သန်းခေါင်စာရင်း မကောက်ဘဲနဲ့ ကောက်ယူပြီးကြောင်း စာကပ်ကာပြန်ထွက်သွားလို့ ဝေဖန်မှုတချို့ရှိ



အောက်တိုဘာ ၅ – ၂၀၂၄
GG(VOM)

သန်းခေါင်စာရင်း ကောက်ယူရာမှာ မြေပြင်မှာအမှန်တကယ်မကောက်ဘဲနဲ့ စာရင်းကောက်ယူပြီးစီးကြောင်း နေအိမ်မှာ စာကပ်သွားတာမျိုးတွေဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။

မန္တလေးတိုင်း၊ မဟာအောင်မြေမြို့နယ်ထဲက ရပ်ကွက်အချို့မှာ သန်းခေါင်စာရင်းကောက်ယူသူတွေက နေအိမ်အချို့ကို သန်းခေါင်စာရင်း အသေးစိတ်ကို စာရင်းကောက်တာမျိုးမလုပ်ဘဲ ကောက်ယူပြီးကြောင်းစာကိုသာကပ်သွားကြတာဖြစ်တယ်လို့ သိရပါတယ်။

သန်းခေါင်စားရင်းမကောက်ဘဲ ကောက်ယူပြီးကြောင်းစာကပ်ခံခဲ့ရတဲ့ တရားလွှတ်တော်ရှေ့နေပြောပြတာ က
“အိမ်မှာဖြစ်တာ။ဆရာမတယောက်လာတယ်။သန်းခေါင်စာရင်းကောက်မယ်ဆိုတော့ ဆရာ့အမျိုးသမီးက ခဏစောင့်ပါပြောတာကို မကောက်ဘဲ အဲဒီမှာပြန်သွားတာပဲ။ အဲဒီမှာအမျိုးသမီးက ဆရာ့ကိုလှမ်းဖုန်းဆက်တော့မှ ဆရာကရပ်ကွက်အုပ်ချုပ်ရေးမှူးကိုလှမ်းဖုန်းဆက်တော့ သူကလည်း ကပ်ပြီးရင်ကောက်ပြီးသွားပြီလို့ပြောတယ်။ ကျွန်တော့်အိမ်မကပ်ရသေးဘူးပြောလိုက်တယ်။ ဒါကတော့မဖြစ်သင့်တဲ့ကိစ္စလေ ။ဘေးအိမ်တွေလည်းအဲ့လိုပဲကပ်သွားတာပဲ။ခုသိရသလောက်ပေါ့လေ။သူတို့ကကောက်ပြီးပြီးကပ်လိုက်တော့ တခုခုတော့ထည့်လိုက်မယ်။ဆရာတို့အိမ်ထောင်စုဇယားတွေက ရပ်ကွက်မှာရှိတယ်လေ။ရပ်ကွက်ကအိမ်ထောင်စုဇယားအတိုင်းထည့်မှာပေါ့။တချို့ကလူပိုရှိမယ်။အိမ်ထောင်ခွဲသွားတာရှိမယ်။နိုင်ငံခြားသွားသူရှိမယ်။ဒီတော့အိမ်ထောင်စုဇယားရှိပေမယ့် ဗမာပြည်တွင်းရှိတယ် မရှိဘူးဆိုတာ အဲ့အချက်အလက်လေးတွေကအစ ကောက်တဲ့အထဲ ပါတာ ကောင်းတဲ့ အချက်အလက်လေးတွေပေါ့။” လို့ပြောပါတယ်။

နိုင်ငံတော်ကနေ စာရင်းဇယားလုပ်နေတဲ့ကိစ္စတခုမှာ တာဝန်ယူရထားသူတွေအနေနဲ့ တာဝန်ကျေအောင်လုပ်ရသင့်ကြောင်း၊ အချက်လက်မပေးလိုသူကိုတောင် အချက်အလက်အမှန်ပေးချင်စိတ်ဖြစ်လာအောင်စည်းရုံးရမယ့်အချိန်မှာ အခုလိုစာရင်းအမှန်တကယ်မကောက်ဘဲ ပြီးစလွယ်လုပ်တာဟာ နိုင်ငံတော်ကိုသစ္စာမဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

” မေမြို့ကိုရုံးချိန်းသွားတာ သူတို့ကအချက်အလက်နဲ့ပဲကောက်ရတာပဲ။ဘာမှလိုက်ပြီး ရေးမှတ်ရတာတခုမှမရှိဘူး။​ဖုန်းနဲ့ပဲလေ၊ ဘာမှအလုပ်ရှုပ်တာမရှိဘူး။ဘာခက်ခဲတာပါလဲ။ဘာခက်ခဲတာမှ မပါတဲ့ကိစ္စ ဘာ​ရေးတာမှတ်တာမပါတဲ့ကိစ္စမှာ ဒါကိုအပြစ်ပြောလို့မရဘူး။လူနေမှုကိစ္စနဲ့ဆိုင်တယ်။” သူကထပ်မံပြောပါတယ်။

လက်ရှိမှာ သန်းခေါင်စားရင်းကောက်ယူတဲ့အခါအိမ်ရှိလူဦးရေအပြင် စက်ပစ္စည်း ၊ရေဒီယို၊အိမ်သာအမျိုးအစား၊နေအိမ်အမျိုးအစား၊ ပညာအရည်အချင်း ၊ TV ရှိမရှိ ၊ အလုပ်အကိုင်၊ဖုန်းနံပါတ် စတဲ့လိုအပ်တဲ့အချက်အလက်တွေမေးမြန်းတာဖြစ်ပြီး ကောက်ယူပြီးစီးကြောင်းကို စာကပ်အသိပေးနေတာဖြစ်ပါတယ်။

သန်းခေါင်စားရင်းကောက်ယူရာမှာပါဝင်တဲ့ သူတွေကတော ဝန်ထမ်းတယောက်ကတော့
” မေးရတဲ့အချက်အလက်တွေကအတော်လေးကိုများတယ်။တဘလက်နဲ့ကောက်ရလို့သာ အဆင်ပြေတာ။စာနဲ့ရေးရမယ်ဆိုရင် တရက်ကိုဘယ်လောက်မှပြီးမှာမဟုတ်ဘူး။ လူများလေပိုကြာလေပေါ့။ကျွန်တော်တို့ကတော့ အချက်လက်များလို့မေးတာကြာတာပဲရှိမယ်။မကောက်ဘဲနဲ့တော့မပြန်ပါဘူး။အိမ်တိုင်းမှာတော့ ကောက်ပြီးရင် ကောက်ပြီးကြောင်းစာကတော့ကပ်ရပါတယ်။ ဒါမှအိမ်မထပ်အောင်ပါ။နောက်လူတွေလည်းသိအောင်ပေါ့။” လို့ပြောပါတယ်။

သန်းခေါင်စာရင်းကောက်ယူခြင်းကိုတော့ အောက်တိုဘာလ ၁ ရက်နေ့ကစပြီး တနိုင်ငံလုံးအတိုင်းအတာနဲ့စတင်ကောက်ယူနေတာဖြစ်ပြီး အဲဒီနေ့တရက်ထဲမှာတင် တနိုင်ငံလုံးမှာ လူလေးသိန်းလောက်စာရင်းကောက်ယူနိုင်ခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ပြည်လုံးကျွတ်သန်းခေါင်စာရင်းကောက်ယူပြီးစီးပါက အထွေထွေရွေးကောက်ပွဲကိုကျင်းပသွားမှာဖြစ်တယ်လို့ နစကဥက္ကဋ္ဌကပြောဆိုထားပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW