ဇန်နဝါရီ ၁၅ – ၂ဝ၂၅
KKO(VOM)
ယခုနှစ်ပိုင်းတွေအတွင်းမှာ ကျားဖြန့်လုပ်ငန်းတွေကို ထိထိရောက်ရောက်နှိမ်နင်းနေ ပေမယ့်၊ထိုကျားဖြန့်လုပ်ငန်းတွေဟာ သိသိသာသာလျော့နည်းပပျောက်သွားခြင်းမျိုးမရှိဘဲ အွန်လိုင်းငွေလိမ်ဂိုဏ်း(ကျားဖြန့်) လုပ်ငန်းတွေဟာ ရန်ကုန်မြို့မှာတောင်လှုပ်ရှားမှုတွေရှိနေတယ်လို့ အဲဒီလုပ်ငန်းနဲ့နီးစပ်ပတ်သက်သူတွေထံကနေ VOM က သိရှိရပါတယ်။
ပြီးခဲ့တဲ့ ၂ဝ၂၃ ခုနှစ်ကစလို့ ကျားဖြန့်လုပ်ငန်းတွေကို တရုတ်-မြန်မာနှစ်နိုင်ငံအစိုးရက ပူးပေါင်းပြီး ထိထိရောက်ရောက်နှိမ်နင်းဖမ်းဆီးအရေးယူတာတို့ မြန်မာနိုင်ငံအတွင်းက ဖမ်းဆီးရမိတဲ့ ကျားဖြန့်လုပ်ငန်း လုပ်ကိုင်သူတွေကို တရုတ်နိုင်ငံဘက်ကို ပြန်လည် လွဲပြောင်းပေးအပ်တာတွေကိုပြုလုပ်နေသော်လည်း ယနေ့အထိတော့ ထိုကျားဖြန့်လုပ်ငန်းတွေဟာ လျော့ပါးသွားခြင်းမရှိဘဲအွန်လိုင်းကနေ နည်းလမ်းမျိုးစုံနဲ့ ငွေကြေးလိမ်လည်ရယူနေကြဆဲဖြစ်တယ်လို့ ကျားဖြန့်လုပ်ငန်းတွေရဲ့သားကောင်ဖြစ်ခဲ့ရပြီးလိမ်လည်မှုကိုခံခဲ့ရသူတွေက ဆိုပါတယ်။
“သူတို့ကအကောင့်ပေါင်းစုံနဲ့ လူမှုကွန်ရက်တွေကိုအသုံးပြုပြီးတော့ လိမ်ကြတာပါ။ဖေ့ဘွတ်စ်ကနေ သူတို့ရဲ့ပစ်မှတ်သားကောင်တွေကိုလိုက်ရှာတယ်။စကားဝင်ရောပြီးရင်းနှီးအောင်လုပ်တယ်။နောက်တော့သူတို့ရဲ့စတော့ရှယ်ယာဈေးကွက်တွေမှာဝင်ကစားဖို့ဖိတ်ခေါ်တာစွယ်တာ ပထမကတော့သောင်းဂဏန်းလောက် ရင်းခိုင်းပြီးဝင်ကစားခိုင်းတာ အစပိုင်းမှာသူတို့ကလုပ်ငန်းကရတယ်ဆိုပြီး အမြတ်လည်းပေးတယ်။နောက်တော့မှ စတော့ရှယ်ယာဆိုတဲ့ ငွေဆတိုးတဲ့ဟာတွေကိုကစားရင်းငွေနဲ့လိုက်ရင်း၊လိုက်ရင်း ကိုယ့်ဆီကငွေတွေကသူတို့ဆ ီပါသွားတာပေါ့။ ကျွန်တော်အသိတယောက်ဆို ၃ သိန်းလောက်ပါသွားတယ်။ဖြစ်တာမကြာသေးဘူး၊ အဲဒါဟိုတလောတုန်းကမှဖြစ်တာ၊သူကမယုံလို့အဲဒီစတော့ကို ဆက်မကစားတော့တာသူ့အတွက် ကံကောင်းသွားတယ်လို့ပြောရမယ်၊ကျားဖြန့်တွေကနည်းအမျိုးမျိုးလိမ်နေကြတာပဲ၊အခုနောက်ပိုင်းပိုဆိုးလာတယ်”လို့ ရန်ကုန်မြို့နေ ပြည်သူတယောက်က ကျားဖြန့်လုပ်ငန်းတွေရဲ့လိမ်လည်မှုအကြောင်းကို ပြောပြခဲ့ပါတယ်။
မြန်မာပြည်တွင်းမှာ လူသုံးအများဆုံးဖြစ်တဲ့ ဖေ့ဘွတ်စ်လူမှုကွန်ရက်မှာလည်း မိန်းကလေးပုံစံဟန်ဆောင်ခိုင်းထားတဲ့ကျားဖြန့်အကောင့်တုပေါင်းများစွာရှိနေသလို ထိုအကောင့်တွေကနေတဆင့် လူမှုကွန်ရက်အသုံးပြုသူအမျိုး သားတွေကိုအဓိကပစ်မှတ်ထား အယုံသွင်းပြီး ငွေကြေးလိမ်လည်ရယူတဲ့ဖြစ်စဉ်မျိုးတွေလည်းများစွာရှိနေတယ်လို့ သိရပါတယ်။
“အစကတော့ သူတို့က Foreigner လောက်ပဲအဓိက ပစ်မှတ်ထားပြီးလိမ်ကြတာ တကယ့်ငွေကျနိုင်မယ်သူတွေလောက်ပဲပေါ့၊အခုကျအဲလိုမဟုတ်တော့ဘူး။ရရင်ရသလောက်ရှိသမျှလူအကုန်ပတ်လိမ်တော့တာပါပဲ”လို့ ကျားဖြန့်လုပ်ငန်းတွေနဲ့ နီးစပ်သူတယောက်က ထပ်လောင်း ပြောပြပါတယ်။
ဒါအပြင် ယခု၂ဝ၂၅ ခုနှစ်၊ဇန်နဝါရီလအတွင်းမှာ လိမ်လည်လှည့်ဖြားခံရပြီး ထိုင်း-မြန်မာနယ်စပ် မြဝတီအနီးကရွှေကုက္ကိုလ်မြို့မှာရှိတဲ့ ကျားဖြန့်လုပ်ငန်းတခုမှာ ရောင်းစားခံခဲ့ရတယ်ဆိုတဲ့တရုတ်နိုင်ငံသား သရုပ်ဆောင် Wang Xing ရဲ့သတင်းဟာလည်း လူမှုကွန်ရက် အွန်လိုင်းအသုံးပြုသူတွေကြားမှာ ဟိုးလေးတကျော်ဖြစ်ခဲ့ရပါတယ်။
အဲဒါအပြင် ပြီးခဲ့တဲ့ နှစ်ပိုင်းတွေကစလို့ ကျားဖြန့်လုပ်ငန်းတွေဟာ မြန်မာပြည်ရဲ့ မြို့ကြီးတွေအားလုံးသို့ ကျယ်ပြန့်လာသော စီးပွားရေးလုပ်ငန်းတခုအဖြစ် ပိုမိုများပြားလာခဲ့ပြီး ရန်ကုန်လိုမြို့ကြီးတွေမှာတောင်ကျားဖြန့်လုပ်ငန်းလုပ်ကိုင်သူတွေရှိနေတယ်လို့ အဲဒီလုပ်ငန်းနဲ့ နီးစပ်ပတ်သက်ခဲ့ဘူးသူတယောက်က ဆက်ပြီး ပြောပြပါတယ်။
“တချို့နယ်ဘက်က ကျားဖြန့်လုပ်ငန်းအချို့ ဟိုဘက်တွေမှာ အခြေအနေသိပ်မကောင်းတော့ ရန်ကုန်ဘက်ကိုရွှေ့လာကြတာရှိတယ်။အဲလိုပဲအွန်လိုင်းလောင်းကစားဂိမ်းပုံစံမျိုးတွေနဲ့ဝင်လာကြတယ်၊သူတို့ကိုကြည့်လိုက်ရင်လူမိုက်ဂိုဏ်းဆန်ဆန်ပုံစံမျိုးတွေပါပဲ၊ဝန်ထမ်းတွေကိုအလုပ်ခေါ်ခန့်ပြီးလစာမပေးတာမျိုးလည်းရှိတယ်။သူတို့ဆီမှာလုပ်တဲ့သူတွေက နယ်ဘက်က ကလေးတွေများတယ်။
အကုန်လုံးက ဆယ်ကျော်သက်အရွယ်တွေ နှစ်ဆယ်ပတ်ချာလေးတွေချည်းပါပဲ။သူတို့ ကအလုပ်ခေါ်ရင် နေစားငြိမ်း ခေါ်တာများတယ်။သူတို့ဆီမှာပဲနေ၊သူတို့ဆီမှာပဲလုပ်၊ အိမ်မပြန်ရဘူး။ ကျွန်တော်အဲဒီမှာအလုပ်တလသွားလုပ်ဘူးတယ်။လစာလည်းမရခဲ့ပါဘူး။လူမိုက်တွေကဝိုင်းရိုက်မယ်လုပ်လို့တောင်ပြေးနေရပါတယ်”လို့ ရန်ကုန်မြို့က ကျားဖြန့်လုပ်ငန်းတခုမှာ အလုပ်လုပ်ကိုင်ဘူးသူ တယောက်က သူတွေ့ကြုံခဲ့ရတာကို ပြောပြခဲ့ပါတယ်။
ဒီလိုအခြေအနေတွေကြောင့် အွန်လိုင်းလိမ်လည်လုပ်ငန်း(ကျားဖြန့်)တွေရဲ့ လူသစ်ဆောင်းမှုကို သတိရှိကြဖို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက သူ့နိုင်ငံသားတွေကိုသတိပေးပြောဆိုမှုတွေလည်းရှိလာတာကိုတွေ့ရှိရပါတယ်။
အဲဒီသတိပေးထုတ်ပြန်ချက်မှာ မြန်မာပြည် တွင်းက အွန်လိုင်းလိမ်လည်လုပ်ငန်း(ကျားဖြန့်)တွေရဲ့လူသစ်ဆောင်းမှုကို သတိရှိကြဖို့အပါအဝင် တရုတ်ကနေ ပြည်ပထွက်မယ့်တရုတ်နိုင်ငံသားတွေကို ရန်ကုန်မြို့မှာရှိတဲ့ မြန်မာဆိုင်ရာ တရုတ်သံရုံးက သူတို့နိုင်ငံရဲ့လူအသုံးအများဆုံး တရုတ်လူမှုကွန်ရက် ဝီချက်ကနေ ဖြန့်ဝေသတိပေးခဲ့တာဖြစ်ပါတယ်။
ဒါအပြင် အွန်လိုင်းလိမ်လည်မှုတွေအကြောင်းကို သရုပ်ဖော်ရိုက်ကူးထားတဲ့ ၄ မိနစ်ကျော်ကြာတဲ့ ဗီဒီယိုဖိုင်ကိုလည်း ဒီဇင်ဘာ ၁၀ ရက်နေ့က တရုတ်သံရုံးက သူတို့ရဲ့ သတိပေးချက်နဲ့အတူ တရုတ်လူမှုကွန်ရက် =ဝီချက်မှာ ဖြန့်ချိထုတ်လွှင့်ခဲ့ပါတယ်။
“လောက်ကိုင်မှာ အကုန်လုံးက ကျားဖြန့်တွေချည်းပဲလေ၊သူတို့အလုပ်တွေက ကျားဖြန့်နဲ့ ကင်းတာတခုမှမရှိဘူး။ကျွန်မတို့လောက်ကိုင်မှာအလုပ်သွားလုပ်တုန်းကလည်းအခြားအလုပ်နဲ့သွားတယ်ဆိုပေမယ့်၊ကျားဖြန့်နဲ့ ဆိုင်တဲ့အလုပ်တွေကို မလုပ်ချင်ပေမယ့်လည်းလုပ်ခဲ့ရတာပဲ၊ လောက်ကိုင်မှာအလုပ်လာလုပ်ဘူးတဲ့သူတွေဆိုကျားဖြန့်အကြောင်းကောင်းကောင်းသိပါတယ်”လို့ လောက်ကိုင်မှာအလုပ် သွားရောက်လုပ်ကိုင်ခဲ့ဘူးတဲ့ လားရှိုးမြို့ဒေသခံတယောက်က ပြောပြပါတယ်။
အွန်လိုင်းလိမ်လည်မှု ကျားဖြန့်လုပ်ငန်း လုပ်ကိုင်သူတွေဟာ တရုတ်-မြန်မာနယ်စပ်
တလျှောက်ကမြို့တွေဖြစ်တဲ့ မူဆယ်၊တာချီလိတ်၊လောက်ကိုင် အစရှိတဲ့မြို့တွေနဲ့ ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့အနီးက ရွှေကုက္ကိုလ်မြို့မှာ ကျားဖြန့်လုပ်ငန်းတွေကိုအများဆုံးလုပ်ကိုင်ကြတယ်လို့လည်း အဲဒီလုပ်ငန်း အသိုင်းအဝိုင်းနဲ့ နီးစပ်ပတ်သက်တဲ့သူတွေက ပြောပါတယ်။
“ရွှေကုက္ကိုလ်မပြောနဲ့ မြဝတီမှာတောင် ကျားဖြန့်လုပ်ငန်းလုပ်တဲ့သူတွေရှိတယ်လို့ ပြောတယ်။ရွှေကုက္ကိုလ်က မြဝတီနဲ့ ဆိုရင်ဆိုင်ကယ်နဲ့သွားရင် မိနစ် ၂ဝ ၊၃ဝ လောက်ပဲ၊ဒါပေမဲ့ သူတို့မြို့က ဝင်ချင်တိုင်းဝင်၊ထွက်ချင်တိုင်းထွက်လို့မရဘူး။ရွှေကုက္ကိုလ်အဝင်မှာ စစ်ဆေးရေးဂိတ်တွေရှိတယ်။အဲဂိတ်တွေမှာ ဘယ်ကုမ္ပဏီအတွက်လူသွားပို့တာပါ။ဘယ်သူပါဆိုပြီးနာမည်စာရင်းပေးထားခဲ့ရတယ်။ပြန်ထွက်လာရင်လည်းအဲ့လိုပဲသတင်းပို့ရတယ်။သွားတဲ့သူတွေကလည်းအဲဘက်ကိုသူ့အချိတ်အဆက်နဲ့သူသွားနေကြတာပါပဲ၊သိရသလောက်က ရွှေကုက္ကိုလ်မှာ ကျားဖြန့်နဲ့ ပတ်သက်တာတွေ တော်တော်များများရှိတယ်လို့ သိရပါတယ်”လို့ မြဝတီမြို့မှာ နေထိုင်တဲ့ ဒေသခံတယောက်က VOM ကို ပြောပြခဲ့ပါတယ်။
ဒါအပြင် အွန်လိုင်းလိမ်လည်လုပ်ငန်း(ကျားဖြန့်)တွေနဲ့ နီးစပ်သူတယောက်ကတော့ တာချီလိတ်၊မြ၀တီ၊လောက်ကိုင် အစရှိတဲ့ နယ်စပ်တွေမှာ “ကျားဖြန့်”လို့ခေါ်တဲ့ အလုပ်တွေအခုအထိ ခေတ်စားနေတယ်လို့ ဆိုထားပြီး သူတို့ရဲ့အဓိကပစ်မှတ်က Foreigner တွေဆီက ငွေလိမ်ရတာဖြစ်တယ်လို့ ဆိုပါတယ်။
“မိန်းကလေးပုံစံ ဟန်ဆောင်ခိုင်းပြီး ရည်းစားဖြစ်တဲ့အထိကြူရတယ်။အယုံသွင်းပြီး ရင်းနှီးမြှုပ်နှံခိုင်းတယ်။ပထမတကြိမ်၊ နှစ်ကြိမ်အမြတ်ငွေဆိုပြီးထည့်ပေးပါလိမ့်မယ်။ဟိုကယုံပြီး လွှဲလိုက်မှ Account ကို Ban လိုက်တာပါ။အလုပ်သမားအများစုက တရုတ်လေးတွေများတယ်။အလွန်ဆုံးရှိမှ ၃၀ စွန်းစွန်းလေးတွေပါ။သူတို့က တရုတ်ပြည်ကနေ ရောင်းစားခံလာကြရတာပါ၊သူတို့ ဘ၀တွေက အရမ်းသနားဖို့ကောင်းတယ်။စက်ရုပ်တွေနဲ့ မခြားပါဘူး။တနေ့ အနည်းဆုံး ၁၂ နာရီ အလုပ်လုပ်ရတယ်။တချို့အလုပ်တွေဆို အိပ်ချိန် ၅ နာရီပဲပေးတယ်။တခါတလေ မအိပ်ရဘူး။ထွက်ပြေးဖို့ကြံမိရင် တောင် မိသွားရင် အသေအရိုက်ခံရတယ်။ထွက်ပြေးဖို့ဆိုတာကလည်း ခြံဝင်းကို ၃ ထပ်လောက်ခတ်ထားတာပါ။သံဆူးကြိုးတွေကိုလဲ ညဘက်တွေမှာ လျှပ်စီးလွှတ်ထားတယ်။ပထမ တလ၊နှစ်လအဆင်ပြေလိမ့်မယ်။နောက်ပိုင်း လစာဆိုတာ အခြားသူတွေကိုလိမ်နိုင်မှရမှာပါ။မလိမ်နိုင်ရင်အကျိုးဆက်အပေါ်ကလိုပဲ၊အဲဒီထက်ဆိုးရင်တခြားအလုပ်ကိုရောင်းစားခံရလိမ့်မယ်”လို့ အွန်လိုင်းလိမ် လည်လုပ်ငန်း(ကျားဖြန့်)တွေနဲ့ နီးစပ်သူတယောက်ရဲ့ သတိပေးမှတ်ချက်ပြုပါတယ်။
အွန်လိုင်းလိမ်လည်မှု ကျားဖြန့်လုပ်ငန်း လုပ်ကိုင်သူတွေဟာ အခုနောက်ပိုင်းကာလတွေမှာ လူတန်းစားအလွှာပေါင်းစုံက ရရင် ရသလောက်လိမ်လည်နေကြတယ်လို့လည်း ဆိုပါတယ်။
“အစကတော့ သူတို့က Foreigner လောက်ပဲပစ်မှတ်ထားပြီးလိမ်ကြတာ တကယ့်ငွေကျနိုင်မယ်သူတွေလောက်ပဲ၊အခုကျအဲလိုမဟုတ်တော့ဘူး။ရရင်ရသလောက်ရှိသမျှလူအကုန်ပတ်လိမ်တော့တာပါ”လို့ ကျားဖြန့်လုပ်ငန်းတွေနဲ့ နီးစပ်သူတယောက်က ထပ်လောင်း ပြောပြပါတယ်။
ယခုနှစ်ပိုင်းတွေအတွင်းမှာ ကျားဖြန့်လုပ်ငန်းတွေကို ထိထိရောက်ရောက်နှိမ်နင်းနေပေမယ့်၊ထိုကျားဖြန့်လုပ်ငန်းတွေဟာ သိသိသာသာလျော့နည်းပပျောက်သွားခြင်းမျိုးမရှိဘဲ ကျားဖြန့်လုပ်ငန်းတွေအတွက် လစာကောင်းကောင်းပေးမယ်ဆိုတဲ့ မက်လုံးတွေနဲ့ဝန်ထမ်းအသစ်ခေါ်ယူမှုတွေကိုလည်းဖေ့ဘွတ်စ်ပေါ်က အလုပ်အကိုင်ရှာဖွေရေးဂရုတွေမှာတွေ့ရှိနေရဆဲဖြစ်တယ်လို့ အလုပ် အကိုင်ရှာဖွေရေးအသိုင်းအဝိုင်းနဲ့ နီးစပ်သူတွေက ပြောပါတယ်။
“ကျားဖြန့်တွေရဲ့အလုပ်အကိုင်ခေါ်ယူတဲ့စာ တွေကိုကြည့်ရင် HR ပိုင်း၊Digital Marketing ပိုင်း၊ဈေးကွက်အရောင်းမြှင့်တင်ရေးပိုင်းအဲ့လိုဟာကိုအများဆုံးတွေ့ရတယ်။လစာသိန်းဆယ်ချီပေးမယ်၊သိန်းဆယ်ချီရမယ်၊နေစားငြိမ်းလုပ်ရမယ်၊နယ်စပ်မှာအလုပ်လုပ်ရမယ်ဆိုရင်သေချာတယ်၊ဒါကျားဖြန့်ပါပဲ။ဟိုတလောက အလုပ်ခေါ်စာတခုလာပြလို့ကြည့်လိုက်တာ သူတို့အရေးအသားက ကြည့်တာနဲ့ ကျားဖြန့်အတွက် အလုပ်ခေါ်မှန်းသိသာလွန်းတယ်”လို့ အလုပ် အကိုင်ရှာဖွေရေးအသိုင်း အဝိုင်းနဲ့ နီးစပ်သူတယောက်က ထပ်ပြီး ပြောပြခဲ့ပါတယ်။
ဒါအပြင် Justice For Myanmar (JFM)ကတော့အွန်လိုင်းလိမ်လည်လုပ်ငန်း(ကျားဖြန့်) လုပ်ငန်းတွေနဲ့ အွန်လိုင်းကာစီနိုလောင်းကစားကုမ္ပဏီတွေမှာ မြန်မာပြည်တွင်းကလက်နက်ကိုင်အဖွဲ့အစည်းအချို့က ပါဝင်ပတ်သက်နေတယ်လို့ ဆိုထားပြီး ဒါကိုနိုင်ငံတကာက ချက်ချင်း အရေးယူဖို့ တိုက်တွန်းထားတဲ့ ထုတ်ပြန်ကြေညာချက်တစောင်ကိုလည်း ပြီးခဲ့တဲ့ နှစ်ပိုင်းအတွင်းက ထုတ်ပြန်ထားတာကိုတွေ့ရပါတယ်။
အဲဒီကျားဖြန့်လုပ်ငန်းတွေနဲ့ အွန်လိုင်းကာစီနိုလောင်းကစားကုမ္ပဏီတွေရဲ့ တရားမဝင် စီးပွားရေးလုပ်ငန်းတွေမှာ မလေးရှား၊ ထိုင်း၊ စင်ကာပူ၊ ကမ္ဘောဒီးယား၊ တရုတ်နဲ့ ဟောင်ကောင်နိုင်ငံတွေက ကုမ္ပဏီတွေနဲ့ လူပုဂ္ဂိုလ် တွေ ပါဝင်ပတ်သက်နေတယ်လို့လည်း JFM ရဲ့သုတေသန အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
Photo – CJ
Related posts
-
ဒေါ်လာဈေးပြန်တက်လာချိန် တရားမဝင် နိုင်ငံခြားငွေ ရောင်းဝယ်သူတွေကိုဗဟိုဘဏ်က ထပ်မံဖမ်းဆီးအရေးယူ
ဇန်နဝါရီ ၁၅ – ၂၀၂၅GG (VOM)ရွှေစျေးနဲ့ဒေါ်လာစျေး ပြန်မြင့်တက်လာမှုနဲ့အတူ ဗဟိုဘဏ်ကလည်း တရားမဝင် နိုင်ငံခြားငွေ... -
ကျူးဘားကို အကြမ်းဖက်အားပေးနိုင်ငံအဖြစ်ကနေ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် ပျယ်ဖျက်
ဝါရှင်တန်၊ ဇန်နဝါရီ-၁၅-၂၀၂၅ရတီ(VOM)အမေရိကန်သမ္မတဂျိုးဘိုင်ဒင်ဟာ ရာထူးကနေ မဆင်ခင်ရက်ပိုင်းအလိုမှာ ကျူးဘားကို အကြမ်းဖက်အားပေးနိုင်ငံစာရင်းကနေ ပယ်ဖျက်လိုက်တယ်လို့ ထုတ်ပြန်လိုက်ပါတယ်။ကျူးဘားအစိုးရကလည်း အနာဂတ်မှာ... -
ဖားကန့် နွံကန်ပေါက်ကျမှုမှာ ရုပ်အလောင်း ၂၀ ကျော်ကို ရှာဖွေတွေ့ရှိထား
ဇန်နဝါရီ ၁၅ – ၂၀၂၅ SN (VOM) ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊...