ဧပြီ-၁၈-၂၀၂၆
Thai PBS
ထိုင်းဒုတိယဝန်ကြီးချုပ်နဲ့ နိုင်ငံခြားရေးဝန်ကြီး ဆီဟာဆက် ဖူအန်ကေခရို (Sihasak Phuangketkeow) ဟာ ထိုင်းနဲ့ မြန်မာနိုင်ငံမှာ အစိုးရအဖွဲ့သစ်တွေ ဖွဲ့စည်းပြီးနောက်ပိုင်း နှစ်နိုင်ငံဆက်ဆံရေး ပိုမိုခိုင်မာစေရန်အတွက် လာမယ့်သီတင်းပတ်အတွင်း နေပြည်တော်ကို သွားရောက်ရန် စီစဉ်ထားကြောင်း သတင်းရင်းမြစ်က သိရပါတယ်။
သူ့ခရီးစဥ်ဟာ သင်္ကြန်နှနှစ်ဆန်းတရက်က နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ရဲ့ လွတ်ငြိမ်းချမ်းသာခွင့်အရ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အခြားသောနိုင်ငံရေး အကျဥ်းသားတွေကို ပြစ်ဒဏ်တချို့ လျှော့ပေါ့ပေးလိုက်ကြောင်း သတင်းထွက်ပေါ်လာချိန်နဲ့ တိုက်ဆိုင်နေပါတယ်။
နိုင်ငံပိုင် ရုပ်သံဌာန MRTV ရဲ့ ထုတ်ပြန်ချက်အရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရလက်ထက် သမ္မတဟောင်း ဦးဝင်းမြင့် အပါအဝင် အကျဉ်းသား ၄,၃၃၅ ဦးကိုလည်း လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့ကြောင်း သိရပါတယ်။
ဆီဟာဆက်ဟာ ဧပြီလ ၂၂ ရက်နေ့မှာ နေပြည်တော်က အစိုးရသစ်ခေါင်းဆောင်တွေနဲ့ တွေ့ဆုံပြီး နှစ်နိုင်ငံဆက်ဆံရေးဆိုင်ရာ ကိစ္စရပ်များနဲ့ ရွေးကောက်ပွဲအလွန် မြန်မာ့အခြေအနေများကို ဆွေးနွေးရန် စီစဉ်ထားကြောင်း အဆိုပါ သတင်းရင်းမြစ်က ပြောကြားခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲများအပြီး စစ်အုပ်ချုပ်ရေးကနေ စစ်တပ်ကျောထောက်နောက်ခံပြု အစိုးရသို့ ကူးပြောင်းပြီးနောက်ပိုင်း ဆီဟာဆက်သည် မြန်မာနိုင်ငံကို ပထမဆုံး လာရောက်တဲ့ အာဆီယံခေါင်းဆောင် ဖြစ်လာမှာပါ။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ကာကွယ်ရေးဦးစီးချုပ်ကအနားယူပြီး သမ္မတတာဝန်ကို ရယူထားတာဖြစ်ပါတယ်။
၂၀၂၁ ခုနှစ် နောက်ပိုင်း အာဆီယံဟာ မြန်မာခေါင်းဆောင်တွေကို အာဆီယံနဲ့ သက်ဆိုင်တဲ့ ထိပ်သီးအစည်းအဝေးတွေကို တက်ရောက်ခွင့် ပိတ်ပင်ထားခဲ့တယ်လို့ သတင်းကဆိုပါတယ်။
အာဆီယံအဖွဲ့အနေနဲ့ အပစ်အခတ်ရပ်စဲရေး၊ နိုင်ငံရေးအရ ဆွေးနွေးမှုနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ အပါအဝင် အချက် ၅ ချက်ပါ ဘုံသဘောတူညီချက်ကို အကောင်အထည်ဖော်ရန် နေပြည်တော်အစိုးရကို အစဉ်တစိုက် တိုက်တွန်းထားပါတယ်။
အာဆီယံက ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်ပြုထားခြင်း မရှိသေးပေမယ့်၊ ဆီဟာဆက်ရဲ့ ခရီးစဉ်ဟာ ထိုင်းနိုင်ငံအနေနဲ့ မြန်မာအစိုးရသစ်ကို တရားဝင်အသိအမှတ်ပြုလိုက်တာဖြစ်ကြောင်း ဖော်ပြထားပါတယ်။
Crd#PBS
