တရားမဝင် ကုန်စည်တိုက်ဖျက်ရေး တင်းကြပ်လာပြီးနောက် ကားအောက်ပိုင်း အပိုပစ္စည်း‌တွေ ဈေးတက်ပြီး ဝယ်ယူရခက်လာ

ဇန်နဝါရီ ၁၅၊ ၂၀၂၆
Shy V (VOM)
တရားမဝင် ကုန်စည် တိုက်ဖျက်ရေး တင်းကြပ်လာပြီးနောက် မြန်မာနိုင်ငံ ကားအောက်ပိုင်း အပိုပစ္စည်း‌တွေ ဈေးတက်လာနေကြောင်း ကုန်တင်ယာဉ် ပိုင်ရှင်တွေနဲ့ ယာဉ်မောင်းတွေဆီက သိရပါတယ်။
“ရှမ်းမြောက်နဲ့ မန္တလေးက ကား ပစ္စည်း အတော် ဈေးကွာတယ်” လို့ ကုန်တင်ယာဉ်မောင်း တယောက်က ပြောပါတယ်။
တရုတ်နယ်စပ်ကနေ ဝင်လာတဲ့ ပစ္စည်းတွေ ဖမ်းဆီးနေတာကြောင့် ပစ္စည်းတွေ ကားအောက်ပိုင်း ပစ္စည်း ရောင်းရခက်သွားတာလို့ သူက ပြောပါတယ်။
“လိုချင်တဲ့ ပစ္စည်းရှာဝယ် မရဖြစ်လာတယ်။ ကျနော်တို့ ကားပစ္စည်းတွေ အတော် ပြတ်လာတယ်” လို့ ကုန်တင်ယဉ်ပိုင်ရှင် တယောက်ကလည်း ပြောပါတယ်။
“ကယ်ရီ ပစ္စည်းတွေ ဖမ်းနေတော့ ကားပစ္စည်း တွေက သယ်မရတာ။ သယ်ရတဲ့ ပစ္စည်းလောက်ပဲ တင်ထားကြတော့တာ။ အမြတ်ကြီးစားပြီး တင်ရောင်းတာမျိုးတော့ မဟုတ်ဘူး။ လမ်းကြေးများတော့ ဈေးက များနေတာ” လို့ ကားအပို ပစ္စည်းဆိုင်နဲ့ ရင်းနှီးသူ ယာဉ်မောင်း တယောက်က ပြောပါတယ်။
ကားပစ္စည်း အရင်ကထက် နှစ်ဆလောက် တက်လာပြီး အရင်က တရားဝင် အခွန်ဆောင်ပြီး ဝင်တဲ့ ပစ္စည်းတွေက အခုက မှောင်ခို ပစ္စည်းတွေ ဖြစ်သွားကာ တချို့က ပစ္စည်းလက်ကျန် ရှိပေမယ့် လက်ရှိပေါက်ဈေး ရောင်းတာတွေ ရှိသလို‌ သယ်ယူရခက်ခဲလာတာကြောင့် ဈေးကိုင်ထားတဲ့ သူတွေလည်းရှိတယ်လို့ ဆိုပါတယ်။
နယ်စပ် လမ်းကြောင်းတွေကနေ ကုန်သွယ် လိုင်စင်တွေ မချပေးတော့တာကြောင့် နယ်စပ်လမ်းကြောင်းကဝင်လာတဲ့ ပစ္စည်းတွေက မှောင်ခို ပစ္စည်းလို ဖြစ်သွားပြီး တရားမဝင် ကုန်စည် တိုက်ဖျက်ရေး အဖမ်းအဆီး တွေကြောင့် မြန်မာပြည် အောက်ပိုင်း ဈေးကွက်တွေမှာ ကားပစ္စည်း အပြင် တရုတ်ဘက်က ကုန်တွေ ရှာရခက်၊ ဝယ်ရခက် ဈေးတက်လာတာလို့ နယ်စပ် လုပ်ငန်းရှင်‌ေတွက ပြောပါတယ်။
Photo: Shy V

Related posts

Leave a Comment

VOM News

FREE
VIEW