သူတို့အိမ် အခန်း (၁၄၇)

ဆူးငှက်

စာအုပ်ငှားသည်၊ ဓာတ်ပုံရိုက်သည်
—————————————

ဟေမာဇလရပ်သို့ ရောက်သောအခါ စာအုပ်အငှားဆိုင်လေး ဖွင့်သည့်အပြင် လှဂူဏ်ရည်တွင် ရှိစဉ်က ဝယ်ထားသော Pentex ကင်မရာလေး အပြင် ကိုမောင်ဝင်း က သူဝယ်ခဲ့သည့် Nikon ကင်မရာကိုလည်း ပေးထားသောကြောင့် အောက်ဒိုး ဓာတ်ပုံလည်း ရိုက်ဖြစ်ခဲ့သည်။ ထိုစဉ်က လှဂုဏ်ရည်မှ ကိုကျော်ဝင်း၏ ညီဖြစ်သူ ကိုအောင်မင်းနှင့် ကျောင်းနေဖက် သူငယ်ချင်းဖြစ်သူ မြောက်ပြင်ထားဝယ်ရပ်သား ကိုသိန်းဆွေနှင့် အောက်ဒိုးဓာတ်ပုံ အတူတွဲ၍ ရိုက်ဖြစ်ကြခြင်း ဖြစ်သည်။ ကိုသိန်းဆွေက အတော် မန္တလေးသားပီသ၏။ သူက သီချင်းဆို နန်းတော်ရှေ့ဆရာတင် မြို့မငြိမ်း ဦးဘသိန်း မှ၊ တီးဝိုင်း ဆိုလျှင် မြို့မမှ၊ အငြိမ့်ဆိုလျှင် တာရဲတန်းထွက်မှ၊ ရုံဇာတ်ဆိုလျှင် မြို့တော်နှင့် ရွှေမန်းမှ ဖြစ်သည်။ သူက စာလည်းအတော် ဖတ်သည်။ ဆေးပေါ့လိပ်လေး လက်ကြားညှပ်ပြီး လက်ထဲမှာ မဂ္ဂဇင်းစာအုပ်တစ်အုပ် အမြဲပါသည်။ သူက ရှုမဝ ပရိသတ်ဖြစ်သည်။ ဆောင်းဝင်းလတ် ကြိုက်သည်၊ မောင်စည်သူ ကြိုက်သည်။ ထင်လင်း ကြိုက်သည်။ ချင်းတောင် ကင်းမောင် ကြိုက်သည်။ ကောလ်ထန်မောရိယယ် ကြိုက်သည်။ ပြီးတော့သူက မြောက်ပြင်သား ပီပီ လက်ရွေးစင်ကဖေးက ထပ်တရာနှင့် ဖန်ဆိမ့် လက်ဖက်ရည် ကြိုက်သည်။

 

သူလည်း လှဂုဏ်ရည်ထွက် ဖြစ်သည်။ ထို့ကြောင့် ဓာတ်ပုံတွင် တစ်ကျောင်းတည်း ထွက်မို့ အယူအဆတူကာ အပေးအယူတည့်သည်။ ထိုစဉ်ကာလ သူက ရပ်ကွက်ကောင်စီစာရေး တာဝန်လည်း ထမ်းသေး၏။ သူတာဝန်ကျသည်က ပုသိမ်ကြီးမြို့နယ် ဆူးခါးကင်းရွာဖြစ်သည်။ ထိုစဉ်ကာလ ဗီဒီယိုများလည်း ခေတ်စားလာသောအခါ မန္တလေးရှိ ဓာတ်ပုံဆိုင်ကြီး များက ဓာတ်ပုံအပြင် ဗီဒီယိုမှတ်တမ်းကိုလည်း ရိုက်ကူးကြသည်။ ထို့ကြောင့် အလှူ မင်္ဂလာဆောင် စသော ပွဲလမ်းများကလည်း ဓာတ်ပုံသာမက ဗီဒီယိုဖြင့် ရိုက်ကူး မှတ်တမ်းတင်လာကြသည်။ ထို့ကြောင့် အလှူမင်္ဂလာ ပွဲလမ်းများက ဓာတ်ပုံဟူ၍ သီးခြား မငှားတော့ဘဲ ဗီဒီယိုကို ဦးစားပေးငှားကာ ထိုဗီဒီယိုနှင့်အတူ ဓာတ်ပုံကို ဆိုင်တစ်ဆိုင်မှာပဲ ငှားရမ်းလိုက်သည်။ ထို့ကြောင့် ထိုအချိန်က ဓာတ်ပုံချည်း သီးသန့်ရိုက်ကူးလျှင် အလုပ်မဖြစ်လှ။ ဗီဒီယိုပါ ကိုင်နိုင်မှ အဆင်ပြေသည်။

မရှိသုံး ဓာတ်ပုံဆရာ
————————–

ကျွန်တော်နှင့် ကိုသိန်းဆွေက ဗီဒီယိုဆို ဝေလာဝေး။ ကိုယ့်ရှိတာက ကင်မရာလေး ၂လုံးနှင့် ဓာတ်ခဲထိုး မီးလေး ၁လုံးပဲရှိသည်။ မှန်ဘီလူးပင် အပိုမရှိ။ ထို့ကြောင့် ပွဲက အတော်အသင့်ဆိုလျှင်ပင် 402 ဘက်ထရီ မီးနှင့် wide မှန်ဘီလူးကို ဆရာသမား ကိုကျော်ဝင်းထံက ငှားရသည်။ ထို့ကြောင့် ကျွန်တော်တို့ ရိုက်ရသောပွဲများက မြို့ပေါ် ခန်းမပွဲ၊ မဏ္ဍပ်နှင့် အလှူပွဲများမဟုတ်။ ကြာဆန်ဟင်းပဲ ဧည့်ခံသည့် ဆင်ခြေဖုံးက ညနေဆည်းဆာမင်္ဂလာပွဲလေးတွေ ဘုန်းကြီးကျောင်းမှာပဲ ဆံချ ရေစက်ချသည့် အလှူပိန်လေးများသာ ရိုက်ရသည်။ ကိုသိန်ဆွေက ပုသိမ်ကြီးမြို့နယ် ထွေ/အုပ်ဝန်ထမ်းမို့ ပုသိမ်ကြီးမြို့နယ်အတွင်းက ရွာအချို့၏ ပွဲလမ်းများကို အများဆုံးရိုက်ရသည်။ သို့သော် ဇာတ်နှင့် ဆိုင်းနှင့် ဘိသိတ်နှင့်အလှူကြီးဆိုလျှင်တော့ ဗီဒီယိုပါ ရိုက်သောကြောင့် ဓာတ်ပုံကလည်း ဗီဒီယိုနှင့် တွဲငှားပြီးသားမို့ အနားမကပ်နိုင်။

မန္တလေးမှာတော့ မင်္ဂလာဆောင်မည်ဆိုပါတော့၊ စေ့စပ်ချိန်တွင် အရေးပေါ်လာခေါ်၍ ရိုက်သည်။ အဆင်ပြေလျှင် လက်ထပ်ဆွမ်းကျွေး ရိုက်ရသည်။ မင်္ဂလာဧည့်ခံပွဲများမှာကျ ကိုယ့်မခေါ်တော့။ ဗီဒီယိုပဲ ခေါ်လိုက်တော့သည်။ ထို့ထက် ဆိုးတာက သူငယ်ချင်းမို့၊ မိတ်ဆွေမို့ အိမ်နီးချင်းမို့ ဟု ဆိုကာ ကူပါဦးဟူ၍ သူတို့က ဖလင်လိတ်ဝယ်ပေးပြီး ရိုက်ခိုင်းသည်။ ကိုယ်က ဓာတ်ခဲနှင့် လုပ်အား စိုက်လိုက်ရသည်။ ရိုက်ပြီးဖလင်လိတ် သူတို့ အပ်လိုက်ရသည်။ သူတို့ဖာသာ ကူးမတဲ့။ တကယ့်မင်္ဂလာဆောင်ကျ တခြားသူ အပ်လိုက်သည်။ ဒီလိုမျိုးလည်း အကြိမ်ကြိမ်ကြုံရ၏။ နောက်တမျိုးက မင်္ဂလာဆောင်မှာ အစအဆုံးရိုက်ပြီးကာမှ စရံငွေတောင်းဖို့ လက်ဖွဲ့ခုံနားသွားတော့ လက်ဖွဲ့ဖလားကို သတို့သားဖက်နှင့် သတို့သမီးဖက် လုကြကာ အဆင်မပြေဖြစ်ပြီး တစ်ပြားမှမရခဲ့။ ပုံတွေ ကူးပြီး အပ်မယ်ဆိုတော့ လင်မယားက ကွဲကြပြီတဲ့။ ဒီလိုမင်္ဂလာပွဲကို မီးရထားရိပ်သာမှာ ကျင်းပသည့် မင်္ဂလာပွဲတစ်ပွဲမှာ ကြုံလိုက်ရသည်။

မိတ်ကပ်ဆရာ မာမီကိုလည်း ကပ်ထားရ
———————————————

မြောက်ပြင် သူရဲဈေးအနား ဆံပင်မိတ်ကပ် တစ်ယောက်က ချိတ်ပေးလို့ မြစ်ကမ်းဘေးက ရွာတစ်ရွာ မင်္ဂလာဆောင် လိုက်ရိုက်ရသည်။ မန္တလေးကနေ စက်ရိပ်ရွာအထိ ကင်မရာအိတ်တွေလွယ်ပြီး စက်ဘီးနှင့် သွားရသည်။ စက်ရိပ်က အသိအိမ်မှာ စက်ဘီးအပ်ပြီး ရွာသို့ ချောင်း ၃ချောင်းဖြတ်ပြီး ခြေကျင်ကူးရ၏။ မိတ်ကပ်ဆရာနှင့် အဖွဲ့ကိုတော့ လှည်းကြိုလွှတ်သည်။ ရွာရောက်တော့ မင်္ဂလာဆောင်က ရွာလယ်မှာ မဏ္ဍပ်လေးနှင့် ခပ်ကျဲကျဲဖြစ်သည်။ ဧည့်ခံသည်ကိုက ဈေးချို မုန့်စုံတန်းက ကြက်တူရွေးနှုတ်သီးဟုခေါ်သော ပိဿာချိန်နှင့် ရောင်းသည့် အချိုမုန့်နှင့် လက်ဖက်ရေနွေးကြမ်း ဖြစ်သည်။

သတို့သားနှင့် သတို့သမီးက ၂ဘက်မိဘနှင့် ၂ပုံ၊ သူငယ်ချင်းများနှင့် ၁ပုံ၊ ၂ယောက်တွဲ ၁ပုံ သတို့သမီး ၁ယောက်ထဲ ၁ပုံ စုစုပေါင်းမှ ၅ပုံပဲ ရိုက်မှာတဲ့။ သည်တော့ ကိုသိန်းဆွေ မိတ်ဆွေ ရွာခံ ကောင်စီစာရေးက ကျွန်တော်တို့ အဆင်ပြေဖို့ ရွာထဲ ဗျိုးဟစ်ကာ တစ်အိမ်တက် တစ်အိမ်ဆင်း အမှတိတရ ဓာတ်ပုံများရိုက်ကြဖို့ ဆော်သြတော့သည်။ အသက်၁၀၀နား ကပ်နေသည့် ဖွားအေကြီး ကျန်းမာတုန်း သားသမီးတွေ မြေးမြစ်တွေနှင့် ရိုက်ဖို့ တစ်အိမ်မှာ တိုက်တွန်းပြီး ထိုအိမ်က ၄ပုံလောက်၊ တစ်ခါ နောက်တစ်အိမ်ကျ နွားသိုးကာလသားပေါက်လေးက ချိုတဝင့်ဝင့်နှင့် နွားချောလေးမို့ နွားနှင့် ကလေးတွေ အမှတ်တရ ဓာတ်ပုံရိုက်ဖို့ ပြောတော့ အိမ်ရှင်က ဟုတ်သဟ ဟုဆိုကာ ကလေးတွေ အဝတ်အစားလဲခိုင်းပြီး နွားနှင့် လူစေ့ရိုက်လို့ ၇ပုံလောက် ရသည်။

ဓာတ်ပုံဆရာ လာပြီဗျ၊ ပျိုနှမတို့ အလိုကျစေမှာ
———————————————–

တစ်အိမ်ကတော့ ကက်ဆက်ဝယ်ထားတာ မကြာသေး။ သည်တော့ ရွာခံကောင်စီစာရေးက ဒီလောက်ကောင်းတဲ့ ကက်ဆက် ရွာမှာ ဦးဇင်းဌေးကျောင်းနဲ့ နင်တို့အိမ် ၂လုံပဲရှိတာ အမှတ်တရ ဓာတ်ပုံရိုက်ထားလေဟုဆိုတော့ လင်မယား၂ယောက်နှင့် ကက်ဆက်နဲ့ တစ်ပုံ၊ ကလေးတွေနှင့် ကက်ဆက်နှင့် တစ်ပုံ၊ သမီးအပျိုပေါက်က တစ်ယောက်ထဲ ၃ပုံ ကက်ဆက်ကို ဘေးချပြီးရိုက်ကြသည်။ သမီးအပျိုပေါက်နှင့် ရိုက်တော့ ပထမတစ်ပုံရိုက်အပြီး ဟောတော် ဓာတ်ပုံဆရာကြိးတွေက မပြောဘဲ ရိုက်လိုက်တာ၊ ကက်ဆက်က မဖွင့် လိုက်ရဘူး၊ အဲ့ဒီပုံ မယူဘူးနော်၊ ထပ်ရိုက်ပေးဦး၊ ကက်ဆက် ဖွင့်လိုက်ဦးမယ်ဟုပြောပြီး ဘက်ထရီ ကလစ်ညှပ် ခွေထည့် ကက်ဆက် ဖွင့်ပြီးမှ ဓာတ်ပုံ၃ပုံ ဆက်တိုက်ရိုက်သည်။ မွေးမေပေးသော အသည်းကိုယူကာ ကလျာနွဲ့နှေင်းထံ အပြေးလာခိုက်ဝယ် ဟူသော သီချင်းသံနှင့် ထိုအိမ်က ၅ပုံရိုက်ရသည်။ ကက်ဆက်နှင့် အိမ်မှာ အပျိုပေါက်မက ဓာတ်ပုံရိုက်နေတာ မြင်တော့ မျက်စောင်းထိုး ၂ထပ်အိမ်က တစ်ယောက်က မသိမသာလှမ်းခေါ်သည်။ သူကလည်း စောစောက အပျိုပေါက်နှင့် မတိမ်းမယိမ်းပေါ့။ သူလည်း ဓာတ်ပုံရိုက်ချင်တာတဲ့။ ဒါပေမယ့် ခဏစောင့်ပေးပါ။ အဝတ်အစားလေးလဲချင်လို့ပါတဲ့။ ညီအစ်မ၂ယောက် ရိုက်မှာတဲ့။ ပြောပြောဆိုဆိုနှင့် ကလေးမက အိမ်အပေါ်ထပ် တက်သွားသည်။

ထို့ကြောင့် အိမ်အောက်ထပ် ခုံရှည်ပေါ်က ထိုင်စောင့်ရသည်။ ၁၀မိနစ်လောက်နေတော့ အိမ်ပေါ် လှေကားထိပ်က လှမ်းခေါ်လိုက်၏။ အိမ်အပေါ်ထပ်မှာ ရိုက်မှာတဲ့။ အံမာ ၂ယောက်စလုံးက ဘောင်းဘီရှည်တွေနှင့်။ ဘောင်းဘီရှည်က သူတို့ဟာ ဟုတ်ပုံမရ။ ခပ်ပွပွနှင့် ခါးချောင်ကာ ခြေမျက်စိပေါ် ခေါက်ထားသည်။ အပြာရင့်ရောင် ခပ်ပွပွ ဘောင်းဘီရှည်၏ ပွနေသောခါးကို လျောမကျအောင် ခါးပတ်နှင့် ပတ်ကာ တင်းထားရ၏။ ခါးပတ်ခေါင်းက ၂ထည်စလုံး မီးသတ် တံဆိပ်လေးတွေပါသည်။ ဧကန်ဒ သူတို့အစ်ကို သူတို့မောင် ကျေးရွာမီးသတ်တွေ ဘောင်းဘီနေမှာ။ အိမ်ပေါ်သို့ ကျွန်တော်တို့ ရောက်တာနှင့် ညီအစ်မ၂ယောက် တိုးတိုးပြောကြပြန်ပြီး ခဏနော်ဟု ဆိုကာ အောက်ဆင်းသွားကြပြန်၏။ မကြာပါ ချက်ချင်းပါပဲ အိမ်အောက်က ယောက်ကျားစီး ဟီးရိုး စက်ဘီးကြီး မတင်လညသည်။ မင်္ဂလာဆောင်လာတဲ့ ဆင်ရွာကြီးက ဧည့်သည်စက်ဘီးတဲ့။ ခဏအပ်ထားတုန်း စက်ဘီးနဲ့ ဓာတ်ပုံရီုက်မလို့တဲ့။ စက်ဘီးနဲ့ဖြင့် အိမ်အောက်မှာပဲ ရိုက်ပါလားဆိုတော့ လူတွေမြင်ရင် ဘောင်းဘီရှည်တွေနဲ့မို့ ရှက်လို့တဲ့။ ဤသို့ဖြင့် အိမ်အပေါ်ထပ်တွင် ဟီးရိုးစက်ဘီးနှင့် ပို့စ်အမျိုးမျိုး ပေးကာ ဘောင်းဘီရှည်နှင့် ညီအစ်မ၂ယောက်က ၆ပုံလောက် ရိုက်လိုက်ကြသည်။

တစ်ရွာလုံး တစ်အိမ်တက် တစ်အိမ်ဆင်း အဖွားနှင့် ရိုက်လိုက် နွားနှင့် ရိုက်လိုက် ကက်ဆက်နှင့် ရိုက်လိုက်၊ ဗူးစင်နှင့်ရိုက်လိုက်၊ ရာဝင်အိုးနှင့် ရိုက်လိုက်၊ လှည်းယဉ်နှင့် ရိုက်လိုက်၊ အိန္ဒိယ အပ်ချုပ်စက်နှင့် ရိုက်လိုက် ကိုရင်နှင့် ရိုက်လိုက်၊ ဦးပဇင်းနှင့် ရိုက်လိုက် စက္ကူပန်းရုံနှင့် ရိုက်လိုက် ခေါင်းလောင်းစင်နှင့် ရိုက်လိုက်နှင့် ဖလင် တစ်လိပ်ကျော် ပုံ၄၀လောက် ရလိုက်လို့ တော်သေးတယ်ဟု ပြောရမည်။ သည်လိုနှင့် အပြန်မှာ ကင်မရာအိတ်တွေ လွယ်ပြီး ချောင်းတွေကို ဖြတ်ကာ ခြေကျင်ခရီးဖြင့် စက်ရိပ်သို့ ပြန်ခဲ့ကြသည်။

လမ်းက လယ်ကန်သင်းတွေဘေး မှာ ရေခဲချောင်းပုံးကြီးလွယ်ပြီး ကလိုင်လေးခေါက်သံကြားသည်နှင့် လယ်သူမတွေရော ကလေးတွေရော ပြေးလာပြီး ဝိုင်းအုံဝယ်နေကြသည့် ရေခဲချောင်းသည်ကို မြင်လိုက်တော့ ကျွန်တော်က ကိုသိန်းဆွေကို “ ကျွန်တော်တို့ရော ပုခုံးပေါ်လွယ်ထားရတဲ့ အိတ်ထဲမှာ ကင်မရာတွေ မှန်ဘီလူးတွေ ဖိုးအိုတူး ဘက်ထရီတွေရောဆို ရေခဲချောင်းပုံးတစ်ပုံးမက လေးပါတယ်ဗျာ၊ သောင်းချီတန်တဲ့ ပစ္စည်းတွေနဲ့ ဒီလောက်လေးတဲ့ အိတ်ကြီး လွယ်ပြီး ကန်သင်းရိုး ခြေကျင်လျှောက် ချောင်းကူးမြောင်းကူး သွားရပေမယ့် ရေခဲချောင်းသည်ကမှ မျက်နှာပွင့်ပြီး လက်ငင်းပိုက်ဆံပေးမယ့်သူ ဝိုင်းနေသေးတယ်ဗျာ” ဟု ငြီးငြီးငြူငြူ စိတ်ပျက်လက်ပျက်ပြောတော့ ကိူသိန်ဆွေက တဟားဟား ရယ်သည်။ ထို့နောက် သူက “ ကျုပ်တို့ ဓာတ်ပုံဆရာက အလှူမတိုင်ခင်ကတည်းက ရွာသွားပြီး မနက်၃နာရီထ အရုဏ်ဆွမ်းကပ်အမှီရိုက်ရ၊ နတ်ပြရိုက်ရ၊ ရှင်လောင်းလှည့်ရိုက်ရ၊ ဆိုင်းရိုက်ရ၊ နောက်ရက် အလှူကြီးရိုက်ရ၊ ဧည့်ခံရိုက်ရ၊ ဘိသိက်ရိုက်ရ၊ ဆံချရိုက်ရ၊ ပရိတ်နာ ရေစက်ချရိုက်ရနဲ့ အလှူ ဗျောရိုက် ပတ်စာခွာ ဖျာသိမ်းမှ အလှူ့ဒကာ အရိပ်အကဲကြည့်ပြီး စရံလေးတောင်းတော့ မင်းတို့က စရံပေးရဦးမှာလား ဘာလား ညာလားနဲ့ မနည်းကုပ်ကပ်တောင်းရတာဗျ။

ဘိသိက ်သင်ကြစို့
——————–

ဟော ဘိသိက်ဆရာတို့များ ဘိသိက်သွန်းခါနီးမှ ဆိုင်ကယ်လေးနဲ့ရောက်လာ၊ အလှူ့ဒကာက မဏ္ဍပ်ဦးမှာနေရာပေး၊ ဘေးနားက ဒူးလေးတုပ်ပြီး ယပ်ခတ်ပေး။ ဘိသိက်ဆရာက အိတ်ထဲက မျက်နှာချေလေးလိမ်း တောင်ရှည်နဲ့ သိုရင်းဝတ် ခေါင်းပေါင်းစွပ်ပြီး နှုတ်ခမ်းရဲအောင် ကွမ်းလေး ဝါးပြီး သူ့ဏ္ဍစတာ၊ ဘာကြမလဲဗျာ၊ ၁နာရီ ၂နာရီပေါ့၊ နတ်ထွက် အလှူခံပြီး ဘိသိက်ခန်းအပြီး အဝတ်အစားလဲချိန် အလှူ့ဒကာရော အလှူ့အမရော ဘိသိက်ဆရာဘေး ဒူးလေးတုပ်ပြီး ဉာဏ်ပူဇော်ခကို လက်အုပ်လေးချီပြီး ပေးရတာဗျ၊ ခဏနေတော့ ဘိသိက်ဆရာက ဆိုင်ကယ်လေးနဲ့ ကျော့ကျော့လေးပြန်ရုံပါဗျာ၊ လွန်ရောကျွံရော ၃နာရီပေါ့၊ ကျုပ်တို့လို ၃ညအိပ်ပြီး မနက်၃နာရီလည်း ထစရာမလိုပါဘူးဗျာ။ ရတဲ့ငွေကြေးလည်း ဘ်သိက်ဆရာထက်မပိုပါဘူးဗျာ၊ သည်တော့ ကျုပ်ကတော့ မမီတော့ဘူး၊ ခင်ဗျားက အချိန်မီသေးတယ်၊ ပဲဝင်းက ရွှေမန်းအောင်ကြည်ဆီ ဘိသိက်သာ သင်ပေတော့ဗျို့” ဟု အရွမ်းဖောက်တော့သည်။

သည်လိုနှင့် ကင်မရာ အိတ်ကြီးတွေလွယ်ပြီး ၂ယောက်သား စက်ရိပ်တွင် အပ်ထားခဲ့သော စက်ဘီးကို ယူပြီး ခြေကုန်လက်ပန်းကျကာ ပြန်ခဲ့ကြသည်။ အိမ်သို့ မပြန်နိုင်သေး၊ ရေစက်ရုံကြီးနားက လှဂုဏ်ရည်သို့ပြန်ကာ ဖိုးအိုတူးဘက်ထရီတွေ၊ မှန်ဘီလူးတွေ ပြန်အပ်ရဦးမည်။ ထို့နောက် အခုရိုက်လာသော ဖလင်လိတ်ကို ဆေးဖို့ ပုံကူးဖို့ အပ်ခဲ့ရဦးမည်။ အရင်ဖလင်လိတ်ဆေးခ ကူးခ ကြွေးမကျေသေးဘဲ အခု တစ်လိပ် ထပ်အပ်ရမှာ မျက်နှာက ခပ်ပူပူ။ သို့သော် ကိုကျော်ဝင်း ရော ဇနီး မဒွဲဘူရော ငွေကြေးကိစ္စဘာမှ မပြော၊ အဆင်ပြေကြလားဟုမေးကာ ထမင်းပင် ကျွေးလိုက်ပါသေး၏။

 

ဓာတ်ပုံလေးတွေအပ်၊ ဓာတ်ပုံဖိုးလေးတွေ ယူကြမယ်
——————————————————–

ဓာတ်ပုံ အောက်ဒိုးရိုက်ကြတော့ အဆင်မပြေတာလေးတွေ ပြောပြတာက မိတ်ဆွေတို့ စိတ်မချမ်းမြေ့စေဖို့ မဟုတ်ပါ။ ကိစ္စများမြောင် လူတို့ဘောင်မှ အခုအခံ အကျော်အဖြတ်လေးတွေကို သတိရလို့ ဖြစ်ပါသည်။ ထို အခိုက်အတန့်လေးများ နောက်ကွယ်က လူနေမှု စရိုက်လေးတွေ၊ ခေတ်ကာလ အခြေအနေလေးတွေကို တစ်ဖြတ် တစ်ပိုင်း မှတ်တမ်းတင်လို၍ ဖြစ်ပါသည်။ ကုန်းတစိတန် ရေတစ်တန် ဖြစ်သန်းပြီး တစ်အိမ်တက် တစ်အိမ်ဆင်း ကောက်သင်းကောက် ရိုက်ခဲ့ရသော ဖလင်လိတ်ကို လှဂုဏ်ရည်တွင် အရင်အကြွေး မကျေသေးဘဲ အမြန်ကူးခိုင်းကာ ပုံတွေ အမြန်အပ်မှ ငွေပေါ်မည်လေ။ ငွေပေါ်မှ ဖလင်ဖိုး ဓာတ်ခဲဖိုး နှင့် ပုံကူးခတွေ ရှင်းနိုင်မည်လေ။

ထို့ကြောင့် လှဂုဏ်ရည်မှာ ပုံကူးတာ ထိုင်စောင့်၊ ပုံလေးတွေ နံပတ်ထိုး၊ နဂ္ဂတစ်တွေ ဖိုင်ထည့်ပြီး ကိုသိန်းဆွေနှင့် နှစ်ယောက်သား အပြန်ဝင်ခဲ့မယ်နော်ဟု ကိုကျော်ဝင်းဇနီး မမဒွဲဘူကို နှုတ်ဆက်ရင်း ဝါဆိုလ၏ လေတသုန်သုန် နေပူကျက်ကျက်တွင် စက်ဘီးကိုယ်စီဖြင့် မြောက်ပြင် ရွှေကျင်ဂိတ်ကိုဖြတ်ကာ မတ္တရာလမ်းအတိုင်း စက်ရိပ်ရွာသို့ ယွန်းရတော့သည်။ ထုံးစံအတိုင်း စက်ရိပ်က ကိုသိန်းဆွေအသိအိမ်မှာ စက်ဘီးထားပြီး ချောင်းကူးမြောင်းကူး ရွာကလေးဆီ ခရီးဆက်ကြမည်။ သည်တစ်ခါ ကင်မရာအိတ်တွေမပါလို့ ဝန်ပေါ့သည့် အပြင် ဓာတ်ပုံတွေ အပ်ကာ ပိုက်ဆံရမှာမို့ ၂ယောက်သား တက်ကြွနေကြသည်။

စက်ရိပ်ရောက်သည်နှင့် အသိအိမ်က မန်ကျည်းပင်ရိပ်မှာ စက်ဘီးထိုးလိုက်သည်။ ထို့နောက် အကျိုးအကြောင်း ပြောဖို့ အိမ်ရှင်ကို အသံပေးလိုက်တော့ အိမ်ရှင်က နောက်ဖေးနွားစာစဉ်းနေရာက ထလာသည်။ ကိုသိန်းဆွေက ရွာသို့ ဓာတ်ပုံအပ်သွားမည့် အကြောင်း စက်ဘီးတွေ ထားခဲ့မည့် အကြောင်း ပြောလိုက်သည်။ ထိုအခါ စက်ရိပ်သား မိတ်ဆွေက “ ဟာ.. အဲ့ဒီရွာက ဒီလိုမြစ်ရေတက်တဲ့အခါ ဆိုရင် ရွာလုံးကျျွတ် ရေလွတ်ရာပြောင်းကြတာ၊ ရွာမှာ လူစောင့်ပဲရှိတာ။ လိုက်ချင်ရင်တော့ အများစုက သခင်မတောင်ခြေဖက်မှာ ပြောင်းကြပြီ၊ ၂ရက်လောက်ရှိရော့မယ်” ဟု ပြောသည်။

ကိုသိန်းဆွေက ပါးစပ်အဟောင်းသားနှင့် ကျွန်တော့်ကို ကြည့်သည်။ ကျွန်တော်ကလည်း သူ့ကို ပြန်ကြည့်ပြီး ဘာမှ မပြောနိုင်တော့။ မသေချာသည့်နေရာ ဆက်လိုက်ကြမလား။ နှစ်ယောက်သား မန်ကျည်းပင်အောက်က ဝါးကွပ်ပျစ်လေး ပေါ် အရုပ်ကြိုးပြတ် ထိုင်ချလိုက်ကြသည်။ မိတ်ဆွေက သည်အချိန်သူတို့ကို တစ်စုတည်း တွေ့ဖို့ ခဲယဉ်းသွားပြီ မြစ်ရေကလည်း ချက်ချင်းတက်လာတော့ အမြန်ပြောင်းကြတာ ဟု ရှင်းပြသည်။ ကိုသိန်းဆွေကို သူနှင့် ရင်းနှီးသူတိုင်းက သူ့အိမ်နံမည် ကိုတွတ်ဟုပဲ ခေါ်ကြသည်။ ကိုင်း.. ကိုကျော်ဆန်းရေ..၊ ပုံတွေကို ကျွန်တော်ယူထားပြီး မြစ်ရေကျမှ ပြန်ဆက်သွယ်ကြတာပေါ့ဟု ကိုသိန်းဆွေက ကျွန်တော့်ပြောသည်။ ကျွန်တော်လည်း အဲ့လိုပဲ ကောင်းပါတယ်ဗျာ၊ ဘယ်တတ်နိုင်ပါ့မလဲဟုပဲ ပြောရတော့၏။ ထို့နောက် ရောက်မှတော့ မထူးပြီမို့ မိတ်ဆွေ ချကျွေးသော ပဲလှော်ကြော်သုပ်ကို ရေနွေးကြမ်းပူပူနှင့် မြီးပြီး နေချိုမှပဲ စက်ရိပ်က ပြန်ခဲ့ကြတာပေါ့။ လှဂုဏ်ရည်ကို ကတိ ပျက်ပြန်ပြီ။ သည်တစ်ခါလည်း ကူးခတွေ မရှင်းနိုင်တော့။

 

ဆူးငှက်

Related posts

Leave a Comment

VOM News

FREE
VIEW