မုံရွာမြို့  ချင်းတွင်းမြစ်အတွင်း အမျိုးသားအလောင်းတွေ့ရှိ

မုံရွာ၊ အောက်တိုဘာ ၂၂၊ ၂၀၁၈

အောင်နေမျိုး၊ ဗျဂ္ဃ

 

ချင်းတွင်းမြစ်အတွင်း ဒီနေ့နေ့လည်ပိုင်းမှာ လူသေအလောင်းတလောင်း မုံရွာမြို့ ဇက်ကူးတို့ဆိပ်အနီးမှာ မျောနေတယ်လို့ သတင်းရတဲ့အတွက် မုံရွာခရိုင်က မီးသတ်တပ်ဖွဲ့ဝင်တွေ၊ အရပ်ဖက်အဖွဲ့အစည်းတွေဟာ ရှာဖွေကယ်ဆယ်ရေး ယာဉ်တွေနဲ့ လိုက်လံဆယ်ယူခဲ့ပါတယ်။

“မီးသတ်က ဆယ်လာတာ။ ဇက် ကူးတို့ဆိပ်နားမှာ။ အသက် ၂၆ လောက်တော့ရှိမယ်။ အမျိုးသားအလောင်း။ တက်တူးတွေလည်းပါတယ်။ အဝတ်အစားတွေလည်းပါတယ်။ ကိုယ်တို့ ရာသက်ပန်လူမှုကူညီရေးအသင်းက သွားပြီး ကူညီသယ်ပေးခဲ့တယ်။ အသင်းမှာက Dead Body တင်တဲ့ကားမရှိလို့ ရုံးကြီးလူငယ်ကကားနဲ့ ဆေးရုံကြီးကို ပို့ပေးခဲ့တယ်။ ကြားတာတော့ ဟိုတလောက ပျောက်နေတဲ့သူလို့ သိရတယ်။”လို့ ရာသက်ပန်လူမှုကူညီရေးအသင်းမှ ဦးသော်တာက ပြောပါတယ်။

သေဆုံးသူက အောက်တိုဘာ ၁၃ ရက်နေ့ နေ့လည်ပိုင်းက ကျောက်ဆောင်ဆိပ်အနီး ရေဆင်းချိုးရာကနေ ပြန်ပေါ်မလာဘဲ ပျောက်ဆုံးနေတဲ့ မုံရွာတောင်ရပ်ကွက်နေ မောင်လင်းထက်အောင် (အသက် ၂၇နှစ်၊ အဘ ဦးလှမြင့်) ဖြစ်တယ်လို့ သိရပါတယ်။ ဓမ္မတာအတိုင်းသေဆုံးတာဟုတ်မဟုတ်ကိုစစ်ဆေးနိုင်ဖို့တော့ မုံရွာမြို့ ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ထားတယ်လို့ သိရပါတယ်။

သူ့ရဲ့ ရုပ်အလောင်းကို မုံရွာဆေးရုံကြီးကို ပို့ထားပြီး မိသားစုဝင်တွေနဲ့ ဆက်သွယ် လုပ်ဆောင်နေတယ်လို့လည်း သိရပါတယ်။

ဓာတ်ပုံ – အောင်နေမျိုး၊ ဗျဂ္ဃ

 

 

 

Related posts

✕
VOM News

FREE
VIEW