ဆူးငှက်
‘‘ တြင်းကြေအစ ဂဏန်းတွေနှင့်
နဝင်းနေ ပထမတန်းပေမို့
(အိုကွယ်…) အမတနန်းကိုတဲ့ လှမ်းတော့မယ်၊
စိတ်ပုတီးရယ်နှင့်၊
ရိပ်ကြီးဆရာခိုရတော့
တဏှာကို လွတ်အောင်ရုန်းမယ်
ပုန်းရှောင်ပေါ့ကွယ်၊
အဝိဇ္ဖာရှစ်ခွင်က မှိုင်းပါတဲ့
အနိဋ္ဌာ မြစ်ပြင်လှိုင်းကိုတော့
ကသိုဏ်းနှင့် ဖြတ်ပါမယ်
နတ်ရွာနတ်နယ်တွင်ဖြင့် ဆိုင်းချင်ဘူး။
ခေမာသောင် ရုက္ခမူ သေလာတောင်၌
ရွှေဝါချောင် ဖလ်ဂူတွင်းဆီက
စံမတူ ရန်သရှင်းမယ်လို့ (ကွယ်…)
အင်း…သည်စိတ်ကူး။
မန္တလေးတိုင်းဒေသကြီး ကျောက်ပန်းတောင်းမြို့နယ်အတွင်းရှိ ပုပ္ပားတောင်သည် မြန်မာပြည်၏သဘာဝအလှ၊ သဘာဝပတ်ဝန်းကျင်နှင့် ပတ်သက်၍ တခုတ်တရ ပြောဆိုညွှန်းပြရသည့်နေရာတစ်နေရာဖြစ်သည်။ မြန်မာပြည်တွင်း ဒေသခံအများစုကမူ ယခင်ကမီးတောင်ဟောင်းဖြစ်ခဲ့ပြီး ပင်လယ်ရေမျက်နှာပြင်မှ အမြင့်ပေ (၄၉၈) ပေရှိသော ပုပ္ပားတောင်မကြီးထက်၊ ပင်လယ်ရေမျက်နှာပြင်မှအထက် (၂၄၁၇) ပေမြင့်သော ပုပ္ပားတောင်ကလပ်သို့သာ အရောက်အပေါက်များခဲ့ ကြ၏။ ထို့ပြင် ပြည်တွင်းဒေသခံများက ပုပ္ပားတောင်မကြီး၊ တောင်ကလပ်နှင့်ဝန်းကျင်ကို သဘာဝအလှ၊ သဘာဝပတ်ဝန်းကျင်တန်ဖိုးထက်၊ ဝိဇ္ဖာဇော်ဂျီတပသီနှင့် ထွက်ရပ်ပေါက်ပုဂ္ဂိုလ်တို့ ပျော်စံရာ၊ ဆေးဘက်ဝင်သစ်သီးသစ်ဖု သစ်နှံသစ်မြစ်တို့ဖြစ်ထွန်းရာ၊ သေလဉ္ဖလ ကာမ ဒူတ နီလ ဂန္ဓ ဈာန လာဘီ အထက်ဥမင် အောက် ဥမင်စသော ဂူပေါင်းဥမင်ပေါင်းများစွာတို့နှင့် အောင်မြေအောင်နန်း အံ့မခန်းနေရာအဖြစ်ဖြင့်သာ အလေးဂရုမူခဲ့ကြသည်။
ပုဗ္ဗတောင်၊ ပုပ္ဖတောင်၊ ပါးပုတ်တောင်…စသည့် သုံးမည်ဖြင့် ရှေးကမှတ်သားကြသည့် ပုပ္ပားတောင်မကြီးတွင် ပလ္လင် ၉ ဌာန၊ ကုန်း ၉ ကုန်း၊ အိုင် ၉ အိုင်၊ ကန် ၉ ကန်၊ အံ့ဖွယ် ၉ ဖြာ စသည်ဖြင့် တြင်းကြေ၊ နဝင်းကြေ၊ သတ္တမီသကြေ ဆည်းပူးကြိုးကုတ်အားထုတ်၍ လောကီအခေါ်ကာယ၊ ပီယ၊ ဓနစသော သိဒ္ဓိ ၁၀ ပါးကို ရယူကြည်သည်ဟု ထွက်ရပ်ပေါက်လောကတွင် ဥဒါန်းတစ်ခု တွင်ကျန်ရစ်စေသည့် နေရာမြတ်တစ်ခုအဖြစ် မြန်မာပြည်တွင် ဒေသခံအများစုက ယုံကြည်ခဲ့ကြ၊ ယုံကြည်ကြဆဲလည်းဖြစ်သည်။
မည်သို့ဆိုစေ…ပုပ္ပားတောင်မကြီး၊ တောင်ကလပ်နှင့်ဝန်းကျင်သည် ပုဂံရာဇဝင်တွင် အထင်အရှားပါရှိသကဲ့သို့ ထီးသုံးတော်ဝင် အံ့ဖွယ်မခန်း ပန်းမာန်တို့ ဖြစ်ထွန်းလှပခဲ့သည့် နေရာဖြစ်ခဲ့ခြင်းကား မငြင်းသာခဲ့ပေ။
“ ဘယ်ဘယ်ဆီ မမှန်းတတ်ပြီဘူး၊ ပန်းကလာပ်တောင်စွယ်
သန်းဒဟပ်ချောင်ကျယ်ကျယ်တွင်၊ ယောင်လည်လည်နေလို့
ကြိုလှည့်ပါဆိုတဲ့ အသံရယ်…ငိုမဲ့ဟန်လေးနှင့်ကရို့။
လူးလွန့်တဲ့ ဖူးညွန့်ပျံမှာ၊ မြူးကွန့်ဟန်တချို့
ခူးဝံ့ရန်တတို့နှင့် အစို့စို့ခိုင်ဆိုင်…၊
ပန်းဝန်မှုန် ကုကုၤမံတွေက၊ ထုံရနံ့သင်းလို့ ကြိုင်ကြိုင်…” ဟုလည်း ရှေးစာဆိုများ မှတ်တမ်းတင်ခဲ့ခြင်းက သဘာဝအလှနှင့် သဘာဝပတ်ဝန်းကျင်တန်ဖိုး တွေကို ဦးစားပေးခဲ့ခြင်းက ထင်ရှားနေသည်။
မြန်မာပြည်အလယ်ပိုင်း ပူပြင်းခြောက်သွေ့မိုးနည်းရပ်ဝန်းမှာရှိသော ပုပ္ပားဝန်းကျင်သည် အပူထဲကအအေး၊ အဝါထဲက အစိမ်း၊ အခြောက်ထဲကအစို ဖြစ်ခဲ့ သည်ကလည်း ရေထွက်ပေါင်း ၁၇၅ ခုရှိသည်ဟူသော သက်ကြီးစကားကလည်း မှတ်တမ်းဖြစ်ပါ၏။ ဘုရားဖူးတို့ အရောက်အပေါက်များသည့် တောင်ကလပ်ကတော့ ၆ မည်ရဟု ဆိုရပါမည်။ ဘဇာဂမ်တဲ့၊ တောင်ကလပ်တဲ့၊ ပန်းပေးတောင်တဲ့၊ နဂါးရစ်တောင်တဲ့၊ ဝဏ္ဏယက္ခတောင်တဲ့၊ ဝိဇ္ဖာဓရတောင်တဲ့…။ ရှေးရှေးက တောင်ကလပ် မှာက သဘာဝစိမ့်စမ်း၊ တောပန်းတောနယ်၊ သစ်ပင်ပန်းမာန်၊ စမ်းကျရေထွက်တို့နှင့်အတူ သူယောင်မယ်တွေပင်လျှင် ပျော်မြူးကြသတဲ့…။ ထို့ကြောင့် လောကီဈာန် နှင့် ပျော်မွေ့နေကြသော ရသေ့တို့သည်ပင် သဘာဝအလှ၊ သူယောင်မယ် အလှတို့ကြောင့် ဈာန်လျောကြသတဲ့။ ဖန်တလင်းသို့ သက်ဆင်းပျော်မွေ့ကြသတဲ့။ တရား လက်လွတ်ပြီး ငှက်တောင်ကျွတ်ဖြစ်ရသတဲ့။ ဒလက်များ ချားရဟတ်ကဲ့သို့ချာချာလည်ကာ ရေ၌ကျသော အပ်ကဲ့သို့ တရားရှာမရဖြစ်ကြရသတဲ့…။ သင်းပျံ့မွှေးကြိုင် တလှိုင်လှိုင်သော သီလရနံ့တို့လည်း ငါးပိအိုးထဲရောက်သကဲ့သို့ ညစ်နွမ်းကြရသတဲ့။ ပိုးဖလံ မီးပုံတိုးသကဲ့သို့ ကိုယ်ကျိုးနည်းကြရသတဲ့။ ဆားလှေမှောက်သကဲ့သို့ ကိုယ်ကျင့်သိက္ခာတို့ ကောက်မရ ထိမ်းမရဖြစ်ကြရသတဲ့။
ထိုသို့သော အခက်အခဲ၊ အတားအဆီး၊ အပိတ်အဆို့များကြားမှ ကြံ့ကြံ့ခံကျော်လွှားပြီး၊ အားထုတ်နေကျတရားကိုသာ မမှိတ်မသုန် ကျင့်ကြံအားထုတ် ကျင့်သုံး၍ လိုရာခရီး ကြွလှမ်းလွန်မြောက် ထွက်ရပ်ပေါက်သွားကြသည့် ပုဂ္ဂိုလ်ထူးပုဂ္ဂိုလ်မြတ်တို့ကား…ပုပ္ပားသည် အောင်မြေအောင်နန်းဖြစ်ခဲ့သတဲ့လေ…။
ယခုအချိန်ထိ မြန်မာမိသားစုအိမ်တိုင်း၏ အကြီးအမှူးနေရာယူထားဆဲဖြစ်သော မင်းမဟာဂီရိနတ်က ပုဂံခေတ်ကတည်းက ပန်းပဲမောင်တင့်တယ်အဖြစ် လွမ်းဆွယ်တသဖွယ် ဒဏ္ဍာရီသည် ပုပ္ပားမှာပဲ အခြေတည်ခဲ့သည်။ ထို့ပြင် ပန်းဆက်သမား ဗျတ္တနှင့် ဘီလူးမ မယ်ဝဏ္ဏတို့၏ အံ့မခန်းမေတ္တာဇာတ်လမ်းကလည်း ပုပ္ပား မှာပင် ချစ်ပန္နက်စိုက်ခဲ့ကြသည် မဟုတ်လော…။
သိုးကလေ… ပုပ္ပားနတ်တောင်၊ အခေါင်မြင့်ဖျား၊
စုံတောပျား၌၊ နံ့ရှားကြိုင်လွင့်၊ ခါတန်ပွင့်သည်…
ရွှေနှင့်ယိုးမှား၊ ပန်းစကား”
သိုးကလေ… မြိတ်လွတ်စုလည်း၊ အငယ်တည်းက
ကျွမ်းဝင်ကြသည်၊ မွေးဘတူရင်း၊ မျိုးသည်မင်းနှင့်
ချစ်ခြင်းစုရုံး၊ သက်ထက်ဆုံးသည်…
နှလုံးမခြား၊ စောင့်တရား။
ဆွေမိမင်း၊ မျက်သုတ်နီစင်၊ ရထည်းဖျင်နှင့်
ကျိုင်းစင်မြဝါ၊ မတ်ကြီးလျာကို
မယ်သာကြိုက်မိ၊ တုမရှိ…။” …တဲ့။
ပုပ္ပား၏ စကားပွင့်တွေ…။ စကားပန်းရနံ့တွေ ကြားမှာလည်း… အာဏာဖြင့် အချစ်ကိုရယူခံရရုံမက…၊ အာဏာဖြင့် အဓမ္မကြောင့် အချစ်ကို ဆုံးရှုံးကာ တိမ်းမှောက်ရှောင်ထွက်ပြေးရသူ၏ ငယ်ချစ်ကို တမ်းတသည့် ပုပ္ပားလွမ်းတေးတွေကလည်း ပုဂံခေတ်ကတည်းက လွင့်ပျံခဲ့သည်မှာ ယခုထိ ရနံ့မပြယ်သေး…။
မည်သို့ဆိုစေ…။ ရှစ်သောင်လေးထောင်သော ထွက်ရပ်ပေါက် ဝိဇ္ဖာဓိုရ်တို့မှအစ ဦးခန္ဓဇောတိ အစရှိသော ဆရာတော်ကြီး ၄ ပါး၊ ရှင်မေဓနိယရသေ့၊ အရှင်သာရဒရသေ့၊ ဦးသီလ၊ ဦးဝိနသျှ အစရှိသော ထွက်ရပ်ပေါက် ပုဂ္ဂိုလ်တို့အလယ်၊ ၁၂၉၂ ခုနှစ်က ပုပ္ပားတောင်ကလပ် လာရောက်ကာ ၁၃၀၀ ပြည့်နှစ်တွင် တောင်ကလပ်သို့ လာရောက်နေထိုင်ခဲ့ပြီး၊ ၁၃၁၄ ခု တော်သလင်းလဆုတ် ၂ ရက်၊ ညနေ ၄ နာရီ ၁၅ မိနစ်တွင် အသေထွက် ထွက်ရပ်ပေါက်ပုဂ္ဂိုလ်ဟု ယုံကြည်ခဲ့ကြ သော ဘိုးမင်းခေါင်(ဝါ) ဘိုးဘိုးကြီးအဆုံး… ပုပ္ပား၏ ပုံရပ်များကား မြန်မာလူမျိုးတို့၏ နှလုံးသား၌ သားစဉ်မြေးဆက် လက်ဆင့်ကမ်း ထင်ဟပ်စွဲမြဲခိုင်မာမှုသည်ကား မပြောင်းမလဲ တည်ရှိနေဦးမည်သာတည်း…။
ဆူးငှက်
#voiceofmyanmar #VOM #ဆူးငှက် # ခေမာသောင်၊ရုက္ခမူ…သေလာတောင်၌ #ပုပ္ပား