ဇန်နဝါရီ ၁၇- ၂ဝ၂၅
KKO(VOM)
ရန်ကုန်မှာရှိတဲ့ နယ်လိုင်စင်နံပါတ်နဲ့ ကားတွေကို ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန(ကညန)က စတင်ပြီး စာရင်းတွေကောက်ယူနေတယ်လို့ ကားလောကအသိုင်း အဝိုင်းကနေ VOM က စုံစမ်းသိရှိရပါတယ်။
“နယ်လိုင်စင်ကားတွေကို သူတို့ စပြီးစာရင်းကောက်နေတယ်လို့ ပြောတယ်။ရန်ကုန်မှာက ဧရာဝတီလိုင်စင်တို့ ပဲခူးလိုင်စင်ကားတွေပဲများတယ်။ဘာလို့စာရင်းကောက်လဲတော့မသိသေးဘူး။နယ်နှင်ဖို့လား၊အသွားအလာကန့် သတ်လိုက်ဖို့လား၊နယ်ကကားတွေရန်ကုန်မှာမောင်းလို့မရတာလား၊ရန်ကုန်ကားတွေနယ်ဆင်းလို့မရတာလား၊ဘယ်လိုလုပ်အုံးမလဲတော့မသိဘူး။စာရင်းတွေတော့စကောက်နေပြီပြောတယ်။ရန်ကုန်မှာကနယ်လိုင်စင်ကားတွေများတယ်၊ရန်ကုန်လိုင်စင်ကလည်းဟိုတုန်းထဲကပိတ်ထားတာကြာပြီလေ”လို့ ရန်ကုန်မြို့က တက္ကစီယာဉ်မောင်း တယောက်က ပြောပြပါတယ်။
ယခုလို စာရင်းတွေကောက်ယူနေပေမယ့် ရန်ကုန်မှာရှိနေတဲ့ နယ်လိုင်စင်ကားတွေကိုနယ်နှင်ဖို့ဆိုတဲ့ အကြောင်းအရာကဖြစ်နိုခြေနည်းပါးပြီး အခုစာရင်းကောက်ယူမှုဟာ တခြားသောအကြောင်းအရာတခုကြောင့် ဖြစ်နိုင်တယ်လို့လည်း ကညန အသိုင်းအဝိုင်းနဲ့ နီးစပ်သူတယောက်က အခုလို ဆက်ပြီးပြောပြပါတယ်။
“နယ်လိုင်စင်ကားတွေကို ရန်ကုန်ကနေ နှင်ဖို့ ဆိုတာကမဖြစ်နိုင်ဘူး။ဘာဖြစ်လို့လဲဆိုတော့ သူက လိုင်စင်နံပါတ်နဲ့ တရားဝင်လိုင်စင်ကားဆိုရင်တနိုင်ငံလုံးမည်သည့်နေရာမဆိုမောင်းနှင်ခွင့်ရှိတယ်ဆိုတာကပါပြီးသားလေ။ အခုကြားနေရတဲ့ နယ်လိုင်စင်ကားတွေကိုစာရင်းကောက်တယ်ဆိုတဲ့ ကိစ္စက နယ်နှင်ဖို့တော့ မဖြစ်နိုင်ဘူး။ဖြစ်နိုင်ချေရှိတာက တမျိုးတဖုံနဲ့ နယ်လိုင်စင်ကားတွေကို ကြပ်ဖို့ပဲရှိတယ်လို့ထင်ပါတယ်။ အခြားသတ်မှတ်ချက်တွေ လည်းသူတို့ကထုတ်ရင်လည်းထုတ်မှာပေါ့။နယ်လိုင်စင်ဆို ရန်ကုန်မှာမောင်းရင်ဘီးခွန်ဆောင်ခိုင်းတာတို့ ဘာတို့ ဒီလိုမျိုးတွေတော့ရှိလာနိုင်တယ်။နောက်ညအိပ်ခွန်လိုဟာမျိုးပေါ့။ဒါမျိုးတွေတော့ဖြစ်လာနိုင်ခြေရှိတယ်။ရန်ကုန်ကားတွေလည်းနယ်သွားရင်ဘီးခွန်တွေဆောင်ရတာပဲလေ”လို့ သူကထပ်လောင်း ပြောပြခဲ့ပါတယ်။
ဒါအပြင် လက်ရှိ ပြည်တွင်းကားဈေးကွက်အနေအထားကလည်း ကားမူဝါဒပြောင်းလဲမှုမရှိလို့ မူဝါဒအသစ်မထွက်လာသေးသရွှေ့ပြည်တွင်းကားဈေးနှုန်းတွေဟာ သိသိသာသာကျဆင်းမှုမရှိနိုင်ဘဲ ကားဈေးတွေက အမြင့်တန်းမှာသာ ဆက်ရှိနိုင်မယ်လို့ ကားဈေးကွက်ရေးရာကျွမ်းကျင်သူတွေက ခန့်မှန်းထားကြပြီး လက်ရှိဈေးကွက်အတွင်းမှာ ကြိုက်ရောင်း၊ကြိုက်ဝယ်စနစ်နဲ့သာ အရောင်းအဝယ်တွေကိုပြုလုပ်နေရတယ်လို့ ဆိုပါတယ်။
“လက်ရှိအနေအထားတွေအရ ကားဈေးက ထပ်တက်ဖို့မရှိရင်တောင် ကျဖို့မရှိပါဘူး။အမြင့်ဈေးတန်းမှာပဲ ဆက်ရှိနိုင်မယ်။အခုနယ်လိုင်စင်ကားကိစ္စ သတင်းတွေထွက်လာတော့ ရန်ကုန်လိုင်စင်ကားတွေက ထုံးစံအတိုင်းဈေးမာနေအုံးမှာပေါ့။လိုင်စင်ဝင်တဲ့ အခါမှာလည်း နယ်လိုင်စင်ကားနဲ့ ရန်ကုန်လိုင်စင်ကားဆိုပေးရတဲ့ အဖိုးအခ၊အခွန်အခတွေကအစ ကွာတယ်လေ။အင်ဂျင်ပါဝါကြီးရင် ကြီးသလောက်သူက ကွာသွားတာပေါ့။ ဆောင်ရတဲ့အဖိုးအခကသိန်းချီကွာပါတယ်။အခုကားအရောင်းအဝယ်တွေအေးနေပေမယ့်၊ဈေးတန်းတွေကမာနေအုံးမယ်”လို့ ရန်ကုန်မြို့ရှိ ဝါရင့်ကားဝယ်ရောင်းတယောက် က သူရဲ့အမြင်ကို ပြောပြပါတယ်။
ရန်ကုန်မှာရှိတဲ့ နယ်လိုင်စင်နံပါတ်နဲ့ ကားတွေ ကို ကညနက ဘာကိစ္စအတွက်စာရင်းကောက် ယူနေတယ်ဆိုတဲ့ အချက်ကိုတော့တိတိ ကျကျသိရှိရခြင်းမရှိသေးပါဘူး။
“ဟိုးအရင်ခေတ်တုန်းကလည်း ဒါမျိုးတခါလုပ်သေးတယ်လေ၊ရန်ကုန်မှာကားကြောတွေကြပ်နေတာ နယ်လိုင်စင်ကားတွေကြောင့်ဆိုပြီး စာရင်းတွေကောက်ခဲ့တာရှိတယ်။ အဲဒီတုန်းကဆို စီးတီးတက္ကစီနံပါတ်တွေလုပ်ပေးသေးတယ်”လို့ ကားလောကသားတယောက်က ထပ်ပြီး ပြောပြခဲ့ပါတယ်။
ဒါအပြင် မည်သည့်ယာဉ်မဆို လိုင်စင်သက်တမ်းတိုးပါက ယာဉ်စစ်ဆေးမှုကို ပြုလုပ်ရမယ်လို့လည်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန(ကညန)က ပြီးခဲ့တဲ့နှစ်ပိုင်းအတွင်းမှာ သတင်းထုတ်ပြန်မှုတွေလည်းရှိထားတာဖြစ်ပါတယ်။
Photo – VOM