ဖေဖော်ဝါရီ ၁ -၂၀၂၅
GG (VOM)
ပဲခူးတိုင်း အနောက်ပိုင်း၊ပြည်မြို့မှာ ဇန်နဝါရီ ၃၁ ရက်နေ့က ဧရာဝတီမြစ်ထဲရေဆင်းကူးတဲ့ ကျောင်းသားသုံးယောက် ရေနစ်လို့ နှစ်ယောက်သေပြီး တယောက်သာအသက်ရှင်တယ်လို့ လူမှုကူညီရေးအဖွဲ့တွေက ပြောပါတယ်။
ဘောတံတားအနီး၊ဧရာဝတီမြစ်အတွင်းရေဆင်းကူးတဲ့ သုံးယောက်စလုံးက ကျောင်းသားတွေဖြစ်ပြီး သေဆုံးတဲ့အထဲမှာ ကိုးတန်းကျောင်းသားပါဝင်တယ်လို့သိရပါတယ်။
” ကလေးတွေကမနေ့ကမနက်ကတည်းက ကျောင်းမတက်ဘဲ မြစ်ဘေးမှာ ရေလာကူးနေကြတာ။သူတို့ အင်္ကျီတွေဘေးမှာ ခေါင်ရည်လိုမျိုးထည့်ထားတဲ့ဗူးတွေ့ရတယ်။ဆင်းတာတော့ကမ်းစပ်ကိုဆင်းကူးရင်းကနေ မြစ်ထဲမှာကသဲတွေစုပ်ထားတဲ့ စုပ်ခွက်တွေရှိတော့ အဲဒီထဲတွေရောက်သွားတာဖြစ်နိုင်တယ်။ တယောက်ပဲအသက်ရှင်တယ်။ နှစ်ယောက်ကတော့ဆုံးတယ်။၁နာရီကျော်မှာ ရုပ်အလောင်းတလောင်းတွေ့တယ်။၄နာရီမှာနောက်တလောက်တွေ့တယ်။” လို့ မြေပြင်ကူညီရေးလုပ်ခဲ့တဲ့ နှလုံးသားမေတ္တာရှင်လူငယ်များပရဟိတအဖွဲ့ဝင်ကပြောပြပါတယ်။
အဆိုပါ ရေဆင်းကူးတဲ့ကျောင်းသားသုံးယောက်လုံးက ပြည်မြို့ပေါ်ရှိ စကားတောင်ရပ်ကွက်နေထိုင်သူတွေဖြစ်ပြီး အသက် ၁၄ နှစ်နဲ့ ၁၆ နှစ်အရွယ်တွေဖြစ်တယ်လို့သိရပါတယ်။
လက်ရှိမှာတော့ အသက်ရှင်တဲ့ ကျောင်းသားကလေးကို သူရဲ့နေအိမ်ကို့ပို့ဆောင်ပေးထားပြီး သေဆုံးကျောင်းသားရုပ်အလောင်းတွေကိုတော့ ပြည်မြို့ဆေးရုံကြီးကိုပို့ဆောင်ထားတယ်လို့သိရပါတယ်။
၂၀၂၃ ခုနှစ်က ဧပြီလတုန်းကလည်း ပြည်မြို့ဧရာဝတီမြစ်အတွင်း ရေဆင်းကူးရာကနေ ကလေးအပါအဝင် လူသုံးယောက်ရေနစ်သေဆုံးမှုဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။
Photo – နှလုံးသားမေတ္တာရှင်