ပြည်တွင်းဆန်စျေးကွက်မှာ ငွေကျပ် သိန်းပေါင်း ငါး​သောင်းကျော် လိမ်လည်ခံရ

ဩဂုတ် ၄ ၊ ၂၀၂၆
GG (VOM)
ပြည်တွင်းဆန်စပါးအရောင်းအဝယ်စျေးကွက်မှာ ဆန်ကုန်သည်တွေ ၊ ဆန်ရောင်းဝယ်ရေးလုပ်ကိုင်သူတွေအကြားမှာ ငွေကြေးလိမ်ညာမှု သိန်းပေါင်း ငါး​သောင်းကျော်လောက်အထိ ဖြစ်ခဲ့တယ်လို့ ဆန်လုပ်ငန်းရှင်တွေဆီက သိရပါတယ်။
ဆန်စပါးကို ဝယ်ယူရာမှာ စာချုပ်စာတမ်းမရှိဘဲ ကြိုရောင်းကြိုဝယ်ပြုလုပ်ကြတဲ့ စနစ် နဲ့ဝယ်ယူပြီး ငွေမရှင်းဘဲ ရှောင်ပြေးတာ ၊ စျေးကွက်ပေါက်စျေးထက်ပိုပေးပြီး အကြွေးစနစ်နဲ့ဝယ်ယူကာ ငွေကြေးပေးချေခြင်းမရှိဘဲ လိမ်ညာခဲ့တာလို့ သိရပါတယ် ။
အခု ငွေကြေး သိန်းသောင်းနဲ့ချီပြီး လိမ်ညာသွားသူတွေဟာ နေရာဖြန့်ကျက်ပြီးတော့ အုပ်စုဖွဲ့ကာ လိမ်ညာတာမျိုးဖြစ်နိုင်ကြောင်း သုံးသပ်ပြောဆိုမှုရှိပါတယ်။
” အုပ်စုဖွဲ့လိမ်တာ ဖြစ်ဖို့များတယ်။ပြည်တွင်းက ဆန်ရောင်းဝယ်ရေး လုပ်တဲ့သူတွေပါ ။ Export သမားတွေကို ဆန်ဝယ်ပေးတဲ့ ပွဲစားတွေက လိမ်တာလို့သိရတယ်။ ဆန်ပေးလိုက်တယ် ပိုက်ဆံကမချေသေးဘူး ။သူတို့က စျေးကောင်းပေးပြီး မတန်တဆပေးပြီး ဝယ်တယ်။ အသွယ်တွေဆိုစျေးကောင်းပေးဝယ်တယ်။ ဆန်ကွဲဆိုလည်း ပေးဝယ်တယ်။ ပထမပိုင်းတော့ ပိုက်ဆံအချေပြတယ်။ နောက်ပိုင်းကျလိမ်သွားတာပေါ့။အကုန်မသွားတာ။စျေးအမြင့်ပေးပြီး ငွေမချေပဲ လုပ်သွားတာ ။ ဘယ်နှစ်ယောက်ပါသွားတယ် ဘာညာအတိကျတော့ မသိရသေးဘူး။ပါသွားတဲ့ ပမာဏကတော့ များတယ်။ အကုန်လုံးပေါင်းလိုက်ရင် သိန်းပေါင်း ၅၀၀၀၀ ကျော်တယ်ဆိုတာ သိရတယ်။ဘယ်သူကမှ တာဝန်ခံထားတာမှမရှိတော့ ဘယ်ကိုလိုက်ရမှန်းမသိဘူးလေ။ဆန်ကမရောင်းရတော့ ရတဲ့စျေးကလည်းမြင့်တယ် အကြွေးဆိုပေမယ့် ရောင်းကြတာလေ။ လိမ်မယ့်သူက စျေးကောင်းကိုပေးပြီးဝယ်တာ ။ ” လို့ ရန်ကုန်က ဆန်လုပ်ငန်းရှင်တယောက်က ပြောပါတယ်။
ဒါကြောင့် အခု သိန်းပေါင်း သောင်းချီလိမ်ညာမှုမှာ ဆန်စက်တွေနဲ့ ဆန်လက်လီလက်ကား ရောင်းဝယ်ရေးလုပ်ကိုင်သူတွေ၊ ပွဲရုံတွေ ၊ အများဆုံး လိမ်ညာခံခဲ့ရပြီး လူအားလုံးပေါင်းပါက ဆုံးရှုံးမှုပမာတန်ဖိုး များခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
ဆန်စျေးကွက်အတွင်း အခုလို ငွေကျပ်သိန်းပေါင်းသောင်းချီလိမ်ညာမှုနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံဆန်စပါးအဖွဲ့ချုပ် MRF အဖွဲ့ဝင်တယောက်က” ကုန် သည် အချင်းချင်း ဖြစ်ကြတာပါ ။ စာချုပ် စာတမ်း နဲ့ ခိုင်ခိုင်မာမာ စနစ်တကျ လုပ်တာ အားနည်းကြပါတယ်။ ” လို့ ပြောပါတယ်။
အခုလို ပြည်တွင်းဆန်စျေးကွက်မှာ ငွေကျပ်သိန်းပေါင်း သောင်းနဲ့ချီလိမ်ညာသွားတဲ့ ဖြစ်စဥ်နဲ့ပတ်သက်ပြီး လိမ်ညာခံရသူများပေမယ့် အမှုဖွင့်တာမျိုးတော့ မရှိဘူးလို့ ကနဦးသတင်းတွေအရ သိရပါတယ်။
လက်ရှိမှာ လိမ်ညာသူတွေက ဆန်စက်နဲ့ ဆန်ရောင်းဝယ်ရေး လုပ်ကိုင်သူတွေကို ပစ္စည်းရောက်ငွေချေစနစ်နဲ့ ဆန်အိတ်ရေ ရာချီပြီး အော်ဒါ မှာယူကာ ပစ္စည်းရောက်ချိန်တွင် ငွေမချေဘဲ ပစ္စည်းရယူနိုင်တဲ့ နည်းကိုသုံးပြီး လိမ်ညာမှုတွေ မကြာခဏဖြစ်နေတယ်လို့ သိရပါတယ်။
” လိမ်တာတွေ တအားများလာတယ်။.နည်းပေါင်းစုံကိုသုံးပြီး လိမ်လာတာ ။ အခုဖြစ်တာဆိုရင် ဆန်ဆိုင်တွေ ၊ပွဲရုံတွေများတယ်။ စျေးပိုရတော့ ရောင်းတာမှ ခံလိုက်ရတာများတယ်။ ပထမတော့ ငွေရှင်းပြတာပေါ့လေ ။နောက်ကျ အကုန်လိမ်သွားတာ။ တနေ့ကဆိုရင် ပဒေသာဆန်စက်နဲ့ဆန်လက်ကားရောင်းဝယ်ရေးက ဆန်အိတ် ၅၀ အလိမ်ခံရတယ်။ ဖုန်းဆက်ပြီး ဆန်မှာတယ်။ ရောက်မှငွေရှင်းမယ်လုပ်တယ်။ ပိုင်ရှင်တွေကလည်း အော်ဒါတက်တယ်ဆိုပြီး ဆန်ကို ကားနဲ့သွားပို့တယ်။အဲဒီမှာ လမ်းမှာကားကဘီးကျွံတော့ ဆန်အိတ် ၅၀ ကိုလမ်းမှာ ချထားပေး ၊ ၃၅ အိတ်ကို ပေးထားတဲ့လိပ်စာလာပို့ပေးဆိုပြီး ပြောလို့သွားတော့မှ ချထားတဲ့ အိတ် ၅၀ ကိုလာယူသွားတာ ။ ကံကောင်းလို့ လူဘာမှမလုပ်ခံရတာ ။ လိမ်နည်းကအစုံပဲ ။ ” လို့ ဆန်ရောင်းဝယ်ရေး လုပ်ကိုင်သူတယောက်က ပြောပါတယ် ။
ဒါကြောင့် လက်ရှိမှာ ဆန်အိတ်ရေ ရာနဲ့ချီပြီး အိမ်အရောက်ပို့ ငွေချေစနစ်နဲ့မှာယူလာပါက ဆန်စက်နဲ့ ဆန်ပွဲရုံတွေ ၊ဆန်ရောင်းဝယ်ရေးလုပ်ကိုင်သူတွေအနေနဲ့ အိမ်အရောက်ငွေချေစနစ် ရောင်းချခြင်းကို ရပ်နားထားပြီး အကြွေးစနစ်ရောင်းချခြင်းကိုလည်း ရပ်ထားကြောင်းသိရပါတယ်။
ပြည်တွင်းဆန်စျေးကွက်မှာတော့ ဆန်အရောင်းအဝယ်အေးနေပြီး နယ်တွေကို ဆန်တင်ပို့ရောင်းချရမှုလည်း မရှိသလောက်နည်းနေတယ်လို့ သိရပါတယ်။
ဓာတ်ပုံ – CJ

Related posts

Leave a Comment

VOM News

FREE
VIEW