ဆူးငှက်
ကျွန်တော် မွေးခဲ့ရတာက လက်လုပ်လက်စား မိဘဖြစ်သောကြောင့် ကျွန်တော့် ပတ်ဝန်းကျင်မှာလည်း လက်လုပ် လက်စားတွေ ချည်းပဲဖြစ်သည်။ လူလတ်တန်းစားလို့တောင် ပြောဖို့ ခပ်ခက်ခက်ပါ။ မွေးချင်း အိမ်နီးချင်း မှာလည်း ရွယ်တူမရှိပေ။ ကစားဖော်မရှိ။ ဦးလေးတွေ အစ်ကိုဝမ်းကွဲတွေနှင့်ပဲ ကြီးရသည်။ သူတို့ သွားလေရာ လိုက်ရသည်မှာ ကလေးကတည်းက လိုက်ရတာ လူပျိုကြီးဖားဖား တက္ကသိုလ်ရောက်သည့် အထိ။ သူတို့သွားသည် ဆိုတာကလည်း အရက်ဆိုင်က တစ်နေ့တစ်ခေါက် မရောက်မဖြစ်ကိုး။ ဒီတော့ ငယ်ငယ်ကတည်းက သူတို့စက်ဘီး ထုတ်လာသည်နှင့် ကိုယ်က စက်ဘီး ဘားတန်းပေါ်ခုန်တက် လိုက်ပြီးသား။ ကြီးလာသည့်အခါ ကိုယ့်စက်ဘီးနဲ့ ကိုယ် ထပ်ချပ်မကွာ ပါပြီးသား။ လူသာလဲမည်။ ကိုယ်က ပင်တိုင်။ ဤသို့ဖြင့် သူတို့နှင့် အရက်ဆိုင် ရုပ်ရှင်ရုံ ဗထူးကွင်း မလွန်ကွင်း ဘုရားပွဲခင်းများဆီ သာမက ဘုံဆိုင်ခေါ် ဘားခေါ် အရက်ဆိုင်များသို့လည်း ရောက်ဖူးနေသည်။
ကျွန်တော်ရောက်ဖူးသော ဘုံဆိုင် ဘားဆိုင် အရက်ဆိုင်များနှင့် ထိုဆိုင်များ၏ ဖေးဖရိတ် အမြီးများကို မှတ်မိနေသည်။ ၁၉လမ်း ကျောက်သပိတ်ဘားက နှမ်းပတ်ချဉ်သုတ်၊ ဦးတာရဲဈေး ဥယျာဉ်တန်းဘားက အမဲကြော်၊ ၃၆လမ်းဘားက ဝက်ကလီစာ၊ မင်္ဂလာဈေးဘားက ကြက်ခြေတောက်၊ နန်းရှေ့ဘားက ဆိတ်ပုဆိုးကြမ်း၊ သူရဲဈေးဘားက စာကလေးကြော်…၊ စသည်ဖြင့်ပေါ့။ စည်ဘီယာတွေ ပေါ်လာတော့ နာရီစင်နားက မာရဂျမ်းတိုက်၊ မန်းသီတာဥယျာဉ် အနောက်ပေါက်၊ ရမ်ဆိုရင် သရဖီပင် လက်ကြားထိပ် စသည်ဖြင့်ပေါ့။ ထိုဆိုင်တွေ အားလုံးလိုလို ရောက်ဖူးသည်၊ ထိုင်ဖူးသည်။ အရက်ဖြူတစ်ပက် ပြားခြောက်ဆယ်ခေတ်။ ပုလင်းဖင်ပြတ်ခွက်နဲ့ တန်းစီ ဝယ်ရတဲ့ခေတ်။ ထိုင်ဖူးသည်၊ ရောက်ဖူးသည်ဆိုတာ ခရီးသွားဟန်လွဲ တစ်ကြိမ်တစ်ခါ ရောက်ဖူးတာမျိုး မဟုတ်ဘဲ အကြိမ်ကြိမ် ရောက်ဖူးသည်။ တမေ့တမော ထိုင်ဖူးသည်။ ရန်တွေဖြစ်ပြီး ဆိုင်ပိတ်မှ ဝရုန်းသုန်းကား ထပြန်ဖူးသည်။
သို့သော် ဦးလေးတွေ အစ်ကိုဝမ်းကွဲတွေက သူတို့နှင့် ငယ်စဉ်မှသည် လူပျိုကြီးဖားဖားအထိ အရက်ဆိုင်တကာ ခေါ်ပေမယ့် ကွန်တော့်ကို တစ်ခါမှ အရက်ခွက်ကို လက်ဖျားနှင့် မထိရပေ။ သောက်ခိုင်းဖို့ ဆိုတာ ဝေးရော..။ အရက်သမားများ၏ ဒုက္ခများကို သူတို့ သိသလောက် တတ်သလောက် ဗဟုသုတများဖြင့် အရက်ကို အစမလုပ်ဖို့ ကိုယ့်ကို ဆုံးမစကားတွေအမြဲပြောသည်။ ထိုသို့သော အတန်းပညာမရှိ၊ နေ့စဉ် အရက်နှင့်ပဲ စိတ်အပန်းဖြေနေရပြီး၊ သူ့တူ သူ့ညီ ကျွန်တော့်ကို နေ့စဉ် သူတနှင့် အရက်ဆိုင်သို့ ခေါ်သွားသော်လည်း တံငါနားနီး တံငါ မုဆိုးနားနီး မုဆိုး ဆိုသလို ကျွန်တော် အရက်သမား ဖြစ်သွားမှာကိုတော့ အတော်စိုးရိမ်ကြသော ဆွေကောင်း မျိုးကောင်းများဖြစ်ကြသည်။
တစ်ခါကများ တက္ကသိုလ် နောက်ဆုံးနှစ် ကျောင်းသား ကျွန်တော်က သူငယ်ချင်းတစ်ယောက်ရဲ့ ဆန္ဒကို လိုက်လျောပြီး သူဖွာနေသော ဆေးလိပ်ကို ယူ၍ ဖွာကြည့်သည်။ စာမေးပွဲအတွင်း စာကျက်ရင်း အိမ်ရှေ့က ကွပ်ပျစ်ကြီးပေါ် သန်းခေါင်ကျော် လောက်ပေါ့။ ဘယ်ရမလဲ၊ လူ့တေလေကြီး ဦးလေးက သာမာန် ဆေးလိပ်အနံ့ မဟုတ်ဘဲ စိမ်းရွှေရွှေ ဆေးလိပ်အနံ့ကို အိပ်ရာထဲကနေ ချက်ချင်းသိသည်။ အိမ်တံခါးကို ဝုန်းခနဲ ဖွင့်သည်။
ထို့နောက် ကျွန်တော့်လက်ထဲက မီးခိုးငွေ့ မသေသေးသော ဆေးလိပ်ကို ဆွဲယူပြီး သူစီးထားသည့် ခုံဖိနပ်နှင့် နင်းချေပစ်သည်။ “ ငါ တစ်ရေးနိုးတော့ ဒီအနံ့ကို ချက်ချင်းသိတယ်။ ဒီနေရာ ဘယ်လိုလုပ် ဒီအနံ့ရပါလိမ့်လို့ အံ့သြနေတာ၊ မင်းတို့ဆီကကိုး၊ အေး..၊ မင်းတို့ ဒီအလုပ်ကို ရပ်တန်းက ရပ်ပါ။ နောက် ဘယ်တော့မှ မလုပ်ပါနဲ့။ စမ်းပြီးလည်း မလုပ်ကြနဲ့၊” ဆိုပြီး ကျွန်တော့်သူငယ်ချင်းကို ဆူသည်၊ ငေါက်သည်။ ကျွန်တော့်ကိုလည်း နောက်ရက်တွေ အထိ ဆူလို့ ငေါက်လို့ မပြီးတော့။ အဲ့ဒီ ဆေးလိပ်က ဆေးခြောက်တွေ ထည့်ထားတာတဲ့။ သူငယ်ချင်းကို “ မင်း.. ဒီဆေးလိပ်ကို နာရီစင်မြောက်ဘက်နား ကွမ်းယာဆိုင်က ဝယ်လာတာ မဟုတ်လား” တဲ့။ အဲ့ဒါ သူဝယ်နေကျ ဆိုင်တဲ့။ သူငယ်ချင်းလည်း မငြင်းနိုင်တော့။ ဦးလေးက အတိအကျ ပြောနိုင်နေတာကိုး။ နောက် မလုပ်တော့ပါဘူးဟု ဦးလေးကို ဝန်ခံလိုက်ရသည်။
ထိုစဉ်ကာလ အရက်ဖြူဆိုသည်ကိုပင် ဆိုင်မဖွင့်ခင်ကတည်းက တန်းစီ စောင့်ပြီး ဝယ်ရသည်။ ထို့ကြောင့် လွယ်လွယ်ရတာက “တော” ဟု ခေါ်သော ချက်အရက်များဖြစ်သည်။ ထိုချက်အရက်များကို ပြောကြတာတော့ ဓာတ်မြေသြဇာနဲ့ ချက်တာတဲ့၊ ရာဘာဖိနပ်ပြတ်တွေ စိမ်ပြီး ချက်တာတဲ့။ မန္တလေးမြောက်ပြင် ဗြစ်စက်က ထုတ်တဲ့ ရမ်အရက်ဆိုတာက ရွှေထက်ရှားသည်။ အစိုးရ ကုန်တိုက်က လျှောက်လွှာနှင့် ဝယ်မှရသည်။ လျှောက်လွှာမှာ ဘယ်လို ပုဂ္ဂိုလ်ကို ဧည့်ခံဖို့ ရမ် ၁ ပုလင်း ရောင်းချပါ ဆိုတာကို အောက်ခြေ ရပ်ကွက်ကောင်စီ၊ ရပ်ကွက် ပါတီစိပ် တာဝန်ရှိသူ၊ မြို့နယ်ကောင်စီ၊ မြို့နယ်ပါတီယူနစ် အဆင့်ဆင့် ထောက်ခံစာ ယူပြီး ကုန်တိုက်မန်နေဂျာက ရောင်းချခွင့်ပြုသည်ဟု လက်မှတ်ထိုးမှ ဝယ်လို့ရသည်။ အပြင်ဈေးချိုထဲက ဆိုင်တွေမှာတော့ အမြတ်အများကြီး ပေးရင်တော့ ရပါရဲ့။ ဒါပေမယ့် ရမ် မစစ်၊ အတုတွေက အများစုဖြစ်သည်။ ကုန်တိုက်က ရမ် သည်ပင်ှ တစ်ခါတစ်လေ အတုပါလာတတ်သေး၏။ ကုန်တိုက်ရမ်မှာလည်း ၃ မျိုး ၃စားရှိသေးတာ။ ပုံမှန် ရမ်၊ အဖုံးကို ချိတ်လောင်းထားသော အာမီရမ် နှင့် ဗွီအိုင်ပီအတွက် အဖုံးမှာ ရွှေစက္ကူပတ် ရွှေရမ် တဲ့။
ထိုသို့ ရှားပါး ခက်ခဲသော ကာလတွင် ကျွန်တော်ဘွဲ့ရပြီး တာဝန်ထမ်းခဲ့သည့် အလုပ်ရုံက ကျွန်တော့ စာပွဲဘေး ဘီရီုထဲမှာ အာမီရမ်ရော၊ ရွှေပတ်ရမ်ရော ဘယ်တော့မှ မပြတ်ပေ။ မပြတ်ဘူးဆိုသည်မှာ ကျွန်တော်တို့ တာဝန်ရှိ လူကြီးတွေ အတွက်မဟုတ်။ အလုပ်ရုံ တည်ရှိရာ မြို့နယ်မှာ ကျွန်တော်တို့ အလုပ်ရုံက ရံပုံငွေ အတောင့်ဆုံးဖြစ်သည်။ ထို့ကြောင့် မြို့နယ်ကောင်စီ ဖြစ်စေ၊ မြို့နယ်ပါတီယူနစ် ဖြစ်စေ၊ မြို့နယ် အလုပ်သမားအစည်းအရုံး ဖြစ်စေ၊ ဗီအိုင်ပီ ဧည့်သည်လာလျှင် ကျွန်တော်တို့က တာဝန်ယူ အကုန်အကျခံ ဧည့်ခံပေးရသည်။ ဧည့်သည်ရယ်၊ အိမ်ခံဌာနက တာဝန်ရှိသူရယ်၊ ဧည့်ခံတာဝန် ယူထားတဲ့ ကျွန်တော်တို့ အလုပ်ရုံက တစ်ယောက်ရယ်က ထိုဧည့်ခံပွဲသို့ တက်ရသည်။ ဧည့်ခံပွဲ ဆိုတာကလည်း ကြီးကြီးကျယ်ကျယ် ရှုပ်ရှုပ်ထွေးထွေး မဟုတ်ပါ။ ညနေမှာ စောစောကပြောသည့် လူအတိုင်း စားပွဲရုံသွားပြီး ညစာကျွေးရခြင်း ဖြစ်သည်။ ညစာ မသုံးဆောင်မီ ပုလင်းဖွင့်ကြတာပါပဲ။ စားသောက်ပြီးလျှင် ထိုစရိတ်ကို ကျွန်တော်တို့က သက်သာရံပုံငွေက ရှင်းပေးရတာပါပဲ။
ထိုတာဝန်ကို အလုပ်ရုံကိုယ်စား ကျွန်တော်က တာဝန်ယူရတာ များသည်။ အလုပ်ရုံက လူကြီးတွေက ရိုးသားကြသည်။ အထက် တာဝန်ရှိသူတွေနှင့် စကားပြောဖို့ ဝန်လေးကြသည်။ စကားမပြောချင်ကြ။ အထူးသဖြင့် ရန်ကုန် ရုံးချုပ်က အရာရှိမျိုး၊ စာရင်းစစ်မျိုး ဆိုလျှင် သူတို့ ကပို မနေတတ်ကြ၊ စကားမပြောတတ်ကြ။ သူတို့ အဆင်ပြေတာ ပါတီက ပုဂ္ဂိုလ်မျိုး၊ အစည်းအရုံးက ပုဂ္ဂိုလ်မျိုး လောက်သာ။ ထို့ကြောင့် ပါတီက အစည်းအရုံးက မဟုတ်လျှင် ကျွန်တော့်ပဲ လွှတ်လိုက်တော့သည်။ ထိုဧည့်ခံ တာဝန်အတွက် ကုန်တိုက်က ရမ်ပုလင်းတွေ ထုတ်ဈေးနှင့် ကျွန်တော်တို့ ဝယ်ခွင့် ရရှိထားခြင်းဖြစ်သည်။ သေတ္တာလိုက် အပြင်ရောင်းစား လောက်အောင်တော့ မရပါ၊ တစ်လ ၂ပုလင်း ၃ပုလင်း လောက်ပေါ့။
ထို့ကြောင့် ဧည့်သည်ရှိလျှင် အလုပ်ရုံက ရမ်တစ်ပုလင်းနှင့် ပိုက်ဆံနှင့် ထည့်ပေးလိုက်တာပါပဲ။ ကျသလောက် ရှင်းပေးပြီး စားပွဲရုံက ပြေစာယူခဲ့၊ ဒါပါပဲ။ ဒီတော့ ကျွန်တော်က တစ်လမှာ ၂ခေါက်လောက် ရုံတော်ကြီးက ကိန်ကြည်စားပွဲရုံ၊ ရှမ်းယဉ်ယဉ် စားသောက်ဆိုင်၊ ပတ်ကားစားပွဲရုံ၊ ရုံတော်ကြီးဟော်တယ်၊ မင်းသားစု ကွမ်းခြံက ရှမ်းမင်းသမီး၊ ၂၈လမ်း သေတ္တာဝင်းပေါက်က ညောင်ပင်ကြီး၊ ဓားတန်းက လာရှိုးလေး စသည့် ဆိုငများဆီ ရောက်ဖြစ်သည်။ ဧည့်ခံရသည်။ ထိုဆိုင်တွေက စာပွဲထိုးတွေ မန်နေဂျာတွေကအစ ဖောက်သည်မို့ တရေးတယူရှိကာ မျက်နှာတန်းမိနေပါပြီ။ ထိုသို့သော ပွဲတွေမှာ ဧည့်သည်ဧည့်ခံသည်နှင့်အတူ ကြိုက်သလောက် သောက်လို့ရသည်။ သို့သော်..။
တကယ်တော့ ကျွန်တော် ဘွဲ့ရပြီးပြီးချင်း အလုပ်ရုံမှာ အလုပ်ရတော့ ဦးလေး အရက်သမားက ဝမ်းသာလွန်းလို့ မျက်ရည်ကျသည်။ ငါ့တူက လူကြီးဖြစ်ပြီကွတဲ့။ သူသိသလောက် ထိုအလုပ်ကို အကြီးကြီးထင်ပြီး ဂုဏ်ယူတာပေါ့။ ဦးလေးက ပြောရင်း တွေသွားသည်။ အံကြိတ်သည်။ လက်သီးဆုတ်သည်။ ပြီးတော့ “ဒါပေမယ့် မင်း အဲ့ဒီအလုပ်ရုံ် ရောက်ရင် သေချာပေါက် အရက်သမားဖြစ်မှာတော့ ရင်နာတယ်ကွာ” တဲ့။
ထို့ကြောင့် ကျွန်တော် အလုပ်စဝင်သည့်နေ့ ကတည်းက စာပွဲမှာထိုင်ရင်း အရက်သမားဦးလေးကို စိတ်ထဲက ဂတိတစ်ခု ပေးခဲ့သည်။ ထိုအလုပ်ဝင် ကတည်းက အရက်ကို လုံးဝမသောက်ပါ ဟူလို။
ဆူးငှက်