ရွှေ၊ ငွေ၊ စက်ဆီဈေးနှုန်းတွေ အတက်အကျ အနည်းငယ်နဲ့ ငြိမ်နေပေမယ့် ကုန်ဈေးနှုန်းတွေ တက်အားကောင်းနေ

ဇူလိုင် ၁၈ – ၂၀၂၆
SS (VOM)
ပြည်တွင်းရွှေဈေး၊ အမေရိကန်ဒေါ်လာဈေးနဲ့ စက်သုံးဆီဈေးနှုန်းတွေ အတက်အကျ အနည်းငယ်နဲ့ ငြိမ်သက်နေပေမယ့် အခြေခံစားသောက်ကုန် ဈေးနှုန်းတွေ တက်အားကောင်းနေဆဲ ဖြစ်တယ်လို့ ဈေးကွက်အတွင်းက စုံစမ်း သိရှိရပါတယ်။
လက်ရှိ စားသောက်ကုန် ဈေးကွက်အတွင်းမှာ ဆန်တအိတ်ကို အမျိုးအစားအလိုက် အနည်းဆုံး ကျပ် တသိန်းကျော်ဝန်းကျင်ကနေ ကျပ် နှစ်သိန်းကျော်ဝန်းကျင်အထိ ရှိနေပြီး စားသုံးဆီကလည်း ခွဲတမ်းလျှော့ချ ကန့်သတ်ထားမှုတွေကြောင့် ပြင်ပ ဈေးကွက်မှာ ဆီတပိဿာ တသောင်းရှစ်ထောင်ကျပ်ကနေ ကျပ် နှစ်သောင်းဝန်းကျင်အထိ ပေါက်ဈေးရှိနေသလို ကြက်သွန်နီ တပိဿာ အရင် ၃၅၀၀ ကျပ်ဝန်းကျင်ကနေ အခု ၅၀၀၀ မှ ၆၀၀၀ ကျပ်၊ ကြက်ဥ တလုံး အရင် ကျပ် ၅၀၀၊ ၅၅၀ ဝန်းကျင်ကနေ အခု ကျပ် ၇၀၀ ဝန်းကျင်အထိ ရှိနေတယ်လို့ သိရပါတယ်။
“ဈေးတွေက ခေါက်ချိုးနီးပါး တက်လာတာ။ အသင့်စား ခေါက်ဆွဲထုပ်တွေထဲမှာဆိုလည်း အရင် ကျပ် ၇၀၀၊ ၈၀၀ တန်အထုပ်က အခု ၁၈၀၀ လောက် ဖြစ်နေပြီ။ ကျပ် ၁၃၀၀ တန် ကြာဇံထုပ်က အခု ကျပ် ၂၀၀၀ လောက် ပေးရတယ်။ ကော်ဖီမစ်တွေလည်း တထုပ်ကို ကျပ် ၇၀၀၊ ၈၀၀ ဖြစ်နေပြီ။ အရင်ဆို မိုးတွင်းမှာ ပေါပေါများများရတဲ့ မျှစ်ချဉ်ဈေးကလည်း တဆယ်သား ၈၅၀ ကျပ် ဖြစ်နေပြီ။ အရင်က တဆယ်သား ၄၀၀ ပဲရှိတာ။ ကိုယ့်လက်ထဲ ရှိတဲ့ငွေနဲ့ အိမ်စားရိတ်ချွေတာဖို့ဆိုတာက ကုန်ဈေးနှုန်းတွေက တရက်ချင်း တက်နေတာဆိုတော့ လိုက်လို့မမီ ဖြစ်နေပြီ” လို့ အိမ်ရှင်မတယောက်က ပြောပါတယ်။
ဒါအပြင် စက်သုံးဆီ ဖြန့်ဖြူးရောင်းချတဲ့ ဈေးကွက်မှာလည်း စက်သုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီရဲ့ ထုတ်ပြန်ပေးချက်အရ ဆီဈေးနှုန်းတွေ အကျဘက်ကို ရောက်ရှိနေပေမယ့် ဆီဝယ်မရတဲ့ ပြဿနာနဲ့ ရင်ဆိုင်နေရတယ်လို့ သုံးစွဲသူတွေက ပြောပါတယ်။
“စက်ဆီက မှောင်ခိုဈေးကွက် အားကောင်းနေတာရယ်၊ ခွဲတမ်း လျှော့လိုက်တာရယ်ကြောင့် ဆိုင်တွေမှာ ဝယ်မရ ဖြစ်နေတာပါ။ ဆီတခါဖြည့်ဖို့ ဆိုင်တွေအများကြီး တဆိုင်ဝင်တဆိုင်ထွက်နဲ့ လိုက်ရှာနေရတယ်။ မရှိတဲ့ဆိုင်တွေက များနေလို့။ မှောင်ခိုဈေးကွက်မှာသာ ဆီပေါပြီး ဆိုင်တွေမှာ ရှားနေတာ” လို့ အငှားယာဉ်မောင်း တယောက်က ပြောပါတယ်။
အခုလို အခြေခံစားသောက်ကုန်၊ လူသုံးကုန် ဈေးကွက်အတွင်း ကုန်စည်ရှားပါး၊ ပြတ်လပ်ပြီး ကုန်ဈေးနှုန်းတွေ ဆက်လက် မြင့်တက်နေရတာဟာ သယ်ယူပို့ဆောင်ရေးစရိတ် မြင့်မားနေခြင်း၊ ထုတ်လုပ်မှုကျဆင်းခြင်း၊ ကုန်ပစ္စည်းအဝင် နည်းပါးခြင်းနဲ့ မှောင်ခိုဈေးကွက် လွှမ်းမိုးခြင်းတို့ကြောင့် ဖြစ်တယ်လို့ စီးပွားရေးပညာရှင် တယောက်က ပြောပါတယ်။
“အဓိက အကြောင်းရင်းက သယ်ယူပို့ဆောင်ရေးပိုင်းနဲ့ လုပ်ငန်း လည်ပတ်စရိတ်တွေ မြင့်မားနေတာကြောင့်ပါ။ အခုက ဆီဈေးနဲ့ ဒေါ်လာ၊ ရွှေဈေးနှုန်းတွေ အတက်အကျနည်းနည်းနဲ့ ငြိမ်တယ်ဆိုပေမယ့်လည်း တိုင်းပြည်မှာက အခြေခံအဆောက်အအုံ အားနည်းတာ၊ လုံခြုံရေး အခြေအနေတွေကြောင့် ကုန်စည်စီးဆင်းမှု ကြန့်ကြာတာတွေ ဖြစ်နေတယ်။ Logistics Cost (သယ်ယူပို့ဆောင်ရေးစရိတ်) တွေ အဆမတန် မြင့်တက်နေတဲ့ ကာလဆိုတော့ ကုန်ဈေးနှုန်းတွေ ပြန်ကျဖို့ဆိုတာ ထင်သလောက်မလွယ်ကူဘူး” လို့ သူက ပြောပါတယ်။
လက်ရှိ ဈေးကွက်အတွင်း ပြည်ပကုန်စည် အဝင်နည်းနေသလို ပြည်တွင်းမှာလည်း ထုတ်လုပ်မှု ကျဆင်းခြင်းနေတာဖြစ်ပြီး စိုက်ပျိုးရေးနဲ့ မွေးမြူရေး ကဏ္ဍတွေမှာ ဓာတ်မြေဩဇာ၊ မျိုးစေ့၊ တိရစ္ဆာန်အစာ အစရှိတဲ့ သွင်းအားစုဈေးနှုန်းတွေ မြင့်တက်နေသလို ရာသီဥတု ဖောက်ပြန်မှုတွေကြောင့်လည်း ပြည်တွင်းစားသောက်ကုန် ထုတ်လုပ်မှုပမာဏ ကျဆင်းသွားကာ ဝယ်လိုအားထက် ရောင်းလိုအား နည်းပါးသွားခြင်း ဖြစ်တယ်လို့ သူက ပြောပါတယ်။
ကုန်ပစ္စည်းအများစုကို ပြည်ပ (အထူးသဖြင့်) ထိုင်းနိုင်ငံကဲ့သို့သော အိမ်နီးချင်းနိုင်ငံတွေမှ တင်သွင်းရတာကြောင့် နိုင်ငံတကာ ကုန်ကြမ်းဈေးနှုန်းတွေအပေါ် မူတည်နေရတာဖြစ်သလို လက်ရှိ နိုင်ငံအတွင်း ဖြစ်ပေါ်နေတဲ့ ငွေကြေး ဖောင်းပွမှုကြောင့်လည်း ကျပ်ငွေတန်ဖိုး ကျဆင်းမှာကို စိုးရိမ်ပြီး ကုန်ပစ္စည်းတွေကို စုဆောင်းသိမ်းဆည်းကာ မှောင်ခိုဈေးကွက်မှတဆင့် ဈေးကစားမှု ပြုလုပ်နေတာတွေကြောင့် ကုန်ဈေးနှုန်းတွေ အဆမတန် မြင့်တက်နေရတာ ဖြစ်တယ်လို့ သူက ပြောပါတယ်။
အမေရိကန်ဒေါ်လာဈေးဟာ လက်ရှိမှာ တဒေါ်လာ ရောင်းဈေး ကျပ် ၄၀၀၀ ကျော်ဝန်းကျင်မှာ အတက်အကျ အနည်းငယ်နဲ့ ရှိနေတာဖြစ်သလို ကမ္ဘာ့ရွှေဈေး အပြောင်းအလဲကြောင့် ကျပ်သိန်း ၁၀၀ ကျော်အထိ မြင့်တက်သွားခဲ့တဲ့ ပြည်တွင်း ရွှေဈေးဟာလည်း လက်ရှိမှာ ကျပ် ၉၆ သိန်းကျော်ဝန်းကျင်မှာ ရှိနေတယ်လို့ သိရပါတယ်။
စက်သုံးဆီဈေးကွက်အတွင်းမှာတော့ ၉၂ ဓာတ်ဆီ တလီတာကို ၃၂၁၀ ကျပ်ဝန်းကျင် သတ်မှတ်ထားပြီး အရင်တပတ်ကထက် ကျပ် ၄၀ ဝန်းကျင် ကျဆင်းနေကာ ၉၅ ဓာတ်ဆီဈေးကလည်း ၃၂၈၅ ကျပ်နဲ့ အရင်တပတ်ကထက် ၂၅ ကျပ် ကျဆင်းလာတယ်လို့ သိရပါတယ်။
ပရီမီယံဒီဇယ်ကတော့ တလီတာ ၃၈၉၅ ကျပ်ဖြစ်ပြီး အရင်တပတ်ထက် ၁၀၅ ကျပ် ပြန်တက်လာသလို ရိုးရိုးဒီဇယ်ဈေးကလည်း ၃၁၇၅ ကျပ်နဲ့ အရင်တပတ်ကထက် ကျပ် ၈၀ ဝန်းကျင် ပြန်လည် မြင့်တက်လာတာ ဖြစ်တယ်လို့ သိရပါတယ်။
Photo – CJ

Related posts

Leave a Comment

VOM News

FREE
VIEW