ဇူလိုင် ၂၉၊ ၂၀၂၆
NN(VOM)
ရှမ်းပြည်မြောက်ပိုင်း၊ လားရှိုး-သီပေါလမ်းပေါ်က သီပေါတံတားကို လုံခြုံရေး အခြေအနေအရ ပိတ်ထားတာဖြစ်တယ်လို့ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီးက မနေ့က ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်မှာ ဖြေကြားခဲ့ ပါတယ်။
ပြီးခဲ့တဲ့နှစ်ကတည်းက သီပေါတံတားကို အစိုးရတပ်ဘက်က ပိတ်ထားတာကြောင့် ဒေသခံတွေနဲ့ ခရီးသွားတွေ အခက်အခဲဖြစ်နေရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး သီပေါမြို့နယ် ရှမ်းနှင့်တိုင်းရင်းသားများပါတီ(ကျားဖြူပါတီ)ရဲ့ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးကောင်းသက်စံက လွှတ်တော်မှာ မေးခွန်းမေးမြန်းခဲ့တာကို ပြည်ထဲရေးဒုဝန်ကြီးက အခုလို တုံ့ပြန်ခဲ့တာဖြစ်ပါတယ်။
“သီပေါတံတားဟာ ငြိမ်းချမ်းစဉ်အခါက နွေ၊ မိုး၊ ဆောင်း သွားလာနိုင်ခဲ့တဲ့ အနေအထားဖြစ်သော်လည်း လက်ရှိမှာ လုံခြုံရေးအခြေအနေအရ မြို့ပေါ် ရပ်ကွက် ၁၁ ရပ်ကွက်နဲ့ ကျေးရွာအုပ်စု ကိုးအုပ်စုသာ နယ်မြေစိုးမိုးမှုရှိပြီး သွားလာနိုင်ပါတယ်။ MNDAA၊ TNLA နဲ့ PDF အမည်ခံ အကြမ်းဖက်အဖွဲ့တွေ ဟာ အလုံးစုံဆုတ်ခွာသွားခြင်းမဟုတ်ဘဲ ရှေ့ဘက်အခြမ်းနဲ့ ကျေးရွာအုပ်စုတွေ မှာ အခြေပြုလှုပ်ရှားလျက်ရှိတဲ့အတွက် သီပေါတံတားကို ယာယီပိတ်ထားရ ခြင်းဖြစ်ပါတယ်” လို့ ပြည်ထဲရေးဒုဝန်ကြီးက ဖြေကြားခဲ့ပါတယ်။
သီပေါလွှတ်တော်အမတ် ဦးကောင်းသက်စံကတော့ ဒေသခံတွေအတွက် အရေးပါတဲ့ သီပေါတံတား ပြန်ဖွင့်နိုင်ရေးအတွက် ဘက်ပေါင်းစုံကနေ ဆက်ပြီး တောင်းဆိုသွားမယ်လို့ ပြောပါတယ်။
“တနေ့တနေ့မှာ ဒီမိုးတွင်းကာလမှာ စက်လှေဆိပ်ကို ဖြတ်ပြီး ကူးနေရတဲ့ ဒုက္ခ၊ အသက်နဲ့ရင်းထားရတာနော်။ ကိုယ်ချင်းမစာတော့ဘူးလား။ ဒီအခြေအနေတွေကို သိစေချင်တဲ့အတွက် နိုင်ငံတော်အကြီးအကဲတွေကို လွှတ်တော်မှာ တင်ပြရခြင်းဖြစ်တယ်။ နိုင်ငံတော်အကြီးအကဲတွေဆီကို စာပို့ပြီးတော့ ဆက်ပြီးတောင်းဆိုမှာ ဖြစ်ပါတယ်” လို့ စိုင်းကောင်းသက်စံက ပြောပါတယ်။
အစိုးရတပ်က သီပေါမြို့ကို သိမ်းပိုက်ပြီးနောက်ပိုင်း သီပေါတံတားကို ၂၀၂၅ ခုနှစ် နိုဝင်ဘာလကတည်းက ပိတ်ထားတာ ကိုးလနီးပါး ကြာရှိလာပြီ ဖြစ်ပါတယ်။
တံတားပေါ်ကနေ ဖြတ်သန်းခွင့်မရတဲ့အတွက် ဒေသခံတွေနဲ့ ခရီးသွားတွေဟာ သီပေါ ဒုဌဝတီတံတားကနေ စက်လှေနဲ့ ကူးပြီး သွားလာနေကြတာကြောင့် သေဆုံးထိခိုက်မှုတွေ ရှိနေပါတယ်။
အခုလအတွင်းမှာပဲ သီပေါ တာလုံဖောင်ဆိပ်မှာ ဖောင်တိမ်းမှောက်လို့ အမျိုး သားငါးယောက် ပျောက်ဆုံးသွားခဲ့ပြီး ဒီနေ့အထိ အမျိုးသားနှစ်ယောက်ရဲ့ အလောင်းကိုပဲ ပြန်တွေ့ရသေးတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
“အမျိုးသားနှစ်ယောက်ရဲ့ အလောင်းပဲ တွေ့သေးတယ်။ နောင်ပိန်ရွာက သူတွေပဲ။ သူတို့ကားကိုတော့ ပြန်ဆယ်ရပြီ။ ကျန်တဲ့သူတွေတော့ ရှာနေတုန်း” လို့ နောင်ပိန်ရွာခံ အမျိုးသားတယောက်က ပြောပါတယ်။
ဒေသခံတွေကတော့ မိုးတွင်းကာလမှာ ရေလမ်းခရီးကနေ သွားနေရတာ အန္တရာယ်များတာကြောင့် သီပေါတံတားကို ဖွင့်ပေးစေချင်နေကြတာပါ။
လွှတ်တော်မှာ လာရောက်ဖြေကြားတဲ့ ပြည်ထဲရေးဒုဝန်ကြီးကတော့ သီပေါ တံတား ဖွင့်ဖို့အတွက် လုံခြုံရေးက အရေးကြီးတာကြောင့် ဒေသခံပြည်သူ တွေအနေနဲ့ အစိုးရနဲ့ ပူးပေါင်းပြီး လက်နက်ကိုင်အဖွဲ့တွေရဲ့ သတင်းတွေကို အစိုးရအဖွဲ့တွေထံ ပေးပို့ကြဖို့ တိုက်တွန်းသွားပါတယ်။
