ယူကရိန်း စွမ်းအင်ကဏ္ဍ အရေးပေါ်အခြေအနေ သမ္မတဇီလန်စကီး ကြေညာ

ကိယက်ဗ်၊ ဇန်နဝါရီ-၁၅-၂၀၂၆
မျိုးဆက်(VOM)
ရုရှားရဲ့ တိုက်ခိုက်မှုတွေကြောင့် ယူကရိန်းနိုင်ငံရဲ့ စွမ်းအင်ကဏ္ဍကို အရေးပေါ်အခြေအနေအဖြစ် သမ္မတ ဇီလန်စကီးက ကြေညာလိုက်ပါတယ်။
အထူးသဖြင့် ကိယက်ဗ်မြို့ကို အဓိကထား ကြေညာခဲ့ပြီး ရုရှား၏ တိုက်ခိုက်မှုတွေကြောင့် ထောင်ပေါင်းများစွာသော ဒေသခံတွေ လျှပ်စစ်ဓာတ်အား ပြတ်တောက်နေပါတယ်။
ရုရှားဟာ စစ်ပွဲဗျူဟာ တစိတ်တပိုင်းအဖြစ် ဆောင်းရာသီအခြေအနေ ရာသီဥတုကြမ်းတမ်းမှုကို ရည်ရွယ်ချက်ရှိရှိ အသုံးချနေတယ်လို့ စွပ်စွဲခဲ့ပြီး ကိယက်ဗ်မြို့မှာ ညအပူချိန်တွေဟာ မကြာသေးမီက အနှုတ် ၂၀ ဒီဂရီစင်တီဂရိတ်ခန့်အထိ ကျဆင်းခဲ့ပါတယ်။
မကြာသေးမီ ရက်သတ္တပတ်များအတွင်း ကိယက်ဗ်မြို့မှာ အိမ်ခြေထောင်ပေါင်းများစွာ ပုံမှန်လျှပ်စစ်ဓာတ်အား၊ အပူပေးစနစ် သို့မဟုတ် ရေပေးဝေမှု မရှိဘဲ ဖြစ်ခဲ့ရပါတယ်။ လွန်ခဲ့တဲ့ အပတ်က ဒုံးကျည်နဲ့ ဒရုန်းတိုက်ခိုက်မှုတွေ ပြင်းထန်စွာဖြစ်ပွားခဲ့အပြီးမှာ မြို့တော်၏ ၇၀ ရာခိုင်နှုန်းဟာ နာရီပေါင်းများစွာ လျှပ်စစ်မီးပြတ်တောက်နေခဲ့ပါတယ်။
ရုရှားရဲ့ တိုက်ခိုက်မှုတွေနဲ့ ပိုမိုဆိုးရွားလာတဲ့ ရာသီဥတုအခြေအနေတွေကြောင့် ပျက်စီးမှုတွေကို ပြုပြင်ဖို့ ၂၄ နာရီပတ်လုံး အထူးအဖွဲ့တဖွဲ့ ဖွဲ့စည်းသွားမယ်လို့ သမ္မတဇီလန်စကီးက ပြောပါတယ်။ ပျက်စီးမှုတွေကို ပြုပြင်ဖို့ အရေးကြီးတဲ့ စွမ်းအင်ပစ္စည်းကိရိယာတွေနဲ့ အရင်းအမြစ်တွေကို ပြည်ပကနေ ရယူခြင်းအပါအဝင် အစီအမံအသစ်တွေ ပါဝင်မယ်လို့ ဆိုပါတယ်။
စစ်ပွဲအဆုံးသတ်ရေး ဆွေးနွေးညှိနှိုင်းမှုတွေ ရှေ့မတိုး နောက်မဆုတ်ဖြစ်နေချိန်မှာ ဇီလန်စကီးနဲ့ ဒေါ်နယ်ထရန့်တို့ဟာ လာမယ့်အပတ်အတွင်း ဆွစ်ဇာလန်မှာ တွေ့ဆုံဖို့ရှိနေပါတယ်။ ဒါအပြင် ထရန့်ရဲ့ အထူးသံတမန် စတိဗ်ဝစ်အော့ဖ်ဟာလည်း ရုရှားသမ္မတ ပူတင်နဲ့ တွေ့ဆုံဖို့စီစဉ်နေပါတယ်။
Ref:BBC
Photo:Reuters

Related posts

Leave a Comment

VOM News

FREE
VIEW