ခင်ဦးမြို့မှာ လေကြောင်းတိုက်ခိုက်မှုကြောင့် သုံးယောက် သေဆုံးပြီး ခြောက်ယောက် ဒဏ်ရာရ

ဖေဖော်ဝါရီ ၁၈ – ၂၀၂၆
SN (VOM)
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်မှာ မနေ့ ဖေဖော်ဝါရီ ၁၇ ရက်၊ ညပိုင်းက လေကြောင်းတိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီး သုံးယောက် သေဆုံးကာ ခြောက်ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ‌ဒေသခံတွေက ပြောပါတယ်။
ခင်ဦးမြို့နယ်၊ ညောင်ပင်ကြီးစုကျေးရွာမှာ မနေ့ ည ၁၀ နာရီဝန်းကျင်က လေကြောင်းတိုက်ခိုက်မှု ဖြစ်ပွားခဲ့တာဖြစ်ပြီး စာသင်ကျောင်း အဆောက်အအုံတွေနဲ့ နေအိမ် ငါးလုံးလည်း ထိခိုက် ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
“တိုက်ခိုက်မှုက ည ၁၀ နာရီ ၂ မိနစ်လောက်ကနေစပြီး ၈ မိနစ်လောက်အထိ သုံးကြိမ်ဆက်တိုက်ဖြစ်တာ။ စာသင်ကျောင်း အဟောင်းပေါ် ကျတာပါ။ ကျောင်းထဲမှာ လူတော့ မရှိဘူး။ လမ်းပေါ်ကိုကျမှ လူထိသွားတာ။ သေဆုံး သုံးယောက်က နေရာမှာတင် ပွဲချင်းပြီးတယ်” လို့ ဒေသခံတယောက်က ပြောပါတယ်။
လက်ရှိ ခင်ဦးနယ်အတွင်းမှာ အစိုးရတပ်က မြေပြင်ကနေ နယ်မြေရှင်းလင်းရေး လုပ်ဆောင်ခြင်းမျိုး မရှိပေမယ့်လည်း လေကြောင်း တိုက်ခိုက်မှုတွေ မကြာခဏ ဖြစ်ပွားလျက်ရှိတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၅ ရက်နေ့ကလည်း ခင်ဦးမြို့နယ်အတွင်းက ကုန်းကြီးကျေးရွာ စာသင်ကျာင်းနဲ့ ကပ်လျက်ရှိ ဆီခြံမှာ လေကြောင်း တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီး သုံးယောက် သေဆုံးကာ ၁၀ ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။
အဲဒီလိုပဲ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၇ ရက်နေ့ကလည်း ခင်ဦးမြို့နယ်၊ မြေနီလျှိုကျေးရွာအနီးမှာ လေကြောင်းတိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီး လမ်းကြောပိတ်ဆို့မှုကြောင့် ရပ်နားထားတဲ့ ခရီးသွား ကုန်စည်ကား၊ ဆီဘောက်ဆာကားတွေ ထိမှန်ပျက်စီးခဲ့ကာ ကိုးယောက် သေဆုံးပြီး ၁၀ ယောက်ထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။
လက်ရှိမှာ ခင်ဦးနယ်အပြင် စစ်ကိုင်းတိုင်းအတွင်းက ဘုတလင်၊ ဆားလင်းကြီး၊ ဝက်လက်၊ တန့်ဆည်၊ ကန့်ဘလူ၊ မုံရွာ၊ စစ်ကိုင်း၊ ရွှေဘို၊ ရေဦး၊ ယင်းမာပင်၊ ကလေး အစရှိတဲ့ မြို့တွေအပါအဝင် တခြားသော မြို့နယ်တွေမှာလည်း စစ်ရေးတင်းမာမှုတွေ ရှိနေတယ်လို့ သိရပါတယ်။
ဝက်လက်မြို့နယ်မှာလည်း အစိုးရတပ်က သစ်ဆိမ့်၊ ထုံးဘို၊ ရှားကွဲ၊ ရေဂမိုး စတဲ့ ရွာအတန်းလိုက် တပ်စွဲထားကာ နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေတာကြောင့် ဒေသတွင်း လက်နက်ကိုင်တပ်တွေနဲ့ တိုက်ပွဲ ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ဖြစ်ပွားနေတယ်လို့ သိရပါတယ်။
အစိုးရတပ်ဟာ စဉ့်ကူးမြို့နယ်ဘက်ကနေ ကျောက်မြောင်း ခြေလျင်တပ်ရင်း (ခလရ – ၁၂) ဘက်ကို အင်အား ဖြည့်တင်းမှုတွေ လုပ်ဆောင်ကာ ဝက်လက်နယ်ရှိ သစ်ဆိမ့်ရွာကို ထိန်းချုပ်ခဲ့ပြီးနောက် စိုးမိုးနယ်‌မြေတွေ ထပ်တိုးနိုင်ဖို့ ကြိုးစားနေတာ ဖြစ်တယ်လို့ သိရပါတယ်။
ဒါအပြင် ဘုတလင်မြို့နယ်မှာလည်း အစိုးရတပ်က မြို့အတွင်း စစ်ကြောင်းအင်အားတွေ ထပ်မံဖြည့်တင်းနေပြီး ဒေသတွင်း လက်နက်ကိုင်တပ်တွေနဲ့ တိုက်ပွဲ ဖြစ်ပွားမှုတွေ ဆက်ရှိနေတယ်လို့ သိရပါတယ်။
Photo – CJ

Related posts

Leave a Comment

VOM News

FREE
VIEW