သူတို့အိမ် အခန်း (၁၅၀)

ဆူးငှက်

သူ့စရိတ်နှင့်သူ လာကူညီသူ
——————————–

ဦးဖေညွန့်က အရပ်ရှည်ပြီး ပိန်သလောက် အသံက အလွန်ကျယ်သည်။ မဟုတ်မခံစိတ်ရှိသူဖြစ်သလို အရာရာ ခေါင်းငုံ့မခံသူလည်း ဖြစ်သည်။ မုံရွာ ဆုတောင်းပြည့် ဘုရားကြီး တောင်ဘက်မုခ်အနီးနေထိုင်ကာ ထိုစဉ်က ဘုရားကြီးရပ်ကွက် ရ.လ.က လူကြီးလည်းဖြစ်သည်။ ကျွန်တော့် ဓာတ်ပုံကိစ္စကို မမခင်ဝင်းတို့ ဦးဇော်ဝင်းတို့ထံမှ သိပြီး မခံချင်သောကြောင့် သူ့စားရိတ်နှင့်သူ မန္တလေးထိ ကျွန်တော့်ထံလိုက်လာကာ အကျိုးအကြောင်းမေးပြီး ဆရာလေး ကျောင်းသို့ တစ်ကိုယ်တော် ချီတက်သွားခြင်း ဖြစ်သည်။ ကျွန်တော့်ထံက လိပ်စာပဲမေးပြီး အိမ်က စက်ဘီးငှားလိုက်ရရုံပဲ ဖြစ်သည်။

မကြာပါ။ ထွက်သွားပြီး တနာရီလောက်နေတော့ ဦးဖေညွန့် ပြန်ရောက်လာသည်။ ဆရာလေးနဲ့ တိုက်ရိုက်တွေ့ပြီး သူက တော်တော်ပြောခဲ့သတဲ့။ ဆရာလေး၏ ဓာတ်ခန်း ဓာတ်စီးကိစ္စတွေက သာသနာသန့်ရှင်းရေးနဲ့ ညိနေတယ်။ ဆက်လုပ်နေရင် သူက သာသနာသန့်ရှင်းရေး ခေါင်းစဉ်တပ်ပြီးတိုင်မယ်။ အခု ဓာတ်ပုံကိစ္စလည်း အမြန်ဆုံးဖြေရှင်းပါ။ ဒီဓာတ်ပုံတွေကိုက အထောက်အထားတွေပဲလို့ ထိုင်တောင်မထိုင်ဘဲ ပြတ်ပြတ်သားသားပြောခဲ့သတဲ့။ ဒီတော့ ဆရာလေးက တောင်းပန်ပြီး ချက်ချင်းပဲ သူ့သာဝကတွေကို ကားနဲ့လွှတ်ပြီး ဓာတ်ပုံတွေ ရွေးခိုင်းလိုက်ပါမယ်။ စိတ်ချပါလို့ ပြောလိုက်တာနဲ့ ပြန်လာခဲ့တာတဲ့။

သူက မုံရွာပြန်တော့မယ်။ ကိုကျော်ဆန်း အဆင်ပြေပြီမဟုတ်လား၊ ကျွန်တော် စောစောက မသိလို့ဗျာ ဆိုပြီး ပြန်သွားသည်။ ထမင်းပင်းကျွေးလို့မရ။ သည်လို ကူညီလိုက်ရသောကြောင့် ဦးဖေညွန့်က တာဝန်တစ်ခု ကျေပြွန်သွားသလို ကျေနပ်နေသည်။ မကြာပါ နောက် နာရီဝက်လောက်အကြာ အိမ်သို့ ဆရာလေး၏ သာဝကလူကြီးများ လင်ရိုဘာကားနှင့် ရောက်လာကြပြီး ပုံတွေယူကာ ဘေင်ချာအတိုင်း ကျသင့်ငွေ ရှင်းသည်။ ဘာရှင်းစရာ ကျန်ပါသေးလဲ တစ်ခါတည်း ရှင်းပါမယ်ဟုလည်း တွင်တွင်ပြောသည်။

သာသနာ သန့်ရှင်းရေးတဲ့
————————–

ကျွန်တော်က စိတ်ပျက် လက်ပျက်မို့ ဓာတ်ပုံတင်မက သူတို့ မတောင်းသော်လည်း နဂ္ဂတစ်ဖိုင်များပါ ပေးလိုက်သည်။ တစ်ခါတစ်ခါ ထိုကိစ္စကို သတိရတိုင်း နဂ္ဂတစ်ဖိုင်တွေ မပေးလိုက်ဘဲ ယူထားရင် အထောက်အထားတစ်ခု ရနိုင်တာပဲ မှတ်တမ်းပေါ့ ဟု တွေးမိပါသေး၏။

သို့သော် နဂ္ဂတစ်အားလုံး ပြန်ပေးလိုက်ခြင်းဖြင့် ကိုယ့်အတွက်တော့ စိတ်ရှင်းသွားပါသည်။ အဘယ့်ကြောင့် ဆိုသော် နောက် တစ်နှစ်မျှမကြမီ အချိန်အတွင်း အညာက မြို့ကြီးတစ်မြို့တွင် ဆရာလေးနှင့် သာဝကများက နဂိုရှိပြီး ဘုရားဝင်းကြီး တစ်ဝင်းထဲတွင် ဓာတ်စေတီများတည်၊ စေတီများ ထီးတော်တင်ပွဲနှင့် ထွက်ရပ်ပေါက်ပုဂ္ဂိုလ်များရုပ်တုများ ဓာတ်ခန်း ဖွင့်သည့် ပွဲကို အကြီးအကျယ် ကျင်းပသည်။ ထိုပွဲလမ်းကြီး၌ ပြဿနာ တက်ကာ ပွဲပျက်ခဲ့ရုံမက သံဃာ့နာယကအဖွဲ့က သာသနာသန့်ရှင်းရေးနှင့် အရေးယူလိုက်သည်ဟု ကြားလိုက်ရသည်။

ဆင်ရွာကြီး စတည်းချ ဓာတ်ပုံဆရာ
————————————–

သည်တော့ ကျွန်တော့် ဓာတ်ပုံလုပ်ငန်းက အဆင်မပြေ။ သည်တော့ ပွေဲလမ်းတွေ မလိုက်ဖြစ်တော့။ ကိုယ့်ထဲကိုယ့်ဟာ သေချာမှ လ်ုက်တော့သည်။ ပြောခဲ့သလိုပါပဲ ဗီဒီယိုခေတ် လုံးလုံးဖြစ်သွာချိန် ဗီဒီယိုကင်မရာမှ မကိုင်နိုင်လျှင် ပရော်ဖစ်ရှင်နယ် မလုပ်တာ ကောင်းသည်။ ကိုသိန်းဆွေကတော့ သူ့ပုသိမ်ကြီးနယ်က ဆက်စပ်ရာ သေချာသည့် ပွဲလမ်းများ ရတတ်သောကြောင့် ကျွန်တော်က အကူအဖြစ် လိုက်သည်။ အထူးသဖြင့် ဆင်ရွာကြီးက ကောင်စွစာရေး ကိုအုန်းမောင်က ကိုသိန်းဆွေနှင့် ညီအစ်ကိုလိုရင်းနှီးတော့ သူ့အပိုင် ဆင်ရွာကြီးက ပွဲလမ်းမှန်သမျှ ဓာတ်ပုံရိုက်ရသည်။ ဆင်ရွာကြီးမှာ ဘာပွဲရှိရှိ ကိုအုန်းမောင်က သူ့အိမ်မှာပဲ ကျွန်တော်တို့ကို စတည်းချ ထမင်းကျွေးကာ ပုံအပ် ပိုက်ဆံတောင်းအထိ သူက တာဝန်ယူသည်။

ထို့ပြင် အနီးအနား အင်ကျယ်၊ ထန်းတော၊ သာမက ဝသုန္ဒြ ရွှေတောင်ငွေတောင်ဘက်ကရွာတွေ အထိ ကိုအုန်းမောင်ကပဲ ဆက်စပ် တာဝန်ယူပေးသည်။ ကျွန်တော်နှင့် ကိုသိန်းဆွေကတော့ အများဆုံးသွားရသည့် ဆင်ရွာကြီးကို မတ္တရာလမ်းကတဆင့် နန္ဒာနတ်ကွန်းအလွန် တောလမ်းလေး အတိုင်း လယ်ကွင်းတွေကိုဖြတ်ကာ စက်ဘီးနှင့် သွားကြရင်း ရွှေမင်းဂံသီးချင်း၊ လက်ရေတပြင်တည်း သီချင်းတို့ကို တကြော်ကြော် အော်ဆိုသွားကြရတာ သဘောကျလှသည်။ ဆင်ရွာကြီးမှာလည်း တည်းရသည့် ကိုအုန်းမောင်အိမ်က အသက်၈၀အရွယ် သူ့ယောက္ခကြီးနှင့် ညနေပိုင်း ထန်းရည်တစ်အိုးအလယ်ချကာ စကားပြောရတာ အရသာရှိလှသည်။ အဘိုးကြီးက နန်းတော်ရှေ့ဆရာတင်နှင့် တေဖော်တေဖက်ဖြစ်ပြီး ဆရာတင် ဒီဘက်လာတိုင်း အိမ်ရှေ့မင်းထန်းတောက မပြန်တမ်း သောက်ကြသည့် အကြောင်းတွေ ပြောပြသည်။

ထိုစဉ်က အိမ်ရှေ့မင်းထန်းတောမှာ အကောင်းဆုံး ထန်းရည်ရသည့် အပင်နံမည်က ဗိုလ်ကတော် လည်ညိတ်တဲ့။ အရက်ကောင်းကြိုက်သည့် အင်္ဂလိပ်များ၏ ကတော်များကပင် ဒီအပင်က ထန်းရည်ကဖြင့် ကောင်းလှပါချည့်ဟု လည်တညိတ်ညိတ် ဖြစ်သည်မို့ ဗိုလ်ကတော် လည်ညိတ်ဟု အမည်ပေးထားသသည်တဲ့။ ဤသို့ ဆူးခတ်ကာ တသီးတသန့်ထားသည့် ဗိုလ်ကတော်လည်ညိတ် ထန်းရည်ကို ဆရာတင်က လပေး ၃ကျပ်နှင့် လလုံးပေါက် သောက်သတဲ့။ ထိုသို့သော အကြောင်းများနှင့် ဆရာတင့်ဘဝ ဆရာတင့် သီချင်းများအကြောင်း ကိုအုန်းမောင်၏ ယောက္ခမကြီးက ပြောပြသည်။ ကျွန်တော်တို့လည်း နောက်ရက် ဓာတ်ပုံရိုက်အပြီး အိမ်သို့ တန်းမပြန်ကြဘဲ မြောင်းမကြီးအတိုင်း မြောက်ဘက် အိမ်ရှေ့မင်းထန်းတောသို့ ဝင်ကာ အမဲကြော်၊ ပဲလှော်ကြော်သုတ်လေးနှင့် ပင်ပေါ်ကျ ၂မြူလောက် နေပူခံ နားနားနေနေသောက်ပြီး ညနေစောင်းမှ ကြာနီးကန်ကတဆင့် အိမ်ပြန်ကြတော့သည်။

ဘုရားဖူးခရီးစဉ် ကန်ထရိုက်လား
————————————–
နောက်ထပ် သပိတ်ဝင် အိတ်ဝင် သေချာပေါက် ဓာတ်ပုံဖိုးရသည့် ပွဲလည်း ရှိပါ၏။ ပွဲဆိုသည်ထက် ခရီးစဉ်ပဲဆိုပါစို့။ ထိုအစီအစဉ်က ကျွန်တော့်ဘက်က ရသည်။ အလုပ်ရုံ၏ အလုပ်သမားအစည်းအရုံးက ပြောခဲ့သည့်အတိုင်း “စည်းရုံး၊ စည်းကမ်း၊ ကုန်ထုတ်၊ သက်သာ” ကဏ္ဍ ၄ရပ်တွင် သက်သာ ကဏ္ဍစီမံချက်အဖြစ် နှစ်စဉ် သင်္ကြံန်ပိတ်ရက်တွင် ဘုရားဖူးလေံလာရေး ခရီးထွက်ခြင်း ဖြစ်သည်။ သည်အစီအစဉ်က အလုပ်ရုံသို့ ကျျွန်တော် အလုပ်ဝင်မှ စတင်သည့် အစီအစဉ်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ကျွန်တော် ကျောင်းပြီးကာစ ဟိုယောင်ယောင် သည်ယောင်ယောင် ဖြစ်နေစဉ် ကျွန်တော်နှင့် စနေနေ့ညတိုင်း တွေ့ဖြစ်သည့် ဝမ်းကွဲအစ်ကိုနှင့် တွဲပြီး ဘုရားဖူးခရီးတစ်ခု ဦးဆောင်ကာ ထွက်ဖူးသည်။ အစ်ကိုက အာဇာနည်ကုန်းအနီး အာတီဘီ ရုံးက သူ့မိတ်ဆွေ အကူအညီဖြင့် ဟီးနိုးရိမ်းဂျားတစ်စီးကို အစိုးရဈေးဖြင့် ငှားရမ်းပြီး ဆွေမျိုးမိတ်ဆွေများစုကာ ရွှေစက်တော် ပုဂံေညောင်ဦး ပုပ္ပား ခရီးထွက်ကြသည်။ သည်ခရီးက အဆင်ပြသည်။ အားလုံးပျော်ပျော်ရွှင်ရွှင် ချောချောမွေ့မွေ့နှင့် အောင်မြင်ခဲ့၏။

ထို့ကြောင့် နောက်နှစ်တွင် မုံရွာ မန္တလေးပြေးဆွဲသော အောင်စြက်ာကားကြီးငှားကာ ထိုနေရာများအတိုင်း နောက်ထပ် ထွက်ကြပြန်သည်။ သည်တစ်ခါ ဝမ်းကွဲ အစ်ကိုမပါတော့။ ထိုအခေါက် ခရီးစဉ်ကတော့ အဆင်မပြေ၊ လိုက်ပါလာသူများထဲတွင် တစိမ်းများပါလာကာ ပထမ အခေါက်ကလို ဝိုင်းလုပ်ဝိုင်းစားပုံစံ မဟုတ်တော့ဘဲ ကျွှန်တော်က ကံထရိုက်ဆွဲပြီး ပို့ရသူဟု သတ်မှတ်ကာ ကားပေါ် အခန့်သား လိုက်ကြသည်။ အရက်သေစာသောက်စားကြသည်။ ပုဂံမှာ ချောက်က ဘုရားဖူးအဖွဲ့နှင့် ရိုက်ပွဲဖြစ်ပြီး ညောင်ဦးဂတ်တဲတွင် တစ်နေကုန်သည်။ မနည်းတောင်းပန်ပြီး ခရီးဆက်ရ၏။ ရွှေစက်တော်မှာလည်း ပွဲခင်းထဲ အခြားဘုရားဖူးမိန်းမပျိုလေးများကို ညကြီးမိုးချုပ်ရေပက်ကြလို့ ပွဲတော်အုပ်ချုပ်ရေး သံဃာများက ခေါ်ယူသတိပေး ခံရသည်။ အပြန်မှာ ကားပျက်သောကြောင့် စရိတ်တွေ ပိုကုန်သည်။ ခရီးစဉ်အပြီး ကျွန်တော်လည်း ၃၀၀ လောက် စိုက်လိုက်ရ၏။ ထိုအတွေ့အကြုံများရှိသည်ဆိုကာ အလုပ်ရုံက လုပ်သားများကို ရွှေစက်တော် ပုဂံညောင်ဦး ပုပ္ပားခရီးစဉ် ကို သင်္ကြန်အကြိုမတိုင်မီ တရက်မှ စတင်ကာ အကြတ်နေ့ ပြန်အရောက် စီစဉ်ရန် တာဝန်ပေးခံရသည်။

သည်ခရီးစဉ်က ငွေရေးကြေးရေးကို သက်သာရံပုံငွေက စိုက်ထုတ်ပြီး စာရင်းနှင့် သုံးစွဲရသည်။ မနက်စောစာနှင့် ထမင်း၂နပ်အပါ စရိတ်ငြိမ်း အပြီးအစီး ဖြစ်သည်။ ကျန်သုံးတာက ကိုယ့်စရိတ်နှင့် ကိုယ်ပေါ့။ ဘုရားဖူးထွက်သည့် သင်္ကြန်မတိုင်မီက နှစ်ချုပ်စာရင်းအပြီး လုပ်သက်ဆုတွေ အစုပေါ်အမြတ်တွေ စသည့် ရပိုင်ခွင့်များ ထုတ်ပေးပြီးမို့ လုပ်သားများက ငွေရွှင်နေကြသည်။ သည်တော့ ထိုခရီးစဉ်မှာ ကျွန်တော်က ကင်မရာလေးယူလာပြီး ပါလာသည့် လုပ်သား၅၀ကျော်၏ ခရီးစဉ်တလျှောက် ဓာတ်ပုံများရိုက်ပေးသည်။ ပြန်ရောက်တော့ ပုံကူးကာ လစာထုတ်ချိန် ပုံအပ်ရင်း လစာထဲက ဖြတ်တောက်လိုက်သည်။ သည်တော့ သပိတ်ဝင် အိတ်ဝင်ပါပဲလေ၊ အပြိုင်အဆိုင်လည်းမရှိ ငွေမရမှာလည်းမပူရပေ။ သည်ခရီးကလည်း နှစ်စဉ် စီစဉ်သည်။ ကျိုက်ထီးရိုးပါသည်၊ မိုးညှင်းသံဗုဒ္ဓေ ဗောဓိတထောင် ဖိုဝင်တောင် တွင်းတောင် ပါသည်။ ရွှေစက်တော် ပုဂံညောင်ဦး ပုပ္ပား ကတော့ တစ်ခေါက်မကတော့။

ကိုယ့်ရိက္ခာနှင့် ကိုယ် ကြိုတင်စီစဉ်
————————————

တစ်ခုပါပဲ၊ ကိုယ့်ရဲဘော်များက ဘုရားဖူးထွက်မည့် ရက်မတိုင်ခင် တလလောက်ကတည်းက ဖိနပ်သုတ်သည့် သုတ်ဆေးဘးူတွေကို ဆေးကုန်သည်နှင့် ဆေးကြောတိုက်ချွတ်ကာ အင်တုံကြီးထဲရေထည့် စိမ်ထားကြသည်။ ထိုဆေးဘူးများက တထွာသာသာအမြင့် လက်တဝါးလောက် အကျယ်မှာ လက်သုံးလုံးလောက် ထူသည်။ ထိုဆေးဘူးများက ခရီးထွက်မည့်ရက်ရောက်လျှင် အားလုံးစင်ကြယ် သန့်ရှင်းသွားပါပြီ။ ထိုဘူးများ စင်ကြယ်သွားသည်နှင့် ဘူးတိုင်းတွင် ဥယျာဉ်တန်းဘားအနီး ဖောက်သည်ဆိုင်များက အရက်ကို ဘူးစေ့ ပြည့်လုနီး ထည့်သည်။ ထည့်ပြီး အဖုံးကို လုံအောင်ပိတ်ကာ ကြိုးဖြင့်သီပြီး ကျည်ကပ်များပမာ ခါးမှာ ပတ်သူပတ် စလွယ်သိုင်း လွယ်သူလွယ်နှင့် တယောက်လျှင် အနည်းဆုံး ၈ဘူးလောက် လွယ်ထားပြီး ကားပေါ်တက်ကြ၏။ များသောအားဖြင့် ခရီးစဉ်ကို ည ၈နာရီလောက်မှာ စထွက်ဖြစ်တော့ ညနေစောင်း ကတည်းက အလျင်နှင့် ကားပေါ်ရောက်သည်နှင့် လွယ်ထားသော ဘူးကို ဖွင့်ကြတာမို့ တံခွန်တိုင် မရောက်မီ ကားတစ်စင်းလုံး ဒေါင်ချာစိုင်းနေကြပါပြီ။ ကျွန်တော်ကတော့ ဦးဆောင်သူမို့ ကားရှေ့ခန်းမှာ ဒရိုင်ဘာနှင့် ရွှေလမ်းငွေလမ်းခင်းနေရသည်မို့ သက်သာရာရသည်ဆိုပါစို့။ ထိုစလွယ်သိုင်းထားသည့် ဘူးများကို ရောက်သည့်နေရာမှာ ချက်ချင်း မပြတ်မလတ်ဖြည့်တင်းဖို့ ကားနားသည့် နေရာတိုင်းက ဘယ်မှာရသည်ဆိုသည်ကို သူတို့က သိကြပြီးမို့ အဆင်ပြေနေသည်။

ထို့ကြောင့် ရောက်သည့် ဘုရားမှာ ဝာတ်ပုံရိုက်ဖို့ အမြဲတက်ကြွနေကြ၏။ ရွှေစက်တော်လိုနေရာမှာတော့ ရေထဲက မတက်တော့ဘဲ ဓာတ်ပုံပဲ ရိုက်ကြသည်။ ထိုသို့သော ဘုရားဖူးခရီးစဉ်များတွင် ပြဿနာဆိုလို့ ပုဂံ လောကနန္ဒာတွင် တွင် သူများသစ်ကနက်ပင်ကို ခုတ်ပြီးသစ်ကနက်သားယူလို့ တစ်ရွာလုံက ထွက်လာကာ ကားကို ဝိုင်းထားသည်ကို မနည်းတောင်းပန်၍ လျော်ကြေးပေးခဲ့ရသည်။ ကျိုက်ထီးရိုးခရီးစဉ်တွင် ပဲခူး၌ ညအိပ်ကြစဉ် သူများဘုရားဖူးကားက ခြင်ထောင်ကို ကိုယ့်လူတစ်ယောက်က မူးပြီး သွားလှန်မိလို့ ဝိုင်းရိုက်မည့်ဘေးက တောင်းပန်ရသည်။ ဒါလောက်ပါပဲ။ အင်း.. ခရီးစဉ်အပြန် သင်္ကြန်အပြီး အလုပ်ပြန်ဖွင့်ကာ ဧပြီလကုန် စာရင်းရှင်း လစာချတော့ ဓာတ်ပုံများနှင့် ဓာတ်ပုံဖိုးဖြတ်ပြီး ကျန်ငွေလေးကိုင်ရင်း ကျွန်တော့်ကိုကြည့်ကာ တကယ် ဖြတ်တာကိုးဆရာ ဟူသော အသနားခံ အကြည့်ကိုတော့ အသည်းမာ ရတာပေါ့လေ။

 

 

ဆူးငှက်

 

Related posts

Leave a Comment

VOM News

FREE
VIEW