ရွေးကောက်ပွဲ အပိုင်း ၃ မှာ ပါဝင်တဲ့ ဗန်းမော်မှာ နှစ်ရက် ဆက်တိုက် တိုက်ပွဲ ပြင်းထန်နေ

ဇန်နဝါရီ ၁၅၊ ၂၀၂၆
Shy V (VOM)
ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အပိုင်း ၃ ကျင်းပမယ့် မြို့နယ် ၆၃ မြို့နယ်မှာ ပါဝင်တဲ့ ဗန်းမော်မှာ ယမန်နေ့ ဇန်နဝါရီလ ၁၄ ရက်နေ့နဲ့ ဒီနေ့ ဇန်နဝါရီလ ၁၅ ရက်နေ့ နှစ်ရက်ဆက်တိုက် တိုက်ပွဲ ပြင်းထန်နေကြောင်း ဒေသခံတွေဆီက သိရပါတယ်။
“ဒီနေ့လည်း ဗန်းမော်ဘက် လေယာဉ်တွေနဲ့ ပြင်းပြင်းထန်ထန် ဗုံးကြဲတိုက်ခိုက်နေတယ်လို့ သိရတယ်” လို့ ဒေသခံ အမျိုးသမီး တယောက်က ပြောပါတယ်။
ယမနေ့ ဇန်နဝါရီလ ၁၄ ရက်နေ့ မနက် ၄ နာရီလောက်ကတည်းက မွန်းလွဲပိုင်းအထိ ဗန်းမော်မှာ ဝေဟင်ကနေ မိုးသီးကြွေကျသလို ဗုံးကြဲနေပြီး ဒရုန်းတွေကလည်း လိပ်ပြာတွေ ပျံနေသလိုဝဲနေတယ်လို့ ကြားသိရပြီး လေယာဉ်ဗုံးကြဲ တိုက်ခိုက်သံတွေကတော့ တဝုန်းဝုန်း ကြားရတယ်လို့ သူက ပြောပါတယ်။
ရွေးကောက်ပွဲ ကျင်ပမယ့် နေရာမှာ ပါနေပြီး ရွေးကောက်ပွဲနဲ့လည်း နီးလာပြီ ဖြစ်တာကြောင့် တိုက်ပွဲက ပိုပြင်းထန်လာနေတာ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။
“KIA နဲ့ ပူးပေါင်းတပ်ဖွဲ့ ဘက်ကလည်း အတော်ထိတယ်။ စစ်တပ်ဘက်ကလည်း လက်နက်ချသူတွေရှိတယ်လို့ သတင်းထွက်နေတယ်။ အတိကျတော့ မသိရဘူး” လို့ KIA နဲ့ နီးစပ်သူ တယောက်က ပြောပါတယ်။
ဗန်းမော်မှာရှိတဲ့ ထောက်ပံ့ရေးတပ် ၉၃၃ အဝင်မှာရှိတဲ့ အစိုးရတပ်စခန်း တခုကို ယမန်နေ့ ဇန်နဝါရီလ ၁၄ ရက်နေ့က KIA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေ သိမ်းပိုက်ထားတယ်လို့လည်း ကြားသိရကြောင်း သူက ပြောပါတယ်။
စစ်တပ်ထောက်ခံ ဆိုရှယ်မီဒီယာတွေမှာတော့ ဗန်းမော်ကို ချဉ်းကပ်လာတဲ့ KIA, AA, PDF ပူးပေါင်းတပ်ဖွဲ့တွေနဲ့ သူတို့ရဲ့ သံချပ်ကာ ဘက်ဟိုးယာဉ်တွေကို ဒရုန်း၊ လက်နက်ကြီး တွေနဲ့ ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း ဖော်ပြထားပါတယ်။
လာမယ့် ဇန်နဝါရီလ ၂၅ ရက်နေ့မှာ ကျင်းပမယ့် ရွေးကောက်ပွဲ အပိုင်း ၃ မှာကတော့ စစ်ရေး တင်းမှာမှု ရှိတဲ့ ကချင်ပြည်နယ် ဗန်းမော်၊ မံစီ၊ မိုးမောက်၊ ဖားကန့်၊ ရွှေကူ စတဲ့ မြို့နယ်တွေ ပါဝင်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရဲ့ ထုတ်ပြန် ကြေညာချက်အရ သိရပါတယ်။
Photo Crd# Google
#voiceofmyanmar #VOM # ရွေးကောက်ပွဲ အပိုင်း ၃ မှာ ပါဝင်တဲ့ ဗန်းမော်မှာ နှစ်ရက် ဆက်တိုက် တိုက်ပွဲ ပြင်းထန်နေ

Related posts

Leave a Comment

VOM News

FREE
VIEW