တလနှစ်ကြိမ်ဖွင့်မယ့် ဂဏန်းငါးလုံးပါ အောင်ဘာလေအွန်လိုင်းထီ လူစိတ်ဝင်စားမှုနည်း



အောက်တိုဘာ ၅ – ၂၀၂၄
GG (VOM )

၁၀၀၀ ကျပ်တန်အောင်ဘာလေအွန်လိုင်းထီကို တလမှာ နှစ်ကြိမ်ဖွင့်လှစ်ရောင်းချပေးမယ့်အပြင် ဂဏန်းကိုလည်း အရင် ခြောက်လုံးအစား အက္ခရာ တလုံးနဲ့ဂဏန်း ငါးလုံးအဖြစ် ပြောင်းလဲရောင်းချမှာဖြစ်တယ်လို့ ပြည်တွင်းအခွန်ဦးစီးဌာန၊အောင်ဘာလေသိန်းဆုဌာနခွဲ ကသိရပါတယ်။

ဂဏန်းငါးလုံးနဲ့ပြောင်းလဲရောင်းချမယ့်အွန်လိုင်းထီကို လစဉ် ၁ ရက်နေ့မှ ၁၄ ရက်အထိရောင်းချပေးပြီး ၁၆ ရက်နေ့တိုင်းမှာ ပထမအကြိမ်ထီဖွင့်မှာဖြစ်ကြောင်း၊ဒုတိယအကြိမ်ကိုတော့ လစဥ် ၁၆ ရက်နေ့မှ လကုန်ရက်မတိုင်မီ တရက်အလိုထိရောင်းချကာ နောက်လ ၂ ရက်မှာဖွင့်လှစ်ပေးမယ်လို့သိရပါတယ်။

” ပုံမှန်ရောင်းနေကြ ထီလက်မှတ်နဲ့ကလည်းရှိပါတယ်။သူကအရင်တိုင်းပဲ။အခုကအွန်လိုင်းထီကိုပဲ အကြိမ်ရေထပ်တိုးတဲ့သဘောပါ။အွန်လိုင်းထီတော့မသိဘူး၊ကျွန်တော်တို့ ပုံမှန်တလတကြိမ်ရောင်းတဲ့ထိတောင်ရောင်းအားကထိုးကျတာကြာပြီ။ကျွန်တော်တို့တောင် ထီဆိုင်သီးသန့်ဆို မရောင်းနိုင်ဘူး။တခြားပစ္စည်းတွေနဲ့တွဲပြီးရောင်းတာမို့ တင်ထားနိုင်သေးတာပါ။” လို့ ထီရောင်းချနေသူတယောက်ကပြောပါတယ်။

အဆိုပါ အောင်ဘာလေအွန်လိုင်းထီကို Jackpot ဆု ၊ယူနစ်ဆု ၊နှစ်သိမ့်ဆုတွေနဲ့ထီဖွင့်လှစ်ပေးမှာဖြစ်ရာ Jackpot ဆုကို သုံးကြိမ်ရွေးချယ်ဖွင့်လှစ်မှာဖြစ်လို့ သုံးကြိမ်အတွင်းကံထားရှင်ထွက်ပေါ်လာခဲ့ရင်ဆုကို ရရှိမှာ ဖြစ်ကြောင်းနဲ့အကယ်၍ကံထူးရှင်မပေါ်ပါက နောက်တကြိမ်ထီဖွင့်ပွဲမှာ ပေါင်းထည့်ပေးသွားမယ်လို့သိရပါတယ်။

ကံထူးရှင်ထွက်ပေါ်မလာတဲ့ Jackpot ထီငွေသားဆုကို ၆ ကြိမ် ( ၃လ)အထိထပ်ပေါင်းပေးပြီး ၆ ကြိမ်မြောက်မှာတော့ ကံထူးရှင်မထွက်ပေါ်မချင်း ရွေးချယ်ပေးမှာဖြစ်ကြောင်း ၊ယူနစ်နဲ့နှစ်သိမ့်ဆုကိုတော့ ထီဖွင့်ရက်တိုင်းမှာပေါက်မဲနံပါတ်ထွက်ပေါ်လာတဲ့အထိ ရွေးချယ်သွားမယ်လို့သိရပါတယ်။

” ပုံမှန်ခေတ်ကောင်းနေတဲ့ကာလဆိုရင်တော့ ဒါစိတ်ဝင်စားစရာကောင်းတယ်ပြောရမှာပေါ့။သူတို့ကတော့ လူစိတ်ဝင်စားပြီးရောင်းအားကောင်းအောင်လုပ်တာလို့မြင်တယ်။ဒါပေမယ့် သိပ်စိတ်ဝင်စားကြမယ်မထင်ပါဘူး။ကျွန်တော့အမြင်ပေါ့။အွန်လိုင်းကနေ ထိုးနေကြသူတွေကတော့ ထိုးကြမှာပေါ့။ နယ်ဘက်တွေကပိုဆိုးမယ်။” လို့ ပြည်သူတယောက်ကပြောပါတယ်။

ထီလက်မှတ်ဖိုးငွေပေးချေခြင်းနဲ့ ဆုငွေထုတ်တာကတော့ အရင်အောင်ဘာလေအွန်လိုင်းထီအတိုင်းဖြစ်ပြီး လက်ရှိမှာ ဂဏန်း ၆ လုံးအစား ဂဏန်း ၅လုံးပြောင်းလဲလိုက်တဲ့အတွက် အောင်ဘာလေအက်ပလီကေးရှင်းကို ပြင်ဆင်မှုတွေလုပ်နေတာကြောင့် အောက်တိုဘာ ၁၅ရက်မှသာ အွန်လိုင်းကနေထီလက်မှတ်ကံစမ်းနိုင်မှာဖြစ်ပါတယ်။

“ အင်တာနက်ဆက်သွယ်ရေး မတည်ငြိမ်တာတချက်၊ ဘယ်လို့ပုံစံ ထီထိုးရတယ်ဆိုတာ လူတိုင်းရင်းနှီးကျွမ်းဝင်မှုမရှိတာက တချက် ။ နောက်ပြီး လက်ရှိအခြေအနေတွေကြောင့်ရယ်။ စိတ်ဝင်စားမှုနည်းတဲ့အကြောင်းတွေထဲမှာ ဒါတွေအဓိက ပါလိင်္မ့မယ် ” လို့ နည်းပညာကျွမ်းကျင်သူ တယောက်က သုံးသပ်ပါတယ်။

အောင်ဘာလေအွန်လိုင်းထီကို ၂၀၂၃ ခုနှစ် ဇွန်လမှာ စတင်ရောင်းချခဲ့ပြီး အက္ခရာတလုံးနဲ့ ဂဏန်း ခြောက်လုံး ဖြစ်ပြီး အမြင့်ဆုံးဆုမှာ ကျပ် သိန်း ၅၀၀ နဲ့ တလတကြိမ်ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။

အောင်ဘာလေအွန်လိုင်းထီကိုသာ ဂဏန်း ငါး လုံးအဖြစ်ပြောင်းလဲလိုက်ပေမယ့် ပုံမှန်လစဥ် ၁ ရက်နေ့တိုင်းဖွင့်လှစ်တဲ့ ဂဏန်း ခြောက်လုံးထီကိုတော့မပြောင်းလဲဘဲ အရင်အတိုင်းရောင်းချပေးမှာ ဖြစ်တယ်လို့သိရပါတယ်။

၂၀၂၁ ခုနှစ်ကစပြီး ပြည်တွင်းမှာစတင်ဖြစ်ခဲ့တဲ့ နိုင်ငံရေးမတည်ငြိမ်မှုတွေအကြားမှာ အောင်ဘာလေထီထိုးတဲ့နူန်းလည်းသိသိသာသာလျော့ကျလာခဲ့ပြီး ထီအရောင်းဆိုင်အများအပြားလည်း အရောင်းရပ်ကာလုပ်ငန်းတွေပြောင်းလဲလုပ်ကိုင်ခဲ့ကြရပါတယ်။

Photo: MOI

Related posts

Leave a Comment

VOM News

FREE
VIEW