အဝေးပြေးယာဉ်လိုင်းအများစု လက်မှတ်ခဈေးနှုန်းတွေ မြင့်တက်လာ

ဩဂုတ် ၂၂ – ၂၀၂၄
SN (VOM)
လက်ရှိ ဖြစ်ပေါ်နေတဲ့ စက်သုံးဆီ အခက်အခဲတွေကြောင့် ရန်ကုန်မြို့က အဝေးပြေးယာဉ်လိုင်း အများစု လက်မှတ်ခဈေးနှုန်းတွေ မြင့်တက်လာတယ်လို့ ကားလက်မှတ် ရောင်းချသူတွေနဲ့ ခရီးသွားပြည်သူတွေဆီက သိရပါတယ်။
လက်ရှိမှာ အဝေးပြေးယာဉ်လိုင်းတွေဟာ ခရီးစဉ်တွေပေါ်မူတည်ပြီး ကားလက်မှတ်ခတွေ ဈေးနှုန်းပြောင်းလဲလာတာမှာ ရန်ကုန် – မန္တလေးနဲ့ ရန်ကုန် – တောင်ကြီး အထူးကားလက်မှတ်ခတွေက အရင် ကျပ် သုံးသောင်းရှစ်ထောင်ကနေ ကျပ် လေးသောင်းနှစ်ထောင်၊ ရန်ကုန် – ပုဂံ ခရီးစဥ်က ကျပ် သုံးသောင်းလေးထောင်ကနေ ကျပ် သုံးသောင်းရှစ်ထောင်အထိ ဈေးနှုန်းမြင့်တက်လာသလို ရိုးရိုးကားလက်မှတ်ခ ဈေးတွေဟာလည်း ကျပ် ၃၀၀၀ ကနေ ၄၀၀၀ အထိ မြင့်တက်လာတယ်လို့ သိရပါတယ်။
“ဈေးက အများကြီးခွာပြီး တက်ထားတာတော့ မရှိဘူး။ အခြေအနေပေါ်မူတည်ပြီး ဖြစ်သင့်တဲ့ဈေးနှုန်းကို ခဏတာ ပြင်ဆင်ထားတဲ့သဘောပါ။ စက်သုံးဆီ နဂိုအတိုင်း ပြန်ရလာမယ်ဆိုရင်တော့ ဈေးပြန်ကျဖို့တော့ ရှိပါတယ်။ ဒါပေမယ့် စက်သုံးဆီအခက်အခဲက ကြာနေဦးမယ်ဆိုရင်တော့လည်း အခြေအနေက တမျိုးထပ်ပြောင်းသွားနိုင်တယ်။ အသေအချာတော့ ပြောလို့မရသေးပါဘူး။ အခြေအနေ စောင့်ကြည့်ရဦးမှာပါ” လို့ အဝေးပြေးယာဉ်လိုင်းတခုမှ လက်မှတ်အရောင်းတာဝန်ခံက ပြောပါတယ်။
အခုလို စက်သုံးဆီအခက်အခဲကြောင့် အဝေးပြေးယာဉ်လိုင်းတချို့ရဲ့ ကားလက်မှတ်ခတွေဟာ ပြီးခဲ့တဲ့ ဩဂုတ် ၁၂ ရက်နေ့မှ စတင်ကာ ဈေးနှုန်း ပြောင်းလဲလာတာဖြစ်ပြီး စက်သုံးဆီဈေး အတက်အကျပေါ် မူတည်ကာ လက်မှတ်နှုန်းထားတွေ ထပ်မံပြောင်းလဲနိုင်တယ်လို့ ဆိုပါတယ်။
“ဆီက ဝယ်ရတော့လွယ်လာပြီ။ အရင်တုန်းကလောက်တော့ မကြာတော့ဘူး။ ဒါပေမယ့် တန်းစီတိုးနေရတုန်း။ အရင်ကဆို ရောက်ပြန် ထည့်ရတာလေ။ အခုက အချိန်တခုပေးပြီး တန်းစီနေရတယ်။ ဆီတိုးနေရတဲ့ ကားတွေက မထွက်နိုင်ဘူး။ ထွက်နိုင်တဲ့ကားမှာ လူကမရဘူး။ အခုကာလက မိုးရာသီဆိုတော့ ခရီးသွားကလည်း နည်းတယ်။ ဆီက ရပေမယ့် ဈေးကတက်နေတော့ အဆင်မပြေသေးပြန်ဘူး။ အရင်က ကုန်ပစ္စည်း အတင်၊အပို့တွေ ရသေးတယ်။ ခုနောက်ပိုင်း နည်းလာတော့ တွက်ခြေမကိုက်တော့ဘူး။ ခရီးစဥ်တခုအတွက် ဝန်ထမ်းစရိတ်၊ ယာဉ်ပြင်ဆင်စရိတ်တွေကလည်း ရှိသေးတာကိုး” လို့ နောက်ထပ် အဝေးပြေးယာဥ်လိုင်းတခုရဲ့ တာဝန်ခံက ပြောပါတယ်။
စက်သုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီက ဩဂုတ် ၁၈ ရက်နေ့မှာ သတ်မှတ် ထုတ်ပြန်ထားတဲ့ စက်သုံးဆီ ရည်ညွှန်းဈေးတွေကတော့ ရန်ကုန်မြို့မှာ ၉၂ ဓာတ်ဆီ တလီတာ ၂၉၉၀ ကျပ်၊ ၉၅ ဓာတ်ဆီ တလီတာ ၃၁၄၀ ကျပ်၊ ဒီဇယ် တလီတာ ၂၆၂၀ ကျပ်၊ ပရီမီယံဒီဇယ် တလီတာ ၃၂၁၀ ကျပ် ဖြစ်တယ်လို့ သိရပါတယ်။
မန္တလေးမြို့အတွက် ရည်ညွှန်းဈေးတွေကတော့ ၉၂ ဓာတ်ဆီ တလီတာ ၃၀၇၀ ကျပ်၊ ၉၅ ဓာတ်ဆီ တလီတာ ၃၂၂၀ ကျပ်၊ ဒီဇယ် တလီတာ ၂၇၀၀ ကျပ်၊ ပရီမီယံဒီဇယ် တလီတာ ၃၂၉၀ ကျပ် ဖြစ်တယ်လို့ သိရပါတယ်။
တောင်ကြီးမြို့အတွက် စက်သုံးဆီ ရည်ညွှန်းဈေးတွေကတော့ ၉၂ ဓာတ်ဆီ တလီတာ ၃၀၉၅ ကျပ်၊ ၉၅ ဓာတ်ဆီ တလီတာ ၃၂၄၅ ကျပ်၊ ဒီဇယ် တလီတာ ၂၇၂၅ ကျပ်၊ ပရီမီယံဒီဇယ် တလီတာ ၃၃၀၅ ကျပ် ဖြစ်တယ်လို့ သိရပါတယ်။
နေပြည်တော်အတွက် စက်သုံးဆီ ရည်ညွှန်းဈေးနှုန်းတွေကတော့ ၉၂ ဓာတ်ဆီ တလီတာ ၃၀၄၅ ကျပ်၊ ၉၅ ဓာတ်ဆီ တလီတာ ၃၁၉၅ ကျပ်၊ ဒီဇယ် တလီတာ ၂၆၇၅ ကျပ်၊ ပရီမီယံဒီဇယ် တလီတာ ၃၂၆၅ ကျပ် ဖြစ်တယ်လို့ သိရပါတယ်။
Photo:CJ

Related posts

Leave a Comment

VOM News

FREE
VIEW