ပြောင်းလဲခြင်းအတွက် မျှော်လင့်ချက်

SM
နိုင်ငံရေးပါတီတွေဟာ လာမယ့်ရွေးကောက်ပွဲအတွက် ပြင်ဆင်နေကြပါပြီ။ ရွေးကောက်ပွဲဟာ သေချာပေါက် ကျင်းပလာတော့မှာဖြစ်ပေမယ့် ပြည်သူတွေအတွက် ဘယ်လောက်အထိ အကျိုးသက်ရောက်နိုင်မလဲဆိုတာကတော့ လတ်တလောမှာ မရေမရာဖြစ်နေပါသေးတယ်။
လက်ရှိမှာ ပြည်သူတွေဟာ စားဝတ်နေရေးအပါအဝင် အခက်အခဲ၊ အကြပ်အတည်းပေါင်းစုံကို နည်းအမျိုးမျိုး၊ ပုံစံအမျိုးမျိုးနဲ့ ရင်ဆိုင်နေကြရပါတယ်။ အခြေခံစားသောက်ကုန်တွေကအစ ကုန်ဈေးနှုန်းတွေက တက်မြဲတက်နေပြီး ကျရိပ်မမြင်သေးပါဘူး။ တိုင်းပြည် မတည်မငြိမ် က​မောက်ကမအ​ခြေအ​နေမှာ ​နေ့စဥ် ဘုရားတ​နေရတဲ့ အ​ခြေအ​​နေပါ။ ဒီလိုအခြေအနေမျိုးမှာ သာမန်ပြည်သူတွေအနေနဲ့ စားဝတ်​နေ​ရေးကလွဲပြီး တခြားကိစ္စတွေကို စဉ်းစားဖို့ဆိုတာ မလွယ်ပါဘူး။
လက်ရှိအ​နေအထားကြီးကို ဘယ်ပြည်သူမှ မနှစ်မြို့ကြဘူး မတတ်သာလို့ ​အောင့်အီး​နေရသူက အများစုပါ။ အ​ပြောင်းအလဲကို​ မျှော်လင့်​နေကြ​ပေမယ့် ​ရွေး​ကောက်ပွဲနဲ့ တိုင်းပြည်ကို တကယ်​ပြောင်းလဲနိုင်မှာလားဆိုတာ ​မေးခွန်းထုတ်စရာပါ။
ဒါဆိုရင် နိုင်ငံရေးပါတီတွေကို မေးခွန်းထုတ်စရာရှိလာပါတယ်။ ပြည်သူတွေ စိတ်ဝင်စားလာအောင် ပါတီတွေအနေနဲ့ ဘယ်အတိုင်းအတာအထိ လုပ်ဆောင်နိုင်မှာလဲဆိုတာပါပဲ။
ရွေးကောက်ပွဲမှာ ပါဝင်မယ့် ပါတီတိုင်းအနေနဲ့ ပြည်သူတွေရဲ့ လက်ရှိရင်ဆိုင်နေရတဲ့ အခက်အခဲတွေကို ထည့်သွင်းစဉ်းစားပြီး မျှတတဲ့ မူဝါဒတွေ ချမှတ်ပေးဖို့ လိုအပ်နေပါတယ်။ သူတို့လျှာဖျားကထွက်လာတဲ့ ကတိစကား‌တွေလောက်နဲ့ မလုံလောက်တော့ပါဘူးဆိုတာ အရင်​ရွေး​ကောက်ပွဲ ကတိ​တွေအရ ပျဥ်ဖိုးကိုနားလည်ကြတဲ့ အထပ်ထပ်​သေ​ခဲ့ရတဲ့ ပြည်သူ​တွေက အချဥ်မဟုတ်​တော့ပါဘူး။
ဒီရွေးကောက်ပွဲဟာ ပါတီတွေအတွက် ပြည်သူလူထုရဲ့ ယုံကြည်မှုကို ပြန်လည်ရယူနိုင်မလား ဒါမှမဟုတ်လတ်တ‌ေလာ ရွေးကောက်ပွဲအောင်နိုင်ရေးအတွက်ပဲသွားမလားဆိုတာကတော့ ဝေခွဲဖို့ခက်ပါတယ်။ပါတီတွေဘက်မှာလည်း စိန်ခေါ်မှုတွေရှိနေတာလည်း အမှန်ပဲ။
ပါတီတွေအနေနဲ့ကလည်း ပြည်သူတွေရဲ့ အခက်အခဲကို အမှန်တကယ် ဖြေရှင်းပေးနိုင်မယ့် မူဝါဒတွေနဲ့ ပွင့်လင်းမြင်သာမှုတွေ အတတ်နိုင်ဆုံးချပြဖို့လိုအပ်ပါလိမ့်မယ်။ ဒါမှလည်း ပါတီတွေရဲ့ ဂုဏ်သိက္ခာကို မြှင့်တင်ပေးနိုင်မှာပါ။ ဒီနေရာမှာ ပါတီတွေရဲ့ အစဉ်အလာ လုပ်ရည်ကိုင်ရည်ရှိတဲ့သူတွေက နှာတဖျားသာသွားပါ့လိမ့်မယ်။ ပြည်သူ့အကျိုးကို ရှေ့ရှူ့လုပ်ဆောင်တဲ့ ပါတီကိုပဲ ပြည်သူက မျှော်လင့်ပါလိမ့်မယ်။ ​ရွေးချယ်ပါလိမ့်မယ်။
လက်ရှိပကတိအခြေအနေက အလုပ်အကိုင် အခွင့်အလမ်းနည်းပါးမှု၊ ပညာရေးဆိုင်ရာ အခက်အခဲမှုတွေကလည်း ပိုဆိုးလာပါတယ်။ ဒီပြဿနာတွေကို လက်တွေ့ကျကျ ဖြေရှင်းပေးနိုင်မယ့် မူဝါဒတွေ ချပြလာနိုင်တဲ့ ပါတီမျိုးကို လူထုက ပိုမိုအားပေးကြလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။
ရွေးကောက်ပွဲဆိုတာ မဲပေးရုံသက်သက် မဟုတ်ပါဘူး။ ပြည်သူတွေအနေနဲ့ ပါတီတွေအပေါ်မှာ ယုံကြည်မှု ဘယ်လောက်ရှိလဲဆိုတာကို ပြသရာလည်း ရောက်ပါတယ်။ တကယ်လို့ ယုံကြည်မှု မရနိုင်ဘူးဆိုရင်တော့ ပြည်သူ့‌ေတွရဲ့ မျှော်လင့်ချက်တွေကလည်း ပျောက်ကွယ်သွားနိုင်ပါတယ်။
ဒါ့ကြောင့် ပါတီတွေအနေနဲ့ ပြည်သူ့ယုံကြည်မှု တည်ဆောက်ပေးနိုင်မယ့် မူဝါဒတွေကို အဓိကထား ချပြနိုင်ဖို့ လိုအပ်နေပါတယ်။ ပါတီအများစုက ပြည်သူ့အကျိုးပြ မူဝါဒတွေဆိုတာ ရှိပါလိမ့်မယ်။ ဒါကို ပြည်သူတွေကြား ချပြနိုင်ဖို့ နည်းလမ်းရှာကြရပါလိမ့်မယ်။
လူထုက စကားလုံးတွေထက် လက်တွေ့ကျတဲ့ အပြောင်းအလဲနဲ့ အကျိုးရှိမယ့် မူဝါဒတွေကိုသာ မျှော်လင့်နေကြပါတယ်။ ဒါကြောင့် ဒီရွေးကောက်ပွဲဟာ ပြည်သူတွေအတွက် လမ်းသစ်တစ်ခု ဖြစ်လာနိုင်မလားဆိုတဲ့ မျှော်လင့်ချက်တော့ ရှိနေဆဲပါပဲ။
ဒီ​မျှော်လင့်ချက်​တွေအတွက် အ​ပြောင်းအလဲကို နိုင်ငံ​ရေးပါတီ​တွေက တကယ်စွမ်း​ဆောင်နိုင်မလားဆိုတာ ပြည်သူ​တွေက ထီထိုးသလို ကံစမ်းရမှာမို့ နိုင်ငံ​ရေးပါတီ​တွေ အရည်အချင်းပြဖို့ လိုအပ်​နေ​ကြောင်းပါ။

Related posts

Leave a Comment

VOM News

FREE
VIEW