အလိမ်အညာတွေကြားက ရန်ကုန်အိမ်ခြံမြေ အရောင်းအဝယ်ဈေးကွက်

ဩဂုတ် ၁၄ – ၂ဝ၂၅
KKO(VOM)
ဂရန်အတု‌တွေပြုလုပ်ပြီးမြေကွက်တွေကိုလိမ်လည်ရာင်းချသူတွေရန်ကုန်မှာတနေ့ထက်တနေ့များပြားလာနေတယ်လို့အိမ်ခြံမြေ၀န်ဆောင်မှုအကျိုးဆောင်လုပ်ငန်းလုပ်ကိုင် သူတွေက ဆိုလာပါတယ်။
ဒီလို‌မြေဂရန်အတု စာရွက်စာတမ်းအတုတွေနဲ့ မြေကွက်တွေကိုလိမ် လည်ရောင်းချသူတွေဟာ ပုံစံမျိုးစုံ၊နည်းလမ်းမျိုးစုံနဲ့လိမ်လည်ရောင်း ချနေကြပြီး အခုလိုအလိမ်အညာတွေကြောင့် အရောင်းအဝယ်ပွဲပျက်တာတွေကိုလည်းမကြာခဏကြုံနေရတယ်လို့ အိမ်ခြံမြေလောကသားတွေက သူတို့ကြုံတွေ့နေရတဲ့ ရန်ကုန်မြို့ရဲ့အိမ်ခြံမြေ‌အရောင်း အဝယ်ဈေးကွက်အခြေအနေကိုပြောပြလာခဲ့ကြတာပါ။
“အခုနောက်ပိုင်းလိမ်လည်ရောင်းချတာတွေတအားများလာတယ်။ဒီလိုဖြစ်စဉ်တွေမကြာခဏကြုံနေရတယ်။ဂရန်ရောစာရွက်စာတမ်းရောအကုန်အတုလုပ်ပြီးလာရောင်းကြတာစာရွက်စာတမ်းတွေကိုအစစ်နဲ့မခြားခွဲမရအောင်ကိုလုပ်ပြီးလာရောင်းကြတယ်။နောက်အရောင်းအ၀ယ်တည့်လို့ ပွဲဖြစ်လို့စရံချပြီးရင်အဲဒီရောင်းသွားတဲ့သူတွေကိုပြန်လိုက်ရှာရင်မရှိတော့ဘူး။သူတို့ကစရံငွေယူပြီးပြေးပြီ။အဲဒီလိုဖြစ်စဉ်တွေအခုနောက်ပိုင်းအတော်လေးဖြစ်လာတယ်”လို့ ရန်ကုန်မြို့ အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းလုပ်ကိုင်သူတယောက်က ပြောပြပါတယ်။
ယခုနှစ်ပိုင်းအတွင်း ရန်ကုန်မြို့ရဲ့ မြို့နယ်အချို့မှာရှိ‌နေတဲ့ မြေကွက်တွေကိုနယ်အ၀ယ်တွေဆင်းဝယ်နေလို့ ဈေးကွက်မှာအရောင်းအဝယ်တွေသွက်နေတာဖြစ်တယ်လို့ သိရပါတယ်။
ဒါကိုအခွင့်ကောင်းယူပြီးတော့လူလိမ်အချို့ကမြေဂရန်တွေကိုအတုအပပြုလုပ်ကာ အရောင်းအ၀ယ်စျေးကွက်မှာမြေကွက်တွေကိုစာရွက်စာတမ်းအတုတွေနဲ့လိုက် လံရောင်းချနေတာဖြစ်လို့ အဲဒီလိုလိမ်လည်ရောင်းချသူတွေကို သတိကြီးကြီးထားပြီးအရောင်းအဝယ်တွေကိုပြုလုပ်နေရတယ်လို့အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းလုပ် ကိုင်သူတွေက သတိပေးပြောဆိုထားကြပါတယ်။
ဒီလိုလိမ်လည်ရောင်းချမှုတွေများ ပြားလာတဲ့အတွက် မြေအရောင်း အဝယ်ပြုလုပ်မယ်ဆိုပါကမြေနဲ့သက်ဆိုင်တဲ့ပါမစ်၊ဂရန်အစရှိတဲ့စာရွက်စာတမ်းတွေကိုသက်ဆိုင်ရာဌာနတွေဖြစ်တဲ့အိုးအိမ်နဲ့စည်ပင်အစရှိတဲ့ဌာနတွေမှာစစ်ဆေးအတည်ပြုဖို့လိုတယ်လို့လည်း တရားလွှတ်တော်ရှေ့နေတယောက်ကအခုလိုအကြံပြုထားပါတယ်။
“မြေဂရန်တွေကိုစစ်တာက စစ်လို့ရပါတယ်။ရှေ့နေနဲ့အပ်ရမှာပေါ့။ရှေ့နေကသူ့လမ်းကြောင်းနဲ့သူစစ်သွားလိမ့်မယ်။အိုးအိမ်တို့ စည်ပင်တို့မှာစစ်ရမှာပါ။ ဒီလိုဆိုရင် ရောင်းမှား ဝယ်မှား မဖြစ်နိုင်တော့ဘူး” လို့ အိမ်ခြံမြေလုပ်ငန်းရှင်တယောက်က ပြောပါတယ်။
သို့သော်လည်းတချို့သောမြို့နယ်တွေမှာတော့သက်ဆိုင်ရာဌာနတွေမှာစာရွက်စာတမ်းတွေကိုစစ်ဆေးဖို့ကိစ္စကအခက်အခဲတွေများစွာရှိနေတယ်လို့ အိမ်ခြံမြေဝယ်ရောင်းလုပ်ငန်းလုပ်ကိုင်သူတွေက ပြောပါတယ်။
“အခုကဘယ်လိုဖြစ်လဲဆိုတော့ဂရန်စာရွက်တွေကိုတချို့နေရာတွေမှာစစ်ရခက်တယ်၊မစစ်ပေးတော့ဘယ်ဟာကအတု၊ဘယ်ဟာကအစစ်ဆိုတာကိုခွဲဖို့ခက်သွားတာပေါ့”လို့ ရန်ကုန်မြို့မှာမြေကွက်ဝယ်ရောင်းလုပ် ကိုင်သူတယောက်က ဆိုပါတယ်။
ဆက်လက်ပြီးတော့ သူက “မြေကွက်တွေက ဒီဘက်မြို့နယ်တွေမှာကျတော့တကွက်တကွက်ကိုသိန်းထောင်ချီသိန်းသောင်းချီလေ၊အဲတော့စရံချရင်ငွေကသိန်းရာချီပေးရတာကိုး၊နောက်ပြီးစရံငွေချပြီးတာနဲ့အကျိုးဆောင်ခဆိုတာကလည်းသိန်း ၅၀ သိန်း ၁၀၀ အဲလိုပေးကြရတာအခုကစာရွက်စာတမ်းဂရန်အတုတွေနဲ့လိမ်လည်ရောင်းချလာတာတွေတအားများလာတော့လိမ်သွားရင်ဒါကအချီကြီးပါသွားသလိုဖြစ်တာပေါ့၊တချို့‌တွေဆိုရင် ပြန်လျှော်ရတာတွေအထိရှိတယ်” လို့ ပြောပြပါတယ်။
အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းလုပ်ကိုင်သူတွေရဲ့ပြောပြချက်အရ လက်ရှိ‌ရန်ကုန်မြို့ရဲ့မြေကွက်ဈေး ကွက်မှာအရောင်းရဆုံးမြို့နယ်တွေကမင်္ဂလာဒုံမြို့နယ်၊မြောက်ဒဂုံမြို့ နယ်နဲ့ အရှေ့ဒဂုံမြို့နယ်တို့ကမြေ ကွက်တွေအများစုဖြစ်တယ်လို့ သိရပါတယ်။
နောက်ထပ် အိမ်ခြံမြေလုပ်ငန်းရှင်တယောက်ကတော့ “အခုကျွန်မတို့သိရသလောက်ကဂရန်မြေဆိုလည်းဂရန်ဖောက်လို့ရတယ်။နှုန်းထားတွေပဲကွာသွားတာပေါ့။ပါမစ်ကတော့ လက်ရှိမှာအမည်ဖောက်လို့မရသေးဘူး။ဂရန်ကတော့လျှောက်လို့ရတယ်၊ပါမစ်ကနေဂရန်ကိုပြောင်းလို့ရတယ်။စလစ်ပဲပိတ်ထားတာပါ။အရောင်းအဝယ်တွေကတော့လုပ်နေကြတာပါပဲ။ပါမစ်မြေဟုတ်၊မဟုတ်ဂရန်အတု၊အစစ်ဟုတ်၊မဟုတ်စည်ပင်နဲ့ အိုးအိမ်မှာစစ်ပြီးမှအရောင်းအဝယ်လုပ်ကြပေါ့”လို့ သူက အကြံပြုထားပါတယ်။
ဒီလိုအခြေအနေတွေအပြင်ရန်ကုန်မြို့ရဲ့မြေအရောင်းအဝယ်ဈေး ကွက်မှာလိမ်လည်ရောင်းချနေတဲ့ လူလိမ်တွေရဲ့လိမ်ပုံ၊လိမ်နည်း၊လိမ်ဟန်တွေနဲ့ ပတ်သက်လို့လည်းအိမ် ခြံမြေအကျိုးဆောင်ကြီးတယောက်က အခုလို ပြောပြပါတယ်။
“တလောကကျွန်တော်ဆိုပွဲတခုမှာအလိမ်ခံရတော့မလိုဖြစ်သွားတာကံကောင်းသွားတယ်လို့ဆိုရမယ်။မြောက်ဒဂုံမြို့နယ်ထဲကအကွက်ပဲအဲမှာသူကအခြားအကွက်တွေထက်ဈေးတန်နေတယ်။လက်ရှိပေါက် ဈေးထက်လျော့ရောင်းတယ်။အဲအကွက်မှာသူကဆိုင်းဘုတ်တင်ထားတယ်၊မြေကွက်ရောင်းမယ်၊ဘယ်ဈေးပေါ့၊အောက်မှာဆက်သွယ်ရမယ့်ဖုန်းနံပါတ်အဲလိုထည့်ပေးထားတယ်။တကယ့်ပိုင်ရှင်အစစ်ကသူတို့မဟုတ်ဘူး။ကံ ကောင်းချင်တော့အဲဒီမြေကွက်ရဲ့ပိုင်ရှင်အစစ်ဂရန်အစစ်ကိုင်ထားသူနဲ့ကျွန်တော်တို့ချိတ်မိသွားတယ်။အဲတော့ပထမလာရောင်းတဲ့သူတွေကို လူလိမ်တွေမှန်းသိသွားလို့ ကံကောင်းသွားတယ်ပြောရမယ်။ပိုင်ရှင်အစစ်ကသူ့မြေကွက်မရောင်းပါဘူးဆိုတော့မှ ပွဲကပျက်သွားတာသေချာလိုက်စုံစမ်းလိုက်တာမှန်သွားတယ်”လို့ သူက ပြောပါတယ်။
လက်ရှိကာလမှာတော့ ရန်ကုန်မြို့မှာ‌မြေကွက်အရောင်းအ၀ယ်တွေက သူ့ဟာနဲ့သူပုံမှန်ရှိနေသလို ပွဲတွေလည်းဖြစ်နေတယ်လို့မြေဈေး ကွက်နဲ့ နီးစပ်သူတွေက ဆိုပါတယ်။
“မြေကွက်အရောင်း၊အ၀ယ်တွေကသူဟာနဲ့သူဖြစ်နေတယ်။၀ယ်ရောင်းအကွက်တွေလည်းဖြစ်နေသလို တချို့ကျတော့လည်းပြန်ရောင်းဖို့မဟုတ်ဘဲ၀ယ်ထားကြတာမျိုးပေါ့၊ဒါမျိုးတွေလည်းရှိတယ်၊စက်မှုဇုန်ထဲမှာဆိုသိန်းသောင်းချီ မြေကွက်ကြီးတွေဧကအကျယ်ကြီးတွေသူဟာနဲ့သူအရောင်းအ၀ယ်ဖြစ်နေကြတယ်။ဒါကပြီးခဲ့တဲ့ နှစ်ပိုင်းတွေထဲကအရောင်းအဝယ်တွေဖြစ်‌နေကြတာပါ”လို့ သူက ဆက်ပြီး ပြောပြပါတယ်။
အိမ်ခြံမြေဈေးကွက်ကျွမ်းကျင်သူတယောက်ကတော့ မြေနဲ့ပတ်သက်လို့ ဝယ်ယူတော့မယ်၊ရင်းနှီးမြှုပ်နှံတော့မယ်ဆိုပါက ဆောင်ရန်၊ရှောင်ရန်အချက်တွေကိုလည်းသူက အခုလိုအကြံပြု ပြောကြားထားပါတယ်။
“မြေနဲ့ပတ်သက်လို့ ရွာမြေတိုးချဲ့မြေဆိုတာဒါကလယ်မြေပါပဲ၊လယ်မြေကိုပဲရောင်းတာသူကလယ်မြေပဲဖြစ်တယ်။တကယ်လို့မြေနဲ့ ပတ်သက်ပြီး သေသေချာချာစစ် ဆေးချင်တယ်ဆိုရင်ကိုယ်ကိုယ် တိုင်စာရွက်စာတမ်းတွေကိုမြေစာ ရင်းမှာသွားစစ်လို့ရပါတယ်။ကိုယ့်ဘာသာဌာနဆိုင်ရာမှာစစ်ပါ။စာရွက် စာတမ်းကိုယူပြီးတော့မြေစာရင်းမှာသွားစစ်ပါ။မသိရင်မေးမြန်းပြီးစစ်ပါ။ရှေ့နေနဲ့အလုပ်လုပ်ရင်စာချုပ်ချုပ်ရမယ်။စာရွက်စာတမ်းကိုကိုင်ပြီးစစ်ပါ။လယ်မြေလား၊ရွာမြေလားသိရမယ်၊မြေ၀ယ်ရင်မမှားရအောင်ကိုယ်ကိုယ်တိုင်ကဒါကိုသိထားဖို့လိုတယ်”လို့ သူက ပြောပါတယ်။
မြေလောကမှာပြဿနာအတတ်နိုင်ဆုံးကလယ်မြေ၊စိုက်ပျိုးမြေဖြစ်ပြီး ပါမစ်မြေ၊စလစ်မြေ၊ဂရန်မြေနဲ့ဘိုး ဘွားပိုင်မြေကလွဲလို့ ကျန်တဲ့မြေအမျိုးအစားတွေကိုလူနေထိုင်ဖို့အတွက်မဝယ်ယူသင့်ဘူးလို့ သူက အခုလို ထပ်ပြီး ပြောပြပါတယ်။
“ပြဿနာအတတ်နိုင်ဆုံးကလယ်မြေဆိုတဲ့စိုက်ပျိုးမြေပါပဲ။လယ် မြေဆိုတာကလူနေထိုင်ဖို့ချပေးတာမဟုတ်ဘူး။လယ်မြေမှာအကွက် ရိုက်ရောင်းတာတွေကိုသတိထားပါ၊အစိုးရဌာနတွေကမဖြစ်မနေဖယ်ရမယ်ဆိုရင်ဘာမှထားလို့မရဘူး။အကုန်ရှင်းပစ်မှာပဲ။အဲအခါကျရင်ဘယ်သူမှတာ၀န်ယူပေးလို့မရဘူး။သူ့ဘာသာသူဓါတ်တိုင်ပဲစိုက်စိုက်၊လမ်းတွေပဲခင်းခင်းတချိန်မဖြစ်မနေဖယ်ရမယ်ဆိုရင်ဒါဆုံးရှုံးမယ်။ဘယ်မြေအမျိုးအစား၀ယ်သင့်သ လဲဆိုရင်လူနေဖို့အိမ်ဆောက်ဖို့အတွက်ဆိုရင်လယ်မြေမ၀ယ်သင့်ဘူး။လူနေဖို့ဆိုရင်ရွာမြေ၀ယ်လို့ရတယ်။ရပ်ကွက်ကြီးနဲ့ဆက်စပ်နေတဲ့ဥယျာဉ်ခြံမြေ၀ယ်လို့ရတယ်။လူနေ ထိုင်ဖို့အတွက်ကမြို့မြေနဲ့ဆက်စပ်တာဆို၀ယ်လို့ရတယ်။စလစ်မြေတွေ၀ယ်လို့ရတယ်။မြေပေးအမိန့်တွေ၀ယ်လို့ရတယ်။ပါမစ်မြေတွေ ၀ယ်လို့ရတယ်။ဂရန်မြေ၀ယ်လို့ရတယ်၊ဘိုးဘွားပိုင်မြေတွေ၀ယ်လို့ရပါတယ်”လို့ သူက ရှင်းလင်းပြောပြပါတယ်။
သို့သော်လည်း ရန်ကုန်မြို့မှာဂရန်အတုပြုလုပ်ပြီးမြေကွက်တွေကိုလိမ်လည်ရာင်းချသူတွေများပြားလာလို့ ဒါကိုလည်းအထူးသတိပြုဖို့လိုတယ်လို့မြေကွက်၀ယ်ရောင်းလုပ်ငန်းလုပ်ကိုင်သူတွေက ဆိုပြန်ပါတယ်။
“တချို့မြေကွက်တွေမှာမြေကွက်ရောင်းရန်ရှိသည်ဆက်သွယ်ပါဆိုတိုင်းလည်းဒါကယုံလို့မရပါဘူး။တကယ့်ပိုင်ရှင်အစစ်ဟုတ်၊မဟုတ်ကိုလည်းစုံစမ်းဖို့စစ်ဆေးဖို့လိုသလို ဌာနဆိုင် ရာမှာလည်းစာရွက်စာ တမ်းတွေကိုစစ်ဖို့လိုပါတယ်”လို့ရန်ကုန်မြို့က မြေကွက်၀ယ်ရောင်းလုပ်ကိုင်သူတယောက်က ထပ် လောင်း ပြောပြခဲ့ပါတယ်။
သို့သော်လည်း ခေတ်စနစ်အခြေ အနေငွေကြေး‌ဖောင်းပွလာမှုအခြေ အနေတွေကြောင့် အလိမ်အညာတွေကြားကပင် ရန်ကုန် အိမ်ခြံမြေ အရောင်းအဝယ်ဈေးကွက်ဆက် လက်ဖြစ်ထွန်းနေဦးမယ်လို့ ဆိုရမှာသာဖြစ်ပါတယ်။
Photo – VOM

Related posts

Leave a Comment

VOM News

FREE
VIEW