ဖေဖော်ဝါရီ၂၅၊ ၂၀၂၆။
NN(VOM)
ရှမ်းပြည်မြောက်ပိုင်း၊ လားရှိုးမြို့ ရပ်ကွက် (၅)မှာ ကုန်စုံရောင်းနေတဲ့ အသက် ၂၅နှစ်အရွယ် အမျိုးသမီးတယောက်ကို အမျိုးသား သုံးယောက်က နေအိမ်ထဲဝင်ပြီး ဖမ်းဆီးသွားတယ်လို့ မြို့ခံတွေဆီကနေ သိရပါတယ်။
ဖေဖော်ဝါရီ လ ၂၄ ရက်နေ့ ညနေပိုင်း လေးနာရီလောက်မှာ နှာခေါင်းစည်းတပ်ထားတဲ့ အမျိုးသားသုံးယောက် အိမ်စီးကားနဲ့ ရောက်လာပြီး ဖမ်းဆီးသွားခဲ့တာလို့ မြို့ခံတွေကပြောပါတယ်။
“ ကလေးမက ဈေးရောင်းနေတုန်း လာဖမ်းသွားတာ။ သေနတ်နဲ့ချိန်ပြီး ကားပေါ်အတင်းခေါ်သွား တာ”လို့ လားရှိုးမြို့ခံ အမျိုးသားတယောက်က ပြောပါတယ်။
ဖမ်းဆီးခံရတဲ့ အမျိုးသမီးဟာ မြန်မာပြည်ဖွား တရုတ်လူမျိုးဖြစ်တယ်လို့ သိရပါ တယ်။
“ သူတို့က တရုတ်လူမျိုး ။ ကလေးမ အမေက မြေပွဲစားလုပ်တယ်လို့ပြောတယ်။ ဘာလို့ လာဖမ်းတာလည်းတော့ မသိဘူး။ ပြန်ပေးဆွဲတာဖြစ်နိုင်တယ် ”လို့ ရပ်ကွက်(၅)မှာနေထိုင်တဲ့ အမျိုးသားတယောက်က ပြောပါတယ်။
ဆိုရှယ်မီဒီယာတွေမှာ တွေ့ရတဲ့ ရုပ်သံမှာတော့ နေအိမ်ထဲဝင်လာတဲ့ အမျိုးသားတွေဟာ ဈေးကောင်တာထဲက ငွေကိုပါယူသွားတာကိုတွေ့ ရပါတယ်။
လားရှိုးမြို့မှာ အခုရက်ပိုင်း ခိုးမှုနဲ့ လုယက်မှုတွေ ပိုများလာတယ်လို့ မြို့ခံတွေက ပြောပါတယ်။
“တရုတ်နှစ်သစ်ကူးအကြောင်းပြပြီး မြို့ပြင်ရော မြို့ထဲမှာပါ လောင်းကစားရုံတွေ မနည်းဘူး။ ဆေးသမားတွေရော သူခိုးတွေရော ပေါမှပေါ။ အခုက ဓါးပြတိုက် ပြန်ပေးဆွဲတာတွေပါ ပြန်ဖြစ်လာပြီ။ လုံခြုံမှုက မရှိတော့ဘူး”လို့ လားရှိုးမြို့ခံ တယောက်က ပြောပါတယ်။
၁၀၂၇ တိုက်ပွဲကာလအတွင်း လားရှိုးမြို့ကို ကိုးကန့်တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့က သိမ်းပိုက်ခဲ့ပါတယ်။
တရုတ်အစိုးရ အကူအညီနဲ့ မြို့ပေါ်ရပ်ကွက် ၁၂ ခုကို အစိုးရတပ်က ပြန်လည် အုပ်ချုပ်နေပြီး မြို့ပတ်လည်က ကျေးရွာတွေကိုတော့ ကိုးကန့်တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့က အုပ်ချုပ်နေတာဖြစ်ပါတယ်။
၁၀၂၇ တိုက်ပွဲ မဖြစ်ခင် ၂၀၂၃ ခုနှစ်တုန်းကလည်း လားရှိုးမြို့မှာ အခုလိုပဲ ပြန်ပေးဆွဲ ငွေတောင်းတဲ့ ဖြစ်စဉ်တွေ မကြာခဏ ဖြစ်ခဲ့တယ်လို့ မြို့ခံတွေဆီကနေ သိရပါတယ်။
