သီပေါတံတားနဲ့ ရေလမ်းခရီးကြားက ရှမ်းမြောက်ပြည်သူတွေရဲ့သောက

ဇူလိုင်၁၈၊ ၂၀၂၆
NN(VOM)
“ဓာတ်ပုံတွေ မရိုက်နဲ့နော်.. ဓာတ်ပုံတွေမရိုက်နဲ့ တွေ့ရင် ဖုန်းသိမ်းမှာ။ ဟိုကားကြီးကလူတွေ ဒီမှာလာ ဒီမှာလာ…” စတဲ့ လှေသမားတွေနဲ့ အထမ်း သမားတွေရဲ့ အော်သံတွေကြားမှာ ခရီးသွားတွေ ပျားပန်းခတ်နေကြပါတယ်။
ကိုယ့်လူတွေကျန်ခဲ့မလား အိတ်တွေ မှားသယ်သွားမလား မြစ်ထဲမှာအဆင် ပြေမလားဆိုတာကို ကြည့်ရင်း ရင်တမမ နဲ့ စက်လှေပေါ်ကို တက်ရတဲ့အခိုက်အတန့်ဟာ ဘဝမှာ နောက်တစ်ကြိမ် ခရီး မသွားချင်လောက်အောင် ဖြစ်ရတယ် လို့ မဖြူဖွေးက ညည်းတွားပြပါတယ်။
“လှေထဲမှာ ပစ္စည်းတွေရော လူတွေရော စုပြုံတင်ထားတာ။ လှေရဲ့ ဗိုက်နေရာမှာဆို ရေနဲ့က ထိဖို့ လက်မလောက်လေးလိုနေတာ။ လူတွေက လှုပ်ရင် လှေက ယိမ်းထိုးပြီး မြုပ်တော့မလို မြုပ်တော့မလိုနဲ့ ဘုရားတပြီး ဖြတ်ခဲ့ရတာ” လို့ သီပေါ ဒုဋ္ဌဝတီမြစ်ထဲ စက်လှေနဲ့ ဖြတ်ကူးခဲ့ရတဲ့ အတွေ့ အကြုံကို မဖြူဖွေးက စိုးတထိတ်ထိတ်နဲ့ ပြန်ပြောပြပါတယ်။
“ဟိုဘက်ကမ်း ဒီဘက်ကမ်းကူးဖို့ကို မိနစ်နှစ်ဆယ်လောက်ပဲ ကြာတာ။ အံမလေး… လှေသွားနေတဲ့ ပုံစံနဲ့ ရင်တမမနဲ့ အချိန်တွေက ကြာလိုက်တာ။ အသက်ကြီးတဲ့သူတွေ ၊ ကလေးတွေနဲ့ အတော်ကို မလွယ်ဘူး” လို့ မဖြူဖွေးက ထပ်ညည်းညူပါတယ်။
လက်ရှိမိုးတွင်းကာလ ရေတက်ချိန်မှာတော့ ရေစီးအရှိန်ကြောင့် မြစ်ကိုဖြတ် ကူးရတဲ့ ခရီးသွားတွေအတွက် အသက်အန္တရာယ်ပိုရှိတယ်လို့ မဖြူဖွေးလိုပဲ ကိုယ်တိုင်ခရီး သွားခဲ့ဖူးတဲ့ ကျောက်မဲမြို့ခံ ကိုစိုင်းက ပြောပြပါတယ်။
“လှေတွေမှာ အသက်ကယ်အင်္ကျီတွေလည်း မပါဘူးဗျ။ ခရီးသည်တွေလာရင် အလှည့်ကျ စက်လှေက ထိုးရပ်ပေးတယ်။ ပစ္စည်းတင် လူဆန့်သလောက်တက်၊ ဘယ်လောက်ဆန့်တယ်ဆိုတာ လှေသမားက ခန့်မှန်းတာ။ ပြီးရင် မောင်းတော့ပဲ။ တစ်ခုခုဖြစ်ရင် ဘယ်သူမှ တာဝန်မယူဘူး” လို့ ကိုစိုင်းက ရှင်းပြပါတယ်။
ဇူလိုင် ၁၇ ရက်နေ့ မနေ့ကတော့ သီပေါဘက်ကို ကမ်းကပ်မယ့် စက်လှေ တစ်စီးတိမ်းမှောက်ခဲ့ပါတယ်။ ဆိုက်ကပ်မယ့် ကမ်းနာကို ရောက်မှ ဖြစ် တာကြောင့် လူတွေ ထိခိုက်တာမရှိဘူးလို့ ဒေသခံတွေကပြောပါတယ်။
ဒီလိုအခက်အခဲတွေကို ခရီးသွားတွေကြုံနေတာ အခုမှ မဟုတ်ပါဘူး။ ၂၀၂၅ နိုဝင်ဘာ ၁၄ ရက်နေ့ကတည်းက လားရှိုး-သီပေါလမ်းပေါ်က သီပေါတံတားကို အစိုးရတပ် က ပိတ်လိုက်ပြီးနောက်ပိုင်း ဒေသခံတွေကြားမှာ ဒီအခက်အခဲတွေ နဲ့ ရင်ဆိုင် နေကြရတာ ဖြစ်ပါတယ်။
အစိုးရဘက်က သီပေါတံတား ပိတ်ထားရတဲ့ အကြောင်းဒီနေ့အထိ တိတိကျကျ ထုတ်ပြောတာမရှိပါဘူး။

၁၀၂၇ တိုက်ပွဲကာလအ တွင်း TNLA တပ်ဖွဲ့က နောင်ချို၊ ကျောက်မဲ၊ သီပေါမြို့ တွေကို သိမ်းပိုက်ထားတဲ့အချိန်မှာ အစိုးရတပ်က ပြည်ထောင်စုလမ်းမကြီးကို ဘန့်ဘွေးရွာကနေ ထိန်းချုပ်ပြီး ပိတ်ဆို့ခဲ့ပါတယ်။
၂၀၂၅ အောက်တိုဘာ ၁၇ ရက်နေ့မှာ အစိုးရတပ်က ပြည်ထောင်စုလမ်း မကြီး ပေါ်မှာရှိတဲ့ သီပေါမြို့ကို TNLA လက်ကနေ ပြန်သိမ်းခဲ့ပြီးနောက် လားရှိုး-မန္တ လေး ကုန်သွယ်ရေးလမ်းမကြီးကို အစိုးရဘက်က ပြန်ဖွင့်ပေးခဲ့လို့ ဒေသခံတွေ ဝမ်းသာပျော်ရွှင်ခဲ့ကြပါတယ်။
ဒါပေမဲ့ ဒေသခံတွေရဲ့ ပျော်ရွှင်မှုဟာ တစ်လလောက်ပဲ ခံပါတယ်။ အစိုးရ တပ်က သီပေါတံတားကို နိုဝင်ဘာ ၁၄ ရက်နေ့မှာ ပြန်ပိတ်လိုက်လို့ မန္တလေးနဲ့ ရှမ်းမြောက်ဒေသက ခရီးသွားတွေအတွက် အခက်အခဲတွေနဲ့ ရင်ဆိုင်နေ ကြရတာ ဒီနေ့အထိပဲဖြစ်ပါတယ်။
တံတားပိတ်ထားတာလို့ ခရီးသွားတွေဟာ စက်လှေဆိပ်တွေကနေ ဖြတ် သန်းကြရပါတယ်။ စက်လှေခအတွက် တစ်ယောက်ကို ငါးထောင်ပေးရပြီး ပစ္စည်းပါရင် တသောင်းကနေ နှစ်သောင်းကျော်အထိ ပေးရတယ်လို့ ဒေသ ခံတွေနဲ့ ခရီးသွားတွေက ပြောပါတယ်။
တံတားပိတ်ထားတာကြောင့် အရင်က သုံးလေးသောင်းနဲ့ ရခဲ့တဲ့ လားရှိုး- မန္တလေးကားခတွေဟာ ကျပ်တစ်သိန်းကနေ နှစ်သိန်းခွဲ့အထိ အရင်ထက် သုံးလေးဆ မြင့်တက်သွားပါတယ်။
တချို့ခရီးသွားတွေကတော့ တောင်ကြီးလမ်းကနေ အချိန်နှစ်ရက်ကျော်ပေးပြီး သွားနေကြရတာပါ။
“မန္တလေးမှာ ဆေးခန်းပြရမယ်.. ကားလည်းလိုတယ်ဆိုရင် တောင်ကြီးကနေ ပတ်သွားပေါ့ဗျာ။ နောင်ချို-ကျောက်ဂူလမ်းက မိုးတွင်းဆို မလွယ်ဘူး။ အရင် က နေ့တစ်ဝက်ရောက်တဲ့ခရီးကို နှစ်ရက်လောက် သွားရတာ။ ဒီကြားထဲ စုံကား၊ မကားစနစ်က ရှိသေးတော့ တကယ်ကို မလွယ်ဘူး” လို့ လားရှိုးမြို့ခံ ခရီး သွားတယောက်က သူ့အတွေ့အကြုံကို ရှင်းပြပါတယ်။
ဦးမင်းအောင်လှိုင် သမ္မတအဖြစ် တာဝန်ယူခဲ့တဲ့ အစိုးရသစ်တက်လာချိန်မှာလည်း သီပေါတံတားကို ဆက်ပြီး ပိတ်ထားပါတယ်။
ဘာကြောင့် ပိတ်ရတယ်ဆိုတာကိုတော့ တိတိကျကျ သတင်းထုတ်ပြန် တာ မရှိပါဘူး။ ဒီအခြေအနေကို သိရဖို့ နိုင်ငံတော်သမ္မတရုံးပြောခွင့်ရသူကို VOM က ဆက် သွယ် ထားဆဲဖြစ်ပါတယ်။
အစိုးရနဲ့ နီးစပ်သူတွေကတော့ တိုင်းရင်းသားအဖွဲ့တွေဆီကနေ ဖြတ်လာတဲ့ တရားမဝင်ကုန်စည်တွေ တိုက်ဖျက်ဖို့ အခုလိုတံတားကို ပိတ် ထား တာလို့ ပြောကြပါတယ်။
ဒါပေမဲ့ လက်တွေ့မှာတော့ စက်လှေဆိပ်တွေ၊ ကွင်းလမ်းတွေကနေ တရားမဝင်ကုန်စည်တွေ ပုံမှန်ဖြတ်သန်းနေပြီး တံတားပေါ် ဖြတ်သန်းခွင့် မရတဲ့ ခရီးသွားတွေသာ နစ်နာတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“နေမကောင်းတဲ့ ရွာကနေလူတွေ သီပေါဆေးရုံသွားဖို့ကို လှေစီးနေရတာ။ ကျန်းမာရေးဆိုတာ နေ့နေ့ညည ဘာမှ ပြောလို့ရတာမဟုတ်ဘူး။ တံတားရှိပြီး တံတားကနေ ဖြတ်လို့မရဘူး။ ပြည်သူတွေအတွက် အဆင်ပြေအောင်တော့ စဉ်းစားပေးသင့်တယ်” လို့ သီပေါမြို့ခံတယောက်က ပြောပါတယ်။
သီပေါတံတားပိတ်လို့ ဒေသခံတွေ ကြုံနေရတဲ့ အခက်အခဲနဲ့ပတ်သက်ပြီး လာမယ့် ပြည်ထောင်စုလွှတ်တော်မှာ မေးခွန်းမေးမြန်းဖို့ စီစဉ်ထားပေမယ့် ဖြေဆိုမယ့် ဝန်ကြီးဌာန လွဲနေလို့ ပြန်ကန့်ကွက်ထားတယ်လို့ သီပေါမြို့ ရှမ်း နှင့်တိုင်းရင်းသားများပါတီ(ကျားဖြူပါတီ) လွှတ်တော်အမတ် စိုင်းကောင်းသက်စံက ပြောပါတယ်။
“အနီးရွာက ဒေသခံတွေက ဟိုဘက်ဒီဘက် ဆိုင်ကယ်နဲ့ကူးဖို့ကို စက်လှေခ တစ်သောင်းခွဲ ပေးရတယ်ဗျာ။ အသွားအပြန်ဆို သုံးသောင်းပဲ။ ဒီငွေပမာဏက ရွာမှာနေတဲ့သူတွေအတွက် မိသားစုစားဝတ်နေရေး ဖြေရှင်းလို့ရတယ်။ ဒီလို တွေဖြစ်နေတော့ လွှတ်တော်မှာ ကြယ်ပွင့်ပြမေးခွန်းမေးဖို့ဟာကို လာဖြေမှာ က ဆောက်လုပ်ရေးဝန်ကြီးဌာန ဖြစ်နေတော့ ပြန်ကန့်ကွက်ထားတာ” လို့ လွှတ်တော်အမတ် စိုင်းကောင်းသက်စံက ပြောပါတယ်။
၁၀၂၇ တိုက်ပွဲကြောင့် လက်လွှတ်ခဲ့ရတဲ့ သီပေါမြို့ကို အစိုးရက ပြန်ထိန်းချုပ်ထားပြီး အရေးပေါ်အခြေအနေ ကြေညာထားတဲ့ မြို့စာရင်းထဲမှာလည်း ထည့်သွင်းထားပါတယ်။
သီပေါတံတားရဲ့ တဖက်ခြမ်းမှာတော့ ကိုးကန့်တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့ MNDAA က ထိန်းချုပ်ထားတာပါ။
MNDAA နဲ့ အစိုးရတပ်တို့ဟာ တရုတ်အစိုးရအကူအညီနဲ့ ၂၀၂၅ ဇန်နဝါရီမှာ အပစ်အခတ်ရပ်စဲထားတာ ဖြစ်ပါတယ်။
MNDAA တပ်ဖွဲ့ဟာ မူဆယ်ကနေ သီပေါလမ်းကြောင်းတခုလုံးကို ထိန်းချုပ်ထားပြီး ခရီးသွားတွေနဲ့ ကုန်စည်တွေကို အခွန်ကောက်တာကလွဲရင် သွားလာခွင့် ကန့်သတ်ထားတာမျိုးမရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။
အစိုးရဘက်ကတော့ MNDAA တပ်ဖွဲ့ကို ပြည်ထောင်စုလမ်းမကြီးပေါ်ကနေ ပြန်လည်ဆုတ်ခွာစေချင်နေပြီး နယ်စပ်ကုန်သွယ်ရေးစခန်းတွေကို ပြန်ထိန်း ချုပ် ခွင့်ရချင်နေတာကြောင့် ဒီအခြေအနေတွေ အကောင်အထည်မဖော်နိုင် မချင်း သီပေါတံတားကို အစိုးရဘက်က ပိတ်ထားနိုင်တယ်လို့ နိုင်ငံရေးအကဲခတ်တွေက ပြောပါတယ်။
ဒေသခံတွေကတော့ အနီးအနားရွာက ဒေသခံတွေ စိုက်ပျိုးတဲ့ ဒေသထွက် ကုန်တွေ ကို သီပေါတံတားပေါ်ကနေဖြတ်ပြီး သီပေါဈေးမှာ သွားရောင်းချခွင့် ပေးစေချင်လို့တယ်ပြောပါတယ်။
ဒါ့အပြင် ကျန်းမာရေး မကောင်းသူတွေနဲ့ ခရီးသွားကားငယ်တွေကို တံတားပေါ်ကနေ စိစစ်ပြီး ဖြတ်သန်းခွင့်ပေးစေချင်တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW