စနဲမြို့မှာ လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အိမ်ခြေ ၁၀၀ ဝန်းကျင် မီးလောင်ပျက်စီး

မေ ၂၁ – ၂၀၂၆
SN (VOM)
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ စနဲမြို့ရှိ ရွှေဟင်္သာရပ်ကွက်မှာ မေ ၁၉ ရက်၊ နေ့လယ်ပိုင်းက တိုက်ပွဲမှာ လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အိမ်ခြေ ၁၀၀ ဝန်းကျင် မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေက ပြောပါတယ်။
မနေ့ နေ့လယ် ၂ နာရီဝန်းကျင်က တောင်မော်ဦး ရေတပ်စခန်း၊ နေဗီ (စစ်ရေယာဉ်) တွေပေါ်ကနေ လက်နက်ကြီးနဲ့ အဆက်မပြတ် ပစ်ခတ်ခဲ့သလို လေကြောင်းကနေပါ တိုက်ခိုက်မှု ပြုလုပ်ခဲ့တာကြောင့် တရပ်ကွက်လုံးနီးပါး ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ သိရပါတယ်။
“လေယာဉ်က အရင်လို တစီး၊ နှစ်စီးတည်း လာတာမဟုတ်ဘူး။ ငါးစီးလောက်နဲ့ တိုက်ခိုက်မှုလုပ်သွားတာ။ အခုအချိန်ထိတော့ ထိခိုက်၊ ဒဏ်ရာရ မကြားမိသေးဘူး။ ရွှေဟင်္သာမှာက ဒေသခံအကုန်လုံးနီးပါး စစ်ရှောင်ကုန်ကြပြီလေ။ ရပ်ကွက်ထဲ လူသိပ်မကျန်တော့ဘူး။ အိမ်စောင့်တွေလောက်ပဲ ရှိတော့တာ” လို့ သတင်းရင်းမြစ် တယောက်က ပြောပါတယ်။
အစိုးရတပ်တွေဟာ တောင်မော်ဦး ရေတပ်စခန်းမှတဆင့် အင်အားအလုံးအရင်းနဲ့ ကမ်းတက်လာကာ ထိုးစစ်ဆင်နေတာဖြစ်ပြီး စနဲမြို့နဲ့ ဇင်ချောင်းတို့ကို သိမ်းပိုက်နိုင်ဖို့အပြင် ကျောက်ဖြူ – ရမ်းဗြဲ လမ်းပိုင်းကိုပါ ထိန်းချုပ်နိုင်ဖို့ ကြိုးပမ်းနေတဲ့အတွက် မြေပြင်မှာလည်း တိုက်ပွဲတွေ ပြင်းထန်လျက်ရှိကာ နှစ်ဖက်အထိအခိုက်၊ အကျအဆုံးလည်း များနေပြီဖြစ်တယ်လို့ သူက ပြောပါတယ်။
“တိုက်ပွဲက တောင်မော်ဦး ရေတပ်စခန်းနားမှာရော၊ သိုင်းချောင်းနဲ့ ဇိုင်ချောင်းဘက်မှာရော နေ့တိုင်းလို ပြင်းပြင်းထန်ထန်ဖြစ်နေတာ။ လေကြောင်း၊ လက်နက်ကြီး၊ ဒရုန်းတွေလည်း အဆက်မပြတ်ဘဲ။ စနဲမြို့နဲ့ အဲဒီဝန်းကျင်က ကျေးရွာတွေကတော့ ပြာပုံအတိဖြစ်နေပြီ။ ဒေသခံတွေကတော့ အဝတ်တထည်၊ ကိုယ်တခုနဲ့ ဘာပစ္စည်းမှာကို မယူနိုင်ဘဲ စစ်ရှောင်နေကြရတယ်” လို့ သူက ပြောပါတယ်။
လက်ရှိမှာတော့ စစ်ဘေးရှောင်ဦးရေ ငါးသောင်းဝန်းကျင် ရှိနေပြီဖြစ်တယ်လို့ သိရပြီး အိုးမဲ့အိမ်မဲ့ ဖြစ်သွားရတဲ့ ဒေသခံတွေ၊ ကလေးငယ်တွေ၊ ကိုယ်ဝန်ဆောင်တွေနဲ့ ဒဏ်ရာရထားတဲ့ သက်ကြီးရွယ်အိုတွေ၊ ဖျားနာနေကြတဲ့သူတွေအတွက် မိုးကာလိပ်တွေ၊ တာပေါ်လင်စတွေ၊ ဆန်၊ ဆီ၊ ဆား၊ ရိက္ခာခြောက်နဲ့ ဆေးဝါး၊ သောက်သုံးရေသန့်တွေ အရေးပေါ် လိုအပ်နေတယ်လို့ သိရပါတယ်။
ဒါအပြင် တောင်မော်ဦးရေတပ်စခန်းနဲ့ စနဲမြို့ကြားက ပေါက်ပြင်၊ ဟင်းချိုပြိန်၊ ရွာသစ်ကေကျေးရွာ အပါအဝင် ကျေးရွာပေါင်း ၂၀ ဝန်းကျင်ဟာလည်း လေကြောင်း၊ ဒရုန်း၊ လက်နက်ကြီး တိုက်ခိုက်မှုတွေကြောင့် ပျက်စီးမှုတွေရှိနေသလို ထိခိုက်ဒဏ်ရာရ၊ သေဆုံးသူတွေလည်း ရှိနေတယ်လို့ သိရပါတယ်။
ကျောက်ဖြူမြို့နယ်မှာ အစိုးရတပ်နဲ့ AA တပ်တွေကြား ပြီးခဲ့တဲ့ မေ ၁၀ ရက်နေ့မှစတင်ကာ တိုက်ပွဲတွေ ပြင်းထန်နေခြင်းဖြစ်ပြီး မေ ၁၇ ရက်နေ့ကလည်း ရွာသစ်ကေကျေးရွာနဲ့ ပေါက်ပင်ကျေးရွာအတွင်း လက်နက်ကြီးကျရောက် ပေါက်ကွဲခဲ့မှုကြောင့် တယောက် သေဆုံးကာ ခုနစ်ယောက် ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
Photo – CJ

Related posts

Leave a Comment

VOM News

FREE
VIEW