ဖာပွန်မှာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲကြောင့် စစ်ရှောင်တွေ စားနပ်ရိက္ခာ ပြတ်လပ်နေ

စက်တင်ဘာ ၉ – ၂၀၂၄
SN (VOM)
ကရင်ပြည်နယ်၊ ဖာပွန်ဒေသမှာ မိုးတွင်းကာလအတွင်း လမ်းပန်းဆက်သွယ်ရေး အခက်အခဲကြောင့် စစ်ရှောင်ဒုက္ခသည်တွေ စားနပ်ရိက္ခာ ပြတ်လပ်မှု ဖြစ်နေတယ်လို့ စစ်ရှောင်အရေး ကူညီဆောင်ရွက်ပေးနေသူတွေဆီက သိရပါတယ်။
လက်ရှိ မိုးရာသီကာလအတွင်း မိုးသည်းထန်စွာရွာခဲ့ပြီး ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်ခဲ့ကာ လမ်းနဲ့ တံတားတွေ ပျက်စီးသွားခဲ့တာကြောင့် စစ်ဘေးရှောင်တွေဆီ စားနပ်ရိက္ခာတွေ ရောက်ရှိဖို့ အခက်အခဲများစွာ ရှိနေတယ်လို့ သိရပါတယ်။
“လမ်းပန်းဆက်သွယ်ရေးကြောင့် ရိက္ခာပို့ဖို့ ခက်ခဲနေတယ်။ ထောက်ပံ့မှုတွေလည်း မလုံလောက်တော့ဘူး။ အစားအစာနဲ့ ဆေးဝါးလိုအပ်မှုက အများဆုံးပဲ။ မိုးတွင်းကာလဆိုတော့ ဒီမှာက ငှက်ဖျားဖြစ်နေတဲ့သူတွေလည်း ရှိတယ်။ ဝမ်းလျှောဝမ်းပျက် ဖြစ်တာတော့ရှိပေမယ့် ငှက်ဖျား ဖြစ်တာလောက်တော့ မများဘူး” လို့ ဒေသအခြေစိုက် စစ်ရှောင်အရေး ကူညီဆောင်ရွက်ပေးနေတဲ့ အဖွဲ့အစည်းတခုရဲ့ တာဝန်ခံက ပြောပါတယ်။
ဖာပွန်မှာ ပြီးခဲ့တဲ့ မတ်လအတွင်းကစလို့ နစကတပ်နဲ့ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်တွေ တိုက်ပွဲ ဖြစ်ပွားနေတာကြောင့် ထွက်ပြေး တိမ်းရှောင်ရတဲ့ ဒေသခံတွေ ပိုမို များပြားလာနေပြီး လက်ရှိအချိန်အထိ အများစုက နေရပ်ကို လုံးဝမပြန်နိုင်သေးဘဲ ဆက်လက် တိမ်းရှောင်နေရဆဲဖြစ်တယ်လို့ သိရပါတယ်။
“နွေရာသီတုန်းကတော့ ထောက်ပံ့မှုတွေမရတဲ့အခါဆို တောတောင်ဥယျာဉ်ခြံထဲ လိုက်လံရှာဖွေပြီး စားသောက်နေရတော့ အဆင်ပြေနေသေးတယ်။ အခုမိုးတွင်းကာလကျတော့ သွားလို့လာလို့မရ၊ အဆင်မပြေကြတော့ဘူး။ စစ်ရှောင်အများစုကလည်း တိုက်ပွဲတွေ မငြိမ်သေးတော့ နေရပ်ပြန်ဖို့ မဖြစ်နိုင်သေးဘူး။ တောအစပ်တွေ၊ တောင်ယာတွေထဲမှာ ထွက်ပြေး တိမ်းရှောင်နေရတဲ့သူတွေလည်း ရှိနေတော့ သူတို့တွေအတွက်လည်း အမိုးအကာတွေ၊ ဆေးဝါးတွေ၊ စားနပ်ရိက္ခာ အကူအညီတွေ လိုအပ်နေတယ်” လို့ သူက ပြောပါတယ်။
ကရင်အမျိုးသားအစည်းအရုံး (KNU) ဖာပွန်ခရိုင်၊ တပ်မဟာ ၅ နယ်မြေထဲမှာ KNLA ပူးပေါင်းအဖွဲ့တွေနဲ့ နစကတပ်တို့အကြား လက်ရှိအချိန်အထိ စစ်ရေးတင်းမာမှုတွေ ရှိနေဆဲဖြစ်တယ်လို့ သိရပါတယ်။
KNU ဗဟိုရဲ့ ပြီးခဲ့တဲ့ ဇူလိုင်လအတွင်း ထုတ်ပြန်ထားချက်အရ အခု ၂၀၂၄ ခုနှစ်၊ ဇွန်လအထိ KNU ဖာပွန်ခရိုင်၊ တပ်မဟာ (၅) နယ်မြေမှာ စစ်ဘေးရှောင်နေရတဲ့ ပြည်သူဦးရေ ကိုးသောင်းနီးပါးရှိနေပြီး လူသားချင်းစာနာမှုအကူအညီတွေ ဆက်လက် လိုအပ်လျက်ရှိနေတယ်လို့ သိရပါတယ်။
Photo:CJ

Related posts

Leave a Comment

VOM News

FREE
VIEW