ဖေဖော်ဝါရီ ၁၀ – ၂၀၂၅
GG (VOM)
မိုးကုတ်မြို့နယ် အနောက်ပိုင်းမှာ ပြီးခဲ့တဲ့ညက လေကြောင်းကနေတိုက်ခိုက်ခံရပြီး လူ ငါးယောက်သေဆုံးပြီး လူ၂၀ လောက်လည်းထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ဒေသခံတွေဆီက သိရပါတယ်။
ဖေဖော်ဝါရီ ၁၀ ရက်နေ့ ၊မနက် ၁ နာရီမထိုးခင်လောက်မှာ လေကြောင်းတိုက်ခိုက်ခံခဲ့ရတာဖြစ်ကြောင်း၊ မိုးကုတ်မြို့အနောက်ပိုင်း ဝင်းထရံလုပ်ကွက်ထဲကိုဗုံးကြဲချခံရတာဖြစ်ပြီး ကနဦးသိရှိချက်အရ သေဆုံးသူငါးယောက်ရှိထားကာ ဒဏ်ရာရသူတွေကိုဆေးကုသမှုပေးနေတယ်လို့သိရပါတယ်။
ဗုံးကြဲချတိုက်ခိုက်ခံရတဲ့ ဝင်းထရံကျောက်မျက်လုပ်ကွက်က ပြည်ခိုင်ဖြိုးပါတီဝင် ပလောင် အမတ်ဦးဘိုဌေး ပိုင်တဲ့ လုပ်ကွက်ဖြစ်တယ်လို့ စုံစမ်းသိရှိရပါတယ်။
” ည ၁၂ ထိုးပြီး လောက်ကစပြီးဗုံးကြဲတာပဲ။နာရီဝက်လောက်ကြာတယ်။ ဘော်ဗဒါန်းနားကမဟုတ်ဘူး။ ကသည်းကျောက်ဆောင်နဲ့ပြောင်းပြင်ကြားထဲက ဝင်းထရံကျောက်မျက် လုပ်ကွက်ထဲကိုကျတာ အခုသိရသလောက်ငါးယောက်ရှိပြီ။ဒဏ်ရာရသူလည်းများတယ်။ဗုံး ကြဲတာတော့ အလုံး၂၀ ကျော်တယ်။ဝင်းထလုပ်ကွက်တခုထဲပဲထိတာ။” လို့ ဒေသခံကပြောပါတယ်။
မိုးကုတ်မြို့ကိုထိန်းချုပ်ထားတဲ့ TNLA ကတော့ မိုးကုတ်မြို့မှာ လေကြောင်းတိုက်ခိုက်ခံရတာ မှန်ကန်ကြောင်းနဲ့ထိခိုက်မှုအခြေအနေကိုတော့ အသေးစိတ်ဖော်ပြခြင်း မရှိသေးပါဘူး။ နစကဘက်ကတော့ အဆိုပါလေကြောင်းတိုက်ခိုက်ခံရမှုနဲ့ပတ်သက်ပြီး သတင်းတစုံတရာထုတ်ပြန်ပြောဆိုတာမတွေ့ရသေးပါဘူး။
ဇန်နဝါရီလ ၈ ရက်နေ့ကလည်း မိုးကုတ်မြို့အရှေ့ပိုင်းမှာ လေကြောင်းကနေဗုံးကြဲခံရပြီး အိမ် (၅)လုံးနဲ့ ဘုန်းကြီးကျောင်း (၁)ကျောင်း၊ မော်တော်ယာဥ် (၁)စီး ထိမှန်ပျက်စီးခဲ့တယ်လို့သိရပါတယ်။
၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၁၁ ရက်နေ့၊ ည ၁၁ နာရီကလည်း လေကြောင်းကနေ တိုက်ခိုက်ခဲ့တာကြောင့် ဒေသခံကိုးယောက် သေဆုံးပြီး ၁၃ ယောက်ထိခိုက် ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
Photo – CJ