၊နံနက်ပိုင်းအထိ ရန်ကုန်မြို့နဲ့ မန္တလေးမြို့တွေမှာ ဆီတန်းစီ၀ယ်ယူရမှုများရှိနေပြီး ဖေ့ဘွတ်စ်လူမှုကွန်ရက်ပေါ်တွင် ဆီရရှိနိုင်မယ့်နေရာများကို ပြည်သူအချင်းချင်းမေးမြန်းစုံစမ်းနေကြသည်ကိုလည်းတွေ့ မြင်နေရဆဲဖြစ်ပါတယ်။

နစက သတင်းထုတ်ပြန်ရေးဘက်ကတော့ ပြည်တွင်းစက်သုံးဆီလက်ကျန်အခြေအနေနဲ့ ပြည်ပမှဝင်ရောက်လာမယ့် ဆီတင်သင်္ဘောအခြေအနေတွေအရ စက်သုံးဆီပြတ်လပ်နိုင်မည်ဆိုတာကိုလည်းစိုးရိမ်ကြောင့်ကျမှုဖြစ်ဖို့မလိုဘူးလို့ အသိပေးထားပါတယ်။

သို့သော်လည်း ယနေ့အထိလည်းစက်သုံးဆီဝယ်ယူရမှုတွေဟာ မြေပြင်မှာအခက်အခဲတွေရှိနေပြီး အကန့်အသတ်နဲ့သာ၀ယ်ယူနေရတဲ့အတွက်အဆင်မပြေမှုတွေလည်းရှိနေဆဲဖြစ်တယ်လို့ ပြည်သူတွေက ဆိုပါတယ်။

Photo – CJ
#Voiceofmyanmar #VOM #စက်သုံးဆီ #အခက်အခဲ #ပရဟိတလုပ်ငန်း

Related posts

Leave a Comment

VOM News

FREE
VIEW