အင်းလေးဒေသရှိ ကျေးရွာပေါင်း၁၇၀ကျော်ရေနစ်မြှုပ်နေဆဲဖြစ်ပြီး သောက်ရေနဲ့ စားနပ်ရိက္ခာအရေးပေါ် လိုအပ်နေဆဲ

စက်တင်ဘာ ၂၉၊ ၂၀၂၄
သတင်း-ZY
ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသမှာ စက်တင်ဘာလ ၉ ရက်နေ့မှစတင်ပြီး ဒီကနေ့ စက်တင်ဘာလ ၂၈ရက်အထိ ကျေးရွာပေါင်း၁၇၀ကျော်ဟာ ရေနစ်မြုပ်နေဆဲဖြစ်ပြီး သောက်ရေနဲ့ စားနပ်ရိက္ခာအရေးပေါ် လိုအပ်နေတယ်လို့ အင်းလေးဒေသမှ ရေဘေးကူညီကယ်ဆယ်ရေး လုပ်ဆောင်နေသူေတွက ပြောပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလ ၉ ရက်နေ့မှစတင်ပြီး အင်းလေးကန်အတွင်းသို့ ရေများ တဖြည်းဖြည်းတိုးဝင်လာပြီး ရေမျက်နှာပြင် မြင့်တက်လာခဲ့ရာကနေ စက်တင်ဘာလ ၁၅ရက်မှာတော့ အင်းလေးကန်အတွင်းရှိ တစ်ထပ်အိမ်မှန်သမျှ အားလုံး အကုန်နစ်မြုပ်သွားသလို နှစ်ထပ်ခြေတံရှည်အိမ်တွေဟာလည်း အိမ်ရဲ့အောက်ထပ်တွေ နစ်မြုပ်သွားကြပြီဖြစ်တယ်လို့ ဆိုပါတယ်။
“သောက်ရေကတော့ အရင်ကတော့ ရေသန့်ဝယ်သောက်တာရှိသလို သာမန်ရေကိုပဲ ကျိုချက်ပြီး သောက်ကြတာ။ အခုက မီးမလာတော့ ရေကကျိုလို့မရဘူး၊ ရေသန့်ကလည်း လာပို့လို့ မရဘူးဖြစ်နေတယ်။ အင်းလေးက တခြားဒေသရေကြီးတာနဲ့ မတူဘူး။ တခြားဒေသက ရေကြီးရင် ၂ရက်၊ ၃ရက်နေရင် ပြန်ကျသွား ပေမယ့် အင်းလေးက ရေပြန်ကျဖို့ လနဲ့ချီစောင့်ရမှာ။ သောက်ရေအပြင် ငါးသေတ္တာတို့၊ ခေါက်ဆွဲခေါက်တို့လို တာရှည်ခံရိက္ခာတွေလည်း လိုအပ်နေတယ်။ သေဆုံး၊ ထိခိုက်ဒဏ်ရာရတာတွေလည်း အများကြီးရှိပေမယ့် စာရင်းအတိအကျရဖို့က ခက်ခဲနေသေးတယ်”လို့ ရေဘေးကူညီကယ်ဆယ်ရေး လုပ်ဆောင်နေသူ မဖူးဖူးက ပြောပါတယ်။
လက်ရှိအချိန်မှာ ရေဘေးကြောင့်တိမ်းရှောင်နေသူတွေအနေနဲ့ အဝတ်အစားတွေမလိုအပ်ပေမယ့် လျှပ်စစ်မီး မရတာကြောင့် ချက်ပြုတ်စားသောက်ဖို့ အခက်အခဲရှိနေတဲ့အတွက် အလွယ်တကူစားလို့ရတဲ့ စားစရာတွေ၊ သောက်သုံးရေနဲ့ အခြေခံဆေးဝါး၊ အမျိုးသမီးလစဉ်သုံးပစ္စည်းတွေ အရေးပေါ် လိုအပ်နေတယ်လို့ သိရပါတယ်။
ရေနစ်မြုပ်နေတဲ့ကျေးရွာတွေက ပြည်သူတွေအနေနဲ့ ဘုန်းကြီးကျောင်းတွေနဲ့ အထပ်မြင့် အဆောက်အအုံ တွေမှာ သွားရောက်ခိုလှုံနေရပြီး ကူညီလှူဒါန်းကြသူတွေနည်းပါးနေသေးတဲ့အတွက် တတ်အားသရွေ့ ပါဝင်လှူဒါန်းပေးကြဖို့ အင်းလေးဒေသပြည်သူတွေက လူမှုကွန်ရက်စာမျက်နှာတွေမှာ မေတ္တာရပ်ခံထား ကြပါတယ်။
“သောက်ရေတွေသွားလှူတဲ့နေရာမှာလည်း ရေသန့်ဘူးတွေအစား ၂၀လီတာဆန့် ဘူးကြီးတွေ သွားလှူဖို့ အကြံပေးချင်တယ်။ အခုက သောက်ရေသန့်ဘူးသေးတွေကို ကဒ်လိုက်သွားလှူနေကြတော့ အင်းလေးမှာ အမှိုက်တွေက အရမ်းထပွနေပြီ။ ပြန်လည်ထူထောင်ရေးလုပ်ဖို့အတွက်ပဲ ဆိုရင်တော့ အမှိုက်တွေက အများကြီးရှင်းရအုံးမှာ။ အခုက အလွယ်တကူနဲ့ ပေါပေါများများဖြစ်မယ့်ဟာတွေကိုပဲ သွားလှူနေကြတာ တွေ့ရတယ်။ မလိုလားအပ်ပဲ ပြန်လည်ထူထောင်ရေးလုပ်တဲ့အခါ အချိန်ကြန့်ကြာမှာစိုးလို့ပါ”လို့ ဒေသအရေး စောင့်ကြည့်လေ့လာသူ တဦးက ပြောပါတယ်။
အင်းလေးကန်အတွင်းရှိ နာမည်ကြီးထင်ရှားတဲ့ ဖောင်တော်ဦးဘုရားပါ ရေမြုပ်နေပြီး နန်းပန်စျေးမှာလည်း ရေမြုပ်နေကြောင်း၊ သာလေးကျေးရွာအုပ်စု၊ ရွာမကျေးရွာအုပ်စု၊ သပြေပင်ကျေးရွာအုပ်စု၊ တောင်ပို့နီ၊ ကေလာ၊ နန်းပန်၊ မိုင်းသောက်၊ နောင်တော၊ ရွာကြီး၊ အင်းပေါခုံစတဲ့ ကျေးရွာအုပ်စုတွေက ကျေးရွာ ၁၇၁ရွာဟာ ရေကြီးရေနစ်မြုပ်မှုကြောင့် အကူအညီတွေ လိုအပ်နေတာဖြစ်တယ်လို့လည်း သိရပါတယ်။
ပြင်ပကနေ လာရောက်လှူဒါန်းမှုတွေရှိပေမယ့် တစ်ရွာကို ပျှမ်းမျှ အိမ်ခြေ ၁၂၀ခန့်ဟာ ရေဘေးကြောင့် ရေလွတ်ရာဒေသကို တိမ်းရှောင်နေရတာကြောင့် မလုံလောက်မှုတွေ အများအပြားရှိနေသေးသလို ပြန်လည် ထူထောင်ရေးလုပ်ဖို့အတွက်လည်း ကူညီထောက်ပံ့မှုတွေလိုအပ်နေသေးတယ်လို့ သိရပါတယ်။
ဓာတ်ပုံ-CJ

Related posts

Leave a Comment

VOM News

FREE
VIEW