ဇွန် ၂၂ ၊ ၂၀၂၆
GG (VOM)
ရန်ကုန် – မန္တလေး အမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် ၁၁၇/၇ ဖာလုံမှာ ဒီကနေ့ ဇွန် ၂၂ ရက်နေ့ မနက်ပိုင်းက ခရီးသည်တင် Express ကားနှစ်စီးတိုက်မိပြီး သုံးယောက်သေဆုံးကာ လေးယောက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
ဖြစ်စဥ်က မနက်အစော ၃ နာရီလောက်မှာ ရတနာဖြိုး Express ခရီးသည်တင်ကားကို ရွှေမန္တလာ Express ကားက နောက်ကနေ ဝင်တိုက်မိပြီး အဆိုပါ ကားနှစ်စီးပေါ်က ယာဥ်မောင်းနှစ်ယောက်နဲ့ ယာဥ်နောက်လိုက်တို့ သေဆုံးခဲ့တာ ဖြစ်တယ်လို့ သိရပါတယ် ။
” သေတာ ယာဥ်မောင်းနှစ်ယောက်နဲ့ စပါယ်ယာကောင်လေးပါ ။ စပါယ်ယာကောင်လေးဆိုရင် အသက် ၂၀ လောက်ပဲရှိမယ် ။ ယာဥ်မောင်းတွေကတော့ ၄၀ ဝန်းကျင်လောက်တွေပါ ။အလောင်းတွေ အကုန်လုံးဆေးရုံပို့လိုက်တယ်။ ဒဏ်ရာရတဲ့သူတွေထဲက စပါယ်ယာကောင်လေးကတော့ ညှပ်ရိုးကျိုးသွားတယ် သိရတယ်။ ကျန်သူတွေကတော့ ဒဏ်ရာအခြေအနေသေချာမသိဘူး ။ ” လို့ မြေပြင်ကူညီရေး ဆောင်ရွက်ခဲ့တဲ့ မြို့မရှင်ရေးနာရေးကူညီမှုအသင်းတာဝန်ရှိသူက ပြောပါတယ်။
အဆိုပါ ယာဥ်တိုက်မှုအတွင်း ထိခိုက်ဒဏ်ရာရသူတွေက အမျိုးသားသုံးယောက် နဲ့ ကိုရင်တပါး တို့ဖြစ်ပြီး ဒဏ်ရာရရှိသူတွေအားလုံးကို ဖြူး ဆေးရုံကို ပို့ဆောင်ထားတယ်လို့ သိရပါတယ်။
ဇွန် ၇ ရက်ကလည်း ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး မိုင်တိုင်အမှတ်(၂၂၁/၇)အနီးမှာ ခရီးသည်တင် Express ကားသုံးစီးအပါအဝင် ယာဥ်ခြောက်စီးဆင့်တိုက်မှုဖြစ်ပွားပြီး လူကိုးယောက်ထိခိုက် ဒဏ်ရာရရှိခဲ့တယ်လို့ မီးသတ်တပ်ဖွဲ့က သိရပါတယ်။
ပြီးခဲတဲ့ မေလကလည်း အမြန်လမ်းမှာ ယာဥ်တိုက်မှု ၁၀ ကြိမ်လောက်ဖြစ်ပွားခဲ့ပြီး လေးယောက်သေဆုံးကာ ၂၀ လောက်ထိခိုက်ဒဏ်ရာရရှိခဲ့တာကို အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့် ကြီးကြပ်ရေးအဖွဲ့ ထုတ်ပြန်ချက်စာရင်းအရသိရပါတယ်။
၂၀၂၆ ခုနှစ် ဇန်နဝါရီကနေ ဧပြီလကုန်အထိ အမြန်လမ်းမမှာ ယာဥ်မတော်တဆ ဖြစ်ပွားမှုအနေနဲ့ဆိုရင်ယာဉ်မတော်တဆမှု ၅၂ မှု ရှိခဲ့ပြီး သေဆုံးသူ ၃၂ ယောက် နဲ့ ထိခိုက်ဒဏ်ရာ ရရှိသူ ၆၃ ယောက် အထိရှိခဲ့တယ်လို့ သိရပါတယ်။
အမြန်လမ်းမှာဖြစ်ပွားတဲ့ ယာဥ်မတော်တဆမှု အများစုက ယာဥ်မောင်းအိပ်ငိုက်ပြီး မောင်းနှင်ရာကနေ ဖြစ်ပွားခြင်း ၊ သတ်မှတ်မိုင်နူန်းထက် အရှိန်ပိုများပြီးမောင်းခြင်းကြောင့် ဖြစ်ပွားလေ့ရှိတာဖြစ်တယ်လို့ သိရပါတယ်။
ဓာတ်ပုံ – မီးသတ်
