ဂွ၊ ခင်ဦး၊ ချောက်မြို့နယ်တို့မှာ လေကြောင်းတိုက်ခိုက်မှုတွေဖြစ်လို့ သေဆုံးဒဏ်ရာရသူ​တွေရှိ

ဇူလိုင် ၁၄ – ၂၀၂၆
SS (VOM)
ရခိုင်ပြည်နယ် ဂွမြို့နယ်၊ မကွေးတိုင်း ချောက်မြို့နယ်နဲ့ စစ်ကိုင်းတိုင်းအတွင်းက ခင်ဦးမြို့နယ်တို့မှာ မနေ့ ဇူလိုင် ၁၃ ရက်က လေကြောင်းတိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့ပြီး တယောက် သေဆုံးကာ ရှစ်ယောက်ထက်မနည်း ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဂွမြို့နယ်ရှိ ကွင်းလျားရှည်ကျေးရွာ၊ ရဟိုင်းကွင်းရွာနဲ့ ကျောင်းကုန်းကျေးရွာတွေမှာ မနေ့ည ၁၀ နာရီဝန်းကျင်ကနေစပြီး ည ၁၀ ၅၅ မိနစ်ဝန်းကျင်အထိ လေကြောင်းတိုက်ခိုက်မှု ခြောက်ကြိမ် ဖြစ်ပွားခဲ့တာဖြစ်ပြီး နေအိမ်၊ အဆောက်အအုံတချို့ ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
“ကွင်းလျားရှည်ရွာ (မြောက်ဘက်)၊ လယ်ကွင်းအစပ်က တောင်ခြေနဲ့ ရဟိုင်းကွင်းရွာ (အနောက်ဘက်) လယ်ကွင်းတွေ၊ ကျောင်းကုန်းရွာ (အရှေ့ဘက်) က လယ်ကွင်းအစပ် တောင်ခြေ နေရာတွေနဲ့ ကျေးရွာတွေထဲက နေရာတချို့မှာ ပေါက်ကွဲမှုတွေ ဖြစ်ခဲ့တာပါ။ လူတွေ ထိခိုက်တာ ရှိ၊ မရှိကိုတော့ အတိအကျ မသိရသေးပါဘူး။ ကျောင်းကုန်းရွာက အိမ်တအိမ်ပေါ် တလုံး၊ ရွာလမ်းမကြီးဘေးကိုလည်း တလုံးကျတာ ရှိတယ်။ ဒါပေမယ့် ပေါက်ကွဲမှုတွေ မဖြစ်ခဲ့ဘူး။ အိမ်ကတော့ ပျက်စီးသွားတယ်” လို့ ဒေသခံတယောက်က ပြောပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၁၀ ရက်နေ့ကလည်း ဂွမြို့နယ်က ကုလားချောင်းကျေးရွာနဲ့ ပေါက်တူးရွာ စာသင်ကျောင်းမှာ လေကြောင်း တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့တယ်လို့ သိရပြီး လေးယောက် သေဆုံးကာ တယောက် ပြင်းထန်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။
မနေ့ ဇူလိုင် ၁၃ ရက်မှာပဲ မကွေးတိုင်း၊ ချောက်မြို့နယ်က ကံသစ်ကုန်းကျေးရွာမှာလည်း လေကြောင်းတိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီး တယောက် သေဆုံးကာ နှစ်ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပြီး လေကြောင်းရန်ကြောင့် ဒေသခံတွေဟာ ရွာထဲမှာ မနေရဲကြတော့ဘဲ ဘေးလွတ်ရာကို တိမ်းရှောင်နေကြတယ်လို့ သိရပါတယ်။
ဒါအပြင် မနေ့ မွန်းလွဲ ၃ နာရီဝန်းကျင်ကလည်း စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ် (အရှေ့ခြမ်း) က ငါးတင်းကြီးကျေးရွာရှိ စာသင်ကျောင်းနဲ့ ကျေးလက် ဆေးပေးခန်းမှာ လေကြောင်းတိုက်ခိုက်မှု နှစ်ကြိမ် ဖြစ်ပွားခဲ့ပြီး ခြောက်ယောက် ဒဏ်ရာရကာ နွား သုံးကောင်လည်း ထိခိုက်ခဲ့တယ်လို့ သိရပါတယ်။
“ဒဏ်ရာရ ခြောက်ယောက်မှာ နှစ်ယောက်က ထိတာများတယ်။ အဲဒီထဲက တယောက်က စိုးရိမ်ရတယ်။ ကျန်တဲ့ လေးယောက်ကတော့ အစအနလေးတွေ ထိမှန်တာလောက်ပဲ၊ အသေးစား ဒဏ်ရာ‌လောက်ပဲ ရတယ်။ လေကြောင်းတိုက်ခိုက်မှု ဖြစ်ပြီးတော့ ရွာနားမှာ လက်နက်ကြီး နှစ်လုံး ကျတာလည်း ဖြစ်ခဲ့တယ်။ အဲဒီဖြစ်စဉ်မှာတော့ ထိခိုက်ဒဏ်ရာရတဲ့သူ မရှိခဲ့ဘူး” လို့ ဒေသခံတယောက်က ပြောပါတယ်။
လေကြောင်းတိုက်ခိုက်မှု ဖြစ်စဉ်အတွင်း စာသင်ကျောင်းဆောင်တချို့အပြင် ဆေးခန်းအဆောက်အအုံ နှစ်ဆောင်လုံးနဲ့ ဆေးဝါးတွေလည်း ပျက်စီးသွားခဲ့သလို ဆေးခန်းအနီးက နေအိမ် ခြောက်လုံး၊ မော်တော်ယာဉ် နှစ်စီး၊ ဆိုင်ကယ် ခြောက်စီးနဲ့ ဆီပေပါတွေလည်း ပျက်စီးသွားခဲ့တယ်လို့ သိရပြီး ဇူလိုင် ၉ ရက်နေ့ကလည်း အဲဒီမြို့နယ်က သာဝတ္ထိကျေးရွာမှာ ဒရုန်းကျရောက်မှုကြောင့် ငါးယောက် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
Photo – CJ

Related posts

Leave a Comment

VOM News

FREE
VIEW