ကလေးမြို့နယ်မှာ လေကြောင်းတိုက်ခိုက်မှုကြောင့် ကိုးယောက်သေပြီး ၃၀ ဝန်းကျင် ဒဏ်ရာရ

ဖေဖော်ဝါရီ ၁ – ၂၀၂၅
SN (VOM)
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် တောင်ပိုင်းမှာ မနေ့ ဇန်နဝါရီ ၃၁ ရက်၊ ညနေပိုင်းက လေကြောင်းတိုက်ခိုက်ခံရမှု ဖြစ်ပွားခဲ့ပြီး ကိုးယောက်သေဆုံးကာ အယောက် ၃၀ ဝန်းကျင် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မနေ့ ညနေ ၅ နာရီခွဲဝန်းကျင်က ကလေးမြို့နယ်ရှိ တင်သားကျေးရွာနဲ့ ကုက္ကိုလ်ကျေးရွာတွေမှာ လေကြောင်းတိုက်ခိုက်မှု ဖြစ်ပွားခဲ့တာဖြစ်ပြီး လူထိခိုက် သေဆုံးမှုအပြင် တင်သားကျေးရွာက ကျေးလက်ကျန်းမာရေး ဆေးရုံနဲ့ ကုက္ကိုလ်ကျေးရွာက စာသင်ကျောင်းလည်း ပျက်စီးသွားခဲ့တယ်လို့ သိရပါတယ်။
“တင်သားကျေးရွာမှာရှိတဲ့ အရပ်ဘက် ကျေးလက်ဆေးရုံ (ခဏတာအရိပ်ဆေးရုံ) နဲ့ ကုက္ကိုလ်ကျေးရွာမှာရှိတဲ့ စာသင်ကျောင်း နေရာနှစ်ခုမှာ လေကြောင်းတိုက်ခိုက်မှု ဖြစ်တာ။ လူသေဆုံး၊ ဒဏ်ရာရမှုက ကုက္ကိုလ်ကျေးရွာမှာ အများဆုံးပဲ။ တင်သားကျေးရွာဘက်ကတော့ လူအနည်းအကျဉ်းလောက်ပဲ ဒဏ်ရာနည်းနည်းရတယ်။ သေဆုံးတာလည်း မရှိဘူး။ အခု လောလောဆယ်ကတော့ အပျက်အစီးတွေ၊ ရုပ်အလောင်းတွေကို ရှင်းလင်းရေးလုပ်နေတာပေါ့။ လောလောဆယ် လေကြောင်းရန်ကလည်း စိတ်ချလို့ရတဲ့ အခြေအနေမှာ မရှိသေးဘူး။ အဲဒါကြောင့် အခြေအနေကြည့်ပြီး ရှင်းလင်းရေးလုပ်ငန်းတွေကို သတိထားပြီး လုပ်နေရတယ်” လို့ ဒေသခံတယောက်က ပြောပါတယ်။
လက်ရှိ ထိခိုက်ဒဏ်ရာ ရရှိထားသူတွေထဲမှာ ဒဏ်ရာအခြေအနေ စိုးရိမ်ရသူတချို့လည်း ရှိတာကြောင့် လိုအပ်တဲ့ ဆေးကုသမှုတွေပေးကာ အခြေအနေကို ဆက်လက် စောင့်ကြည့်နေရဆဲဖြစ်သလို ထိခိုက်ဒဏ်ရာရသူ များစွာ ရှိနေတဲ့အတွက် ဆေးဝါးနဲ့ ဆေးပစ္စည်းတွေလည်း အရေးပေါ် လိုအပ်နေတယ်လို့ သူက ပြောပါတယ်။
အခုလို လေကြောင်း တိုက်ခိုက်မှုပြီးနောက် တင်သားနဲ့ ကုက္ကိုလ်ရွာ အပါအဝင် ဒိုးနွယ်၊ အရှေ့စည်း၊ မြောက်စည်း၊ ရေရှင်၊ ရှားတော၊ ကြံသာ စတဲ့ ကလေးနယ် တောင်ပိုင်းရှိ ကျေးရွာတွေက ဒေသခံတွေနဲ့ စစ်ရှောင် လူဦးရေ စုစုပေါင်း နှစ်သောင်းကျော် တောတောင်တွေထဲ တိမ်းရှောင်လျက်ရှိကြတယ်လို့ သိရပါတယ်။
လက်ရှိမှာ လေကြောင်းတိုက်ခိုက်မှုတွေ မကြာခဏဆိုသလို ဖြစ်ပွားလျက်ရှိတာမှာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၈ ရက်နေ့ကလည်း စစ်ကိုင်းတိုင်း၊ ဖောင်းပြင်မြို့ရှိ ကျေးရွာ နှစ်ရွာမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် တယောက် သေဆုံးကာ သုံးယောက် ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။
အလားတူ ဇန်နဝါရီလ ၁၈ ရက်နေ့ကလည်း ကလေးမြို့နယ်၊ ကလေး – တမူး လမ်းမကြီးဘေးမှာ တည်ရှိတဲ့ ကျွန်းတောရေရှင်ကျေးရွာအနီးမှာ လေကြောင်းတိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီး သုံးယောက် သေဆုံးကာ ကိုးဦးထက်မနည်း ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။
ဇန်နဝါရီလ ၁၆ ရက်နေ့ကလည်း စစ်ကိုင်းတိုင်း၊ တမူးခရိုင်၊ တမူးမြို့နယ်ထဲမှာ ပါဝင်တဲ့ မြို့နယ်ခွဲအဆင့်ရှိ မြို့တမြို့ဖြစ်တဲ့ ခါမ်းပါတ်မြို့မှာ လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် နှစ်ယောက် သေဆုံးကာ အယောက် ၂၀ ကျော် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
အဲဒီ ဇန်နဝါရီလ ၁၆ ရက်နေ့မှာပဲ စစ်ကိုင်းတိုင်း (အထက်ပိုင်း)၊ အင်းတော်မြို့နယ်ထဲက ဒေသတွင်း လက်နက်ကိုင်တပ်တွေ ထိန်းချုပ်ထားတဲ့ မော်လူးမြို့မှာ လေကြောင်းတိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီး သုံးယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။
Photo:CJ

Related posts

Leave a Comment

VOM News

FREE
VIEW