ဇူလိုင် ၁၀ – ၂၀၂၆
SN (VOM)
အမျိုးသားစာပေ တသက်တာဆုရ စာရေးဆရာမကြီး ဒေါက်တာမတင်ဝင်း (ပညာရေးတက္ကသိုလ်) ဟာ ဒီကနေ့ ဇူလိုင် ၁၀ ရက်၊ မနက်ပိုင်းက ကွယ်လွန်သွားပြီဖြစ်တယ်လို့ စာပေလောက အသိုင်းအဝိုင်းက သိရပါတယ်။
ဆရာမကြီးဟာ ရန်ကုန်မြို့ရှိ မင်္ဂလာဒုံ ကုတင် (၁၀၀၀) စစ်ဆေးရုံမှာ ကွယ်လွန်ခဲ့တာဖြစ်ကာ ကွယ်လွန်ချိန်မှာ အသက် (၈၆) နှစ် ရှိပြီဖြစ်တယ်လို့ သိရပြီး ကြွင်းကျန်ရစ်တဲ့ ဥတုဇရုပ်ကလပ်ကို လာမယ့် ဇူလိုင် ၁၂ ရက် (တနင်္ဂနွေနေ့) နေ့လယ် ၁ နာရီမှာ မင်္ဂလာဒုံစစ်ဆေးရုံ ငြိမ်းအေးဇရပ်မှ မင်္ဂလာဒုံ စစ်သင်္ချိုင်းကို ပို့ဆောင် မီးသင်္ဂြိုဟ်ကာ အရိုးပြာကို မန္တလေးတိုင်း ပုဂံ – ညောင်ဦးကို ပို့ဆောင် ဂူသွင်းမှာဖြစ်တယ်လို့ သိရပါတယ်။
ဆရာမကြီး ကွယ်လွန်တာနဲ့ ပတ်သက်လို့ သူမရဲ့ သမီးဖြစ်သူက “ကျွန်မအမေ ဒေါက်တာမတင်ဝင်း (ပညာရေးတက္ကသိုလ်)၊ ဒီနေ့ ဇူလိုင် ၁၀ ရက် (သောကြာနေ့)၊ မနက် ၇ နာရီအချိန် ကျွန်မတို့ကိုထားခဲ့ပြီး ထွက်သွားပါပြီ” လို့ လူမှုကွန်ရက် စာမျက်နှာကတဆင့် အသိပေးထားပါတယ်။
စာရေးဆရာမကြီး ဒေါက်တာမတင်ဝင်း (ပညာရေးတက္ကသိုလ်) ဟာ သမိုင်း၊ နိုင်ငံရေး၊ လူငယ်ရေးရာနဲ့ စိတ်ခွန်အားဖြည့် စာပေအများအပြားကို ရေးသားခဲ့သူဖြစ်ပြီး ရန်ကုန်ပညာရေးတက္ကသိုလ်၊ သင်ပြနည်းပညာဌာနမှာ သမိုင်းပါမောက္ခအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူလည်း ဖြစ်ပါတယ်။
ဆရာမကြီးဟာ ၂၀၀၁ ခုနှစ်မှာ “ကုန်းဘောင်ကိုဆန်၍” စာအုပ်နဲ့ အမျိုးသားစာပေဆု ရရှိခဲ့သလို ၂၀၀၃ ခုနှစ်မှာ “အာရှနိုင်ငံများကို ဖဲ့ယူသိမ်းယူခဲ့ကြသည့် နယ်ချဲ့များ” စာအုပ်နဲ့ အမျိုးသားစာပေဆု ထပ်မံရရှိခဲ့တဲ့အပြင် ၂၀၀၄ ခုနှစ်မှာလည်း “မင်းယောကျ်ားတို့၏ စကားရာဇဝင်” စာအုပ်နဲ့ တတိယအကြိမ်မြောက် အမျိုးသားစာပေဆုကို ရရှိခဲ့တယ်လို့ သိရပါတယ်။
ဒါအပြင် ဆရာမကြီးဟာ ၂၀၂၁ ခုနှစ်အတွက် အမျိုးသားစာပေ တသက်တာဆုနဲ့ အလင်္ကာကျော်စွာဘွဲ့ကိုလည်း ရရှိခဲ့သလို ၂၀၂၂ ခုနှစ်မှာလည်း စွမ်းဆောင်မှု့ဆိုင်ရာ ဂုဏ်ထူးဆောင်ဆု၊ ၂၀၂၅ ခုနှစ်မှာ စည်သူ့ဘွဲ့ကို ရရှိခဲ့တယ်လို့ သိရပါတယ်။
ဆရာမကြီးကို ၁၉၄၀ ခုနှစ်မှာ မင်းဘူးခရိုင်၊ ဆင်ဖြူကျွန်းမြို့မှာ အဖ ဦးဘဌေး၊ အမိ ဒေါ်ရင်ရင်တို့က မွေးဖွားခဲ့တာဖြစ်ပြီး ၁၉၅၆ ခုနှစ်မှာ ရေနံချောင်းမြို့ အ.ထ.က (၁) ကနေ တက္ကသိုလ်ဝင်တန်း အောင်မြင်ခဲ့ကာ ၁၉၅၈ ခုနှစ်မှာတော့ မကွေးဥပစာကောလိပ်မှ ဥပစာတန်း အောင်မြင်ခဲ့တယ်လို့ သိရပါတယ်။
၁၉၆၁ ခုနှစ်မှာတော့ ရန်ကုန်တက္ကသိုလ်မှ ဝိဇ္ဇာဘွဲ့ရရှိခဲ့ပြီး ၁၉၆၃ ခုနှစ်မှာ ရန်ကုန်တက္ကသိုလ်၊ ပညာရေးမဟာဌာနမှ ပညာရေး ဝိဇ္ဇာဘွဲ့ရရှိခဲ့ကာ အဲဒီနှစ်မှာပဲ ရေနံချောင်းမြို့၊ အ.ထ.က (၁) မှာ အထက်တန်းပြ ဆရာမအဖြစ် တာဝန်ထမ်းဆောင်ခဲ့တယ်လို့ သိရပါတယ်။
၁၉၆၅ ခုနှစ်မှာ ဆိုဗီယက်ပြည်ထောင်စုကို ပညာတော်သင် သွားရောက်ခဲ့ပြီး ၁၉၆၈ ခုနှစ်မှာတော့ ပညာတန်ဆောင် မဂ္ဂဇင်းမှာ ပညာရေးဆိုင်ရာ ဆောင်းပါးတွေ စတင် ရေးသားခဲ့ကာ ၁၉၇၀ ပြည့်မှာ သင်ပြနည်းပညာ (သမိုင်းအထူးပြု) ဘာသာရပ်နဲ့ ပါရဂူဘွဲ့ ရရှိခဲ့တယ်လို့ သိရပါတယ်။
ဆရာမကြီးဟာ ပညာရေးတက္ကသိုလ် သင်ပြနည်းပညာဌာနမှာ ပါမောက္ခအဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့ပြီး ၁၉၈၄ ခုနှစ်မှာ “သောင်းပြောင်းထွေလာမဂ္ဂဇင်း” ကနေတဆင့် စာပေနယ်ထဲ ဝင်ရောက်ခဲ့ကာ ၁၉၉၂ ခုနှစ်မှာတော့ ပထမဆုံး ပုံနှိပ်စာအုပ်အဖြစ် “ရာဇဝင်ထဲမှ မိန်းမသား” စာအုပ်ကို ထုတ်ဝေခဲ့တယ်လို့ သိရပါတယ်။
ဆရာမကြီးရဲ့ ထင်ရှားအောင်မြင်ခဲ့တဲ့ စာအုပ်အများအပြား ရှိတဲ့အထဲက နိုင်ငံတကာစစ်မီးလျံများ၏ သမိုင်းအစ၊ သားနှင့်မိဘ၊ အလုပ်ဖြင့်ဘဝကို တည်ဆောက်ခြင်း၊ ရာဇဝင်ထဲက မိန်းမသား၊ မင်းကျန်စစ်ကို ချစ်တဲ့သူများ၊ ချစ်သူမုန်းသူများသည့် ကျော်ကြားသူများ၊ လူငယ်များနှင့် စကားပြောခြင်း၊ ကိုယ်ရည်ကိုယ်သွေး ဖွံ့ဖြိုးခြင်း၊ အောင်ရာအောင်ကြောင်း ကောင်းသည့်စကားများ၊ မိမိကိုယ်ကိုသတ်သေသူများ အစရှိတဲ့ စာအုပ်တွေကတော့ စာဖတ်ပရိသတ်တွေကြား ပိုပြီး လူသိများ ထင်ရှားခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၁၉ ရက်နေ့ကလည်း စာရေးဆရာ၊ ဇာတ်ညွှန်းဆရာနဲ့ ဒါရိုက်တာ မင်းခိုက်စိုးစန် အသည်းကင်ဆာရောဂါနဲ့ အမေရိကန်နိုင်ငံ ဆန်ဖရန်စ္စကိုမြို့မှာ ကွယ်လွန်ခဲ့သလို ဇွန်လ ၁၈ ရက်နေ့ကလည်း ဘာသာပြန်စာပေလောကမှာ လုံးချင်းဝတ္ထုပေါင်း ၁၀၀ ကျော် ဘာသာပြန်ဆို ရေးသားခဲ့တဲ့ အမျိုးသားစာပေ တသက်တာဆုရှင် ဆရာကြီးတင်မောင်မြင့် ကွယ်လွန်ခဲ့ပါတယ်။
Photo – CJ
