နမ့်စန်မှာ တကျော့ပြန် ရေကြီးနေ

အောက်တိုဘာ ၅၊ ၂၀၂၄
ZY(VOM)
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့ပေါ်မှာ အောက်တိုဘာလ ၄ရက်၊ မနက်ပိုင်းအချိန်က စတင်ပြီး မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးရေလျှံမှုစတင်ဖြစ်ပွားကာ ရေဝင်ရောက်လာရာကနေ ဒီကနေ့ မနက်၉နာ ဝန်းကျင်အထိ ရေမြင့်တက်လာတာကြောင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ လိုအပ်နေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
ရေမြင့်လာမှုကြောင့် မြို့ပေါ်အနိမ့်ပိုင်းရပ်ကွက်ရှိ အဆောက်အအုံတွေဟာ ငါးပေခန့် ရေနစ်မြှစ်နေပြီဖြစ်ပြီး လူ၊ ကား၊ ဆိုင်ကယ်တွေလည်း သွားလာရလို့ မရတော့တာကြောင့် ဒေသခံတွေကတော့ အမြင့်ပိုင်းရပ်ကွက်ရှိ ဘာသာရေး အဆောက်အအုံတွေနဲ့ နေအိမ်တွေမှာ သွားရောက်ခိုလှုံနေရတယ်လို့ သိရပါတယ်။
“ပြီးခဲ့တဲ့ အကြိမ် ရေကြီးတုန်းကလည်း အကုန်ပျက်စီးကုန်တာ၊ အိပ်ယာတောင် မကျန်ဘူး။ အခုလည်း ထပ်ကြီးနေပြီ။ ရေပြန်ကျသွားလို့ အကုန်သန့်ရှင်းရေးလုပ်ပြီး ပင်ပန်းနေကြတဲ့အချိန်မှာ ရေက ပြန်ကြီး လာတော့ ထပ်ပြီး စိတ်ဆင်းရဲရပြန်တယ်။ ကလေးတွေလည်း စာမသင်ရ၊ လူကြီးတွေလည်း စိတ်ကော၊ လူကော ပင်ပန်းကုန်ကြပြီ။ ရပ်ကွက်ထဲမှာကို လှေနဲ့ပဲ ကြိုးတန်းပြီး ထွက်နေရတယ်။ ဒီတိုင်း ဘယ်လိုမှ သွားလို့မရတော့ဘူး”လို့ ဒေသခံ ကိုသက်ထွန်းက VOMကို ပြောပါတယ်။
ရေမြင့်တက်လာမှုကြောင့် လူနဲ့ တိရိစ္တာန်တွေ ထိခိုက်ဒဏ်ရာရတာ မရှိပေမယ့် နေအိမ်အဆောက်အုံတွေနဲ့ ပရိဘောပစ္စည်းတွေ၊ အိပ်ယာနဲ့ အဝတ်အစားအသုံးအဆောင်ပစ္စည်းတွေ၊ စားနပ်ရိက္ခာတွေ ပျက်စီးဆုံးရှုံးမှုတွေ ရှိနေတာကြောင့် အခက်ကြုံနေရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၀ရက်ကနေ ၂၃ရက်နေ့အထိတုန်းကလည်း နမ့်စန်တစ်မြို့လုံးနီးပါး ရေကြီးရေနစ်မြှုပ်မှု ဖြစ်ပွားခဲ့ပြီး နေအိမ်အများအပြား ထိခိုက်ပျက်စီးခဲ့သလို ဒေသခံ ၁၃ဦးခန့် ထိခိုက်ဒဏ်ရာ ရရှိမှုဖြစ်ပွားခဲ့တယ်လို့လည်း သိရပါတယ်။
ဓာတ်ပုံ-KH

Related posts

Leave a Comment

VOM News

FREE
VIEW