ကျောက်ဆည်မှာ တောင်ကျရေနဲ့ မျောပါသွားတဲ့ကား ပြန်တွေ့ပြီး ယာဉ်မောင်း သေဆုံးနေ

အောက်တိုဘာ ၂ – ၂၀၂၄
SN (VOM)
မန္တလေးတိုင်း၊ ကျောက်ဆည်မြို့နယ်မှာ တောင်ကျချောင်းရေနဲ့အတူ မျောပါသွားသွားတဲ့ ကားကို သေဆုံးနေတဲ့ ယာဉ်မောင်းနဲ့အတူ ဒီကနေ့ အောက်တိုဘာ ၂ ရက်၊ မနက် အစောပိုင်းမှာ ပြန်လည် တွေ့ရှိခဲ့ပြီဖြစ်တယ်လို့ မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ (မန္တလေးတိုင်း ဦးစီးမှူးရုံး) မှ တာဝန်ရှိသူတယောက်က ပြောပါတယ်။
အဲဒီဖြစ်စဉ်ဟာ ကျောက်ဆည်မြို့နယ်၊ ဘိလပ်မြေစက်ရုံအနီးမှာ မနေ့ အောက်တိုဘာ ၁ ရက်၊ ည ၉ နာရီဝန်းကျင်က ဖြစ်ပွားခဲ့တာဖြစ်ပြီး တောင်ကျရေအရှိန်ကြောင့် probox အမျိုးအစားယဉ်တစီးနဲ့ ယာဉ်မောင်း အမျိုးသားတယောက် မျောပါသွားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
“ဘိလပ်မြေစက်ရုံ အနီးတဝိုက်မှာပဲ ကားကို မနက် ၈ နာရီဝန်းကျင်လောက်မှာ ပြန်တွေ့ခဲ့တာပါ။ ယာဉ်မောင်းကိုလည်း ကားပေါ်မှာပဲ သေဆုံးလျက် ပြန်တွေ့တယ်။ တွေ့တာကတော့ နယ်ခံတယောက်က ပြန်တွေ့တာပါ။ သူကနေ ကျွန်တော်တို့ တိုင်းရုံးကို လှမ်းအကြောင်းကြားတာပါ” လို့ မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ (မန္တလေးတိုင်း ဦးစီးမှူးရုံး) မှ တာဝန်ရှိသူတယောက်က ပြောပါတယ်။
အဲဒီဖြစ်စဉ်ကို မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ (ကျောက်ဆည်မြို့နယ်ရုံး) ရဲ့ သတင်းပေးပို့လာမှုကြောင့် မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ (မန္တလေးတိုင်းရုံး) နဲ့အတူ အရေးပေါ် ရှာဖွေကယ်ဆယ်ရေးအဖွဲ့တွေ သွားရောက်ပူးပေါင်း ရှာဖွေရေး လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
“တောင်ကျရေနဲ့ မျောပါသွားတဲ့ ကားက ကျွန်တော်တို့ သုံးသပ်ချက်အရတော့ ရေစီးတာကို သူမသိလိုက်ဘဲနဲ့ ရေကလည်း ဒလဟော ဆင်းလာတဲ့အချိန်နဲ့ သူကားဖြတ်မောင်းတဲ့အချိန်နဲ့ ဆုံသွားတာ ဖြစ်နိုင်တယ်။ တောင်ကျ ချောင်းရေကလည်း အရှိန်အရမ်းပြင်းတယ်” လို့ ကယ်ဆယ်ရေး လုပ်ဆောင်ရာမှာ ပါဝင်ခဲ့တဲ့ ထာဝရ လူမှုကယ်ဆယ်ရေးအဖွဲ့ (ပုသိမ်ကြီးမြို့နယ်) မှ တာဝန်ရှိသူ တယောက်က ပြောပါတယ်။
မန္တလေးတိုင်းအတွင်းက မြို့နယ်တချို့မှာ မိုးအဆက်မပြတ် ရွာသွန်းနေမှုကြောင့် တောင်ကျရေတွေ အဆက်မပြတ် တရှိန်ထိုး စီးဆင်းနေပြီး ကားလမ်းရေကျော်မှုတွေ ဖြစ်ပေါ်နေတယ်လို့ သူက ပြောပါတယ်။
“မနေ့က မိုးအဆက်မပြတ်ရွာလိုက်တာ ကျွန်တော်တို့ ကယ်ဆယ်ရေးသွားတော့ ရေကျော်တွေမှာ တော်တော်လေး ရေစီးသန်နေတာတွေ့ရတယ်။ ကျောက်ဆည် ဘဲလင်းရွာ၊ စဉ့်ကိုင်ဘက်တွေ၊ နောက် ဝမ်းတွင်းနဲ့ မြစ်သားဘက်မှာရော တောင်ကျရေဆင်းတာကြောင့် ရေတော်တော်ကျော်နေတယ်လို့ ပြောတယ်။ လောလောဆယ်တော့ မိုးမရွာတော့ဘူး” လို့ သူက ပြောပါတယ်။
လက်ရှိမှာ မိုးရွာသွန်းမှုနဲ့အတူ ကင်းတားဆည်မှ ရေထုတ်လွှတ်မှုကြောင့် မန္တလေးတိုင်းအတွင်းက ဝမ်းတွင်း၊ မြစ်သားနဲ့ ကျောက်ဆည်မြို့နယ်တွေမှာ ရေကြီးရေလျှံမှုတွေ ပိုမို ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၆ ရက်မှ လက်ရှိအချိန်အထိ ဆက်တိုက် ရွာသွန်းနေတဲ့ မိုးကြောင့် ကျောက်ဆည်၊ မြစ်သား၊ ဝမ်းတွင်းမြို့နယ်တွေက မြစ်ချောင်းတွေမှာ ရေပြန်တက်လာပြီး အရင် ရေဘေးသင့် ကျေးရွာတွေ ရေဘေးဒုက္ခ ထပ်မံ ကြုံတွေ့နေရတာဖြစ်တယ်လို့ လူမှုကူညီရေးအသင်းတွေဆီက သိရပါတယ်။
အဲဒီ ဒေသတွေဟာ ပြီးခဲ့တဲ့ စက်တင်ဘာ ဒုတိယပတ်အတွင်းက ရေကြီးရေလျှံမှုကြောင့် ပျက်စီးဆုံးရှုံးမှုတွေ ရှိခဲ့ပြီး လက်ရှိမှာ ပြန်လည် ထူထောင်ရေးလုပ်ငန်းတွေ ပြုလုပ်နေချိန် ရေပြန်တက်လာတာဖြစ်တယ်လို့ သိရပါတယ်။
ဒါအပြင် မိုးကြီးမှုကြောင့် ကင်းတားဆည် ရေကျော်လာတဲ့အတွက် ရေထွက်ပေါက် နှစ်ပေါက်မှ ရေထုတ်လွှတ်နေရာကနေ မနေ့ အောက်တိုဘာ ၁ ရက်၊ နေ့လယ်ပိုင်းမှာ ရေထွက်ပေါက် လေးပေါက်ဖွင့်ပြီး ရေထုတ်လွှတ်ခဲ့တဲ့အတွက် ရေကြီးနေတဲ့ ဝမ်းတွင်း၊ မြစ်သားနဲ့ ကျောက်ဆည်မြို့နယ်ရှိ ကျေးရွာတွေမှာ ရေထပ်မံ မြင့်တက်နေတာဖြစ်တယ်လို့ သိရပါတယ်။
မြစ်သားမြို့နယ် မီးသတ်ဦးစီးမှူးရုံးရဲ့ ကြိုတင်အသိပေးချက်မှာတော့ ကင်းတားဆည် ရေလှောင်တမံဟာ မနေ့ အောက်တိုဘာ ၁ ရက်၊ နေ့လယ် ၁၂ နာရီဝန်းကျင်မှာ ဆည်ရေပြည့်အမှတ် ၆၇၇ ဒသမ ၃၂ ပေမှာ ရှိနေတယ်လို့ ဖော်ပြထားပါတယ်။
လက်ရှိ မိုးရွာသွန်းမှုအခြေအနေကြောင့် အရင် ရေပိုလွှဲရေတံခါးမှ ၁ ဒသမ ၆၄ ပေ နှစ်ပေါက် ဖွင့်လှစ်ထားရှိရာကနေ မနေ့ နေ့လယ်ပိုင်းကစပြီး ရေပိုလွှဲရေတံခါးမှ ၁ ဒသမ ၆၄ ပေ ရေထွက်ပေါက် လေးပေါက် ထပ်မံ ရေထုတ်လွှတ်မှာဖြစ်တယ်လို့ အသိပေးချက်မှာ ပါရှိပါတယ်။
ဒါကြောင့် ပန်းလောင်မြစ်ကမ်းဘေး ကျေးရွာအုပ်စုတွေအနေနဲ့ ရေထပ်မံ မြင့်တက်လာနိုင်တဲ့အတွက် ကုန်းမြင့်ရာဒေသတွေဆီ ပြောင်းရွှေ့ နေထိုင်ကြဖို့လိုအပ်တယ်လို့ အဲဒီထုတ်ပြန်ချက်မှာ အသိပေး ပြောကြားထားပါတယ်။
Photo:CJ

Related posts

Leave a Comment

VOM News

FREE
VIEW