မေ ၂၁၊ ၂၀၂၆
Shy V (VOM)
ဖားကန့် အပါအဝင် ကချင်ပြည်နယ်ဘက်ကို လအစိုးရတပ်က အင်အားထပ်ဖြည့်လာကြောင်း ဒေသခံတွေဆီက သိရပါတယ်။
“ဟုတ်တယ်။ ဟုတ်တယ်။ အင်အားတွေကတော့ ထပ်ဖြည့်လာတယ်။ ထပ်ဖြည့်လာတာတွေ ရှိတယ်။ တိုက်ပွဲ အခြေအနေကတော့ လောလောဆယ်တော့ပေါ့နော် အရမ်းကြီးတော့ မဖြစ်သေးဘူးပေါ့နော်။ အခြေအနေကတော့ ဖြစ်လာနိုင်တဲ့ အနေအထားတော့ ရှိတယ်။” လို့ ဒေသခံမျိုးသား တယောက်ကပြောပါတယ်။
ဖားကန့် ဆိပ်မူဘက်ခြမ်းမရောက်ခင် ဖားကန့် မရှီကထောင် နဲ့ ဆိပ်မူအုပ်စုရှိ ယူမာရွာ ကြားမှာ စစ်တပ်က အင်အားစုနေတာတွေရှိသလို ယူမာရွာဘက်က အဲဗားမျောခြံနဲ့ မရှီကထောင်က ရခိုင်ကုန်းမှာလည်း စစ်တပ်က အင်အားထပ်ဖြည့်ထားတယ်လို့ သူက ပြောပါတယ်။
မိုးကောင်းမြို့မှာလည်း ဖားကန့်ဘက် တက်ဖို့ စစ်တပ်က အင်အားစုဖွဲ့ ပြင်ဆင်နေတယ်လို့ ကြားနေတာကြောင့် ကာမိုင်း – ဖားကန့်လမ်း ကတော့ အာမခံချက်မရှိတဲ့ အနေအထားဖြစ်နေတယ်လို့လည်း သူက ပြောပါတယ်။
“ဒီနေ့ မေလ ၂၀ ရက်နေ့မှာလည်း ဆိုင်ကယ်နဲ့ ဆင်းလာတဲ့ ဒေသခံတွေ ဆင်းလို့ မရလို့ ပြန်လှည့်လာခဲ့ကြရတယ်လို့ ပြောတယ်။” လို့ ဒေသခံ လူငယ် တယောက်ကလည်း ပြောပါတယ်။
ကာမိုင်း – ဖားကန့် လမ်းကတော့ KIA က ပြီးခဲ့တဲ့ ဧပြီလ ၂၁ ရက်နေ့ကနေ ပိတ်ထားတာ ပြန်မဖွင့်သေးပေမယ့် ဒေသခံတွေကတော့ သွားလာကြပြီး မေ ၂၁ ရက်နေ့မှာလည်း အစိုးရတပ်က အသွားအလာ ပေးမသွားဘူးလို့ သတင်းတွေထွက်နေတာ ရှိတယ်လို့ သူက ပြောပါတယ်။
“မှော်ဒေသ တခုလုံး ပြန်လည်ထိန်းချုပ်နိုင်ဖို့ စစ်တပ်က ဖားကန့်ဒေသကို ဝင်ရောက်လာနိုင်တဲ့ လမ်းပေါင်းစုံကနေ စစ်ကြောင်းထိုး ဝင်လာဖို့ ပြင်ဆင်နေတာ ဖြစ်တယ်” လို့ နောက်ထပ် ဒေသခံ အမျိုးသား တယောက်ကလည်း ပြောပါတယ်။
ပြီးခဲ့တဲ့ မေလ ၁၂ ရက်နေ့ ညနေပိုင်းကလည်း မန္တလေးကနေ တက်လာတဲ့ စစ်ကား အစီး ၃၀၀ ခန့်ရှိတဲ့ စစ်ယာဉ်တန်းဟာ မြစ်ကြီနားမြို့ရှိ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်သို့ ဝင်ရောက်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
Photo Crd#
