သူတို့အိမ် အခန်း (၁၈၆)

 

ဆူးငှက်

 

ပရိသတ်အကြိုက်နှင့် ထပ်တူမျှသော စာပေဆု
———————————————

ဒေါ်ဒေါ် လူထုဒေါ်အမာ ၏ စာအုပ်များအနက် ကျွန်တော် အကြိုက်ဆုံးစာအုပ်ကို ရွေးပါဆိုလျှင် “ပြည်သူချစ်သော အနုပညာသည်များ” စာအုပ်ကို ရွေးပါမည်။ “ပြည်သူချစ်သော အနုပညာသည်များ” စာအုပ်သည် စာရေးဆရာ၊ သတင်းစာဆရာမကြီး ဒေါ်ဒေါ် လူထုဒေါ်အမာရေးသား ပြုစုခဲ့သည့် စာအုပ်များတွင် အထင်ရှားဆုံး စာအုပ်တစ်အုပ်ဖြစ်သည်။ ဒေါ်ဒေါ်၏ “ပြည်သူချစ်သော အနု ပညာသည်များ” စာအုပ်က ၁၉၆၄ခုနှစ် မေလမှာ ပထမအကြိမ် ထုတ်ဝေပြီး ထိုနှစ် စက်တင်ဘာမှာ ဒုတိယအကြိမ်၊ ၁၉၆၇ခုနှစ် ဇူလိုင်မှာ တတိယ အကြိမ်၊ ၁၉၇၄မှာ စတုတ္ထအကြိမ်နှင့် နှစ်ပေါင်း ၂၀ ကျော်အကြာ ၁၉၉၇ ဒီဇင်ဘာရောက်မှ ပဉ္စမအကြိမ်အဖြစ် အကြိမ်ကြိမ် အုပ်ရေများစွာ ထုတ်ေ၀ ခဲ့ရသော စာအုပ်ဖြစ်သည်။

ပထမအကြိမ် ထုတ်သည့် ၁၉၆၄ခုနှစ်ဆိုသည်မှာ တော်လှန်ရေးကောင်စီတက်ပြီး တစ်နှစ်ကျော် ကြာအချိန် ဖြစ်ပြီး ထိုအချိန်မှာ သုံးစွဲနေသည်ု ငွေစက္ကူများကိုလည်း တရားမဝင်ကြေညာသည်။ တိုင်းပြည် မှာလည်း စီးပွားရေး လုပ်ငန်းကြီးများကို ပြည်သူပိုင် သိမ်းသည့် ကမောက်ကမ အချိန်။ တစ်တိုင်း တစ်ပြည်လုံး စီးပွားရေး ကျပ်တည်း နေချိန်ဖြစ်သည်။ သို့သော် ပထမအကြိမ် ရိုက်နှိပ်သည့် အုပ်ရေ ၃၅၀၀ က တစ်လကျော်အတွင်း ကုန်သွား သည်။ ထို့ကြောင့် ထိုနှစ် စက်တင်ဘာလမှာပင် ဒုတိယအကြိမ် ဆက်တိုက် ရိုက်နှိပ်ရသည်။ သုံးနှစ်ခြားပြီး ၁၉၆၇မှာ တတိယအကြိမ်။ နောက် ခုနစ်နှစ်ခြားပြီး စတုတ်္ထအကြိမ် ရိုက်နှိပ်အပြီး နှစ်ပေါင်း ၂၀ ကျော် (တိတိကျကျဆိုရင် ၂၃နှစ်ခြားပြီး)မှ ပဉ္စမ အကြိမ် ရိုက်နှိပ်ရသည်။

ဒေါ်ဒေါ်၏ ပြည်သူချစ်သော အနုပညာသည်များ စာအုပ်သည် ဈေးကွကတွင်လည်း ပရိသတ်၏ အားပေးမှု ခံရသလို(ထိုအချိန်က) အမြင့်ဆုံးစာပေဆုဖြစ်သည့် စာပေဗိမာန်စာပေဆုလည်း ချီးမြှင့်ခံရသည်။ ထို့ကြောင့် ပရိသတ်အကြိုက်နှင့် ထပ်တူမျှသော စာပေဆုဟု ဂုဏ်ယူရပေမည်။

 

ညနေချမ်း လက်ဖက်ရည်ကြမ်း ဝိုင်းမှာ
————————————–

ကျွန်တော်သည် ပြည်သူချစ်သော အနုပညာသည်များစာအုပ်နှင့် ပတ်သက်ပြီး အလွန်မှတ်မှတ်ရရ ရှိခဲ့သည်။ ကျွန်တော် မွေးဖွားကြီးပြင်းရာ အရပ်သည် သဘင်သည်များ မဟုတ်သော်ငြား “သုခုမ”ပညာကို အတော်စိတ်ဝင်စား ကြိုက် နှစ်သက်ကြသည့် နေရာဖြစ်သည်။ ရပ်ရွာဘုရားပွဲတွင် အရပ်ဇာတ်ကကြသလို ရပ်ကွက်ထဲတွင် အပျော်တမ်း ခါးပြတ်တီးဝိုင်းလေး ထောင်ထာသည်။ ညနေချမ်း လက်ဖက်ရည်ကြမ်း ဝိုင်းမှာ ဇာတ်အကြောင်း၊ ဆိုင်းအကြောင်း၊ အငြိမ့် အကြောင်း၊ သီချင်းအကြောင်း၊ ဇာတ်ထုပ်ဇာတ်လမ်း အကြောင်း၊ ဧယင်ကျူးပညာ အကြောင်း၊ သုခုမဆိုင်ရာ အကြောင်းခြင်းရာတွေကို ပြောကြဆိုကြသည်။ သို့သော် အရပ်စကားပေါ့။ ပါးစပ်ရာဇဝင် ပေါ့။ ကြားသိဖူးသည့် သာမန် အချက်အလက်တွေပဲပေါ့။

ဝါသနာအရ ဇာတ်ဆို မလွတ်တမ်း၊ အငြိမ့်ဆို မလွတ်တမ်း၊ ဗလာဆိုင်းဆို မလွတ်တမ်း နားထောင် ကြည့်ရှုပြီး သူတို့ ခါးပြတ်တီးဝိုင်းလေးက လေဘာ တီမမြရင်ရဲ့ “အလှူ့ရှင်”လည်း တီးနိုင်ရဲ့။ ဗေဒါကြီး ရဲ့ ဗျောညွန့်လည်း ခေါက်နိုင်ရဲ့။ မြို့မက “ထပ်တစ်ရာလန်း”လည်း စည်းကိုက်ဝါးကိုက်ဟစ်နိုင်ရဲ့။ ထိုအကြောင်းအရာ၊ အချက်အလက်၊ အတွေ့အကြုံတွေကို လက်ဖက်ရည်ကြမ်းဝိုင်းတွင် ပြောကြတော့ အိမ်ရှေ့ကဝိုင်းမို့ ကျွန်တော်က မကြားချင် အဆုံး။ ကိုယ်ကိုယ်နှိုက်ကလည်း ဝါသနာပါတော့ လူကြီးတွေကြား ဒူးကလေးတုပ်ပြီး နားထောင်ခဲ့သည်။

သည်လိုနဲ့ “ထိလပ်ပိုးအူ” နားရည်ဝ။ “ရှစ်ဌာနသာလာယံ”နားရည်ဝ။ “ဗေဒါကြီးအငြိမ့်ညွန့်ပေါင်း” နားရည်ဝ။ “လက်ရည်တစ်ပြင်တည်း” နားရည်ဝ။ “ရွှေမောင်းတိုက်ရှေ့က ရေနွေးထည့် ပုလင်းခွံ၊ ရှမ်းပြည် ငှက်ဖျားနှင့် တုံးကျော်မ” နားရည်ဝ။ “ညချမ်းချိန်ခါဝယ်”နှင့် ပတ္တာသုသာန အဝင်ဝက အုတ်ကား၊ တိမ်လွှာမို့မိုလွင် နားရည်ဝဆဲ၊ ဆယ်အိမ်ပေါင်းမှ ရေဒီယိုတစ်လုံးမျှပင် မရှိတဲ့ဘဝမို့ ဝမ်းကွဲအစ်ကို အပ်ချုပ်ဆရာရဲ့ အထည်ညှပ်ရင်း ချွဲချွဲနွဲ့နွဲ့ ပီပီ ပြင်ပြင်သီဆိုသော သီချင်းတွေကိုပဲ စက်ခုံဘေး အိပ်ရာ ပေါ်က မှေးကာ နားထောင်ခံစားနေရသည်။

ထိုအချိန် ခုနစ်တန်း ရှစ်တန်းသာသာ ကျောင်းစာ အပြင် အနားမှာရှိသော စာအုပ်လေးတွေ ဆွဲငင်ကြည့်ရှုဖို့ ဝန်မလေးချိန်မို့ စက်ဆရာ အိပ်ရာဘေးက အဖုံး ပြုတ်၊ အမှာစာပြုတ်၊ စာအုပ်ကျောဘက်မှာလည်း အဆုံးထိမပါ။ ကျွတ်နေသော စာရွက် ဝါကျင့်ကျင့်တွေ အပ်ချည်တွေနဲ့ တွဲသီချုပ်ထားသည် စာအုပ်လေး တစ်အုပ် ကောက်ယူကြည့် မိသည်။ ထိုစာအုပ်လေးသည် ဒီကနေ့အထိ အိပ်ရာခေါင်းရင်းတွင် အမြဲထားပြီး မကြာခဏ ဖတ်ရ၊ ကြည့်ရ၊ ခံစား မျက်ရည်ဝဲရဆဲဖြစ်သော ဒေါ်ဒေါ် လူထုဒေါ်အမာ၏ ““ပြည်သူချစ်သော အနုပညာသည်များ””စာအုပ် ဖြစ်ပါ၏။

ထိုစာအုပ်ကား “ဆူးငှက်”ဟူသော ကလောင်တစ်ချောင်းအတွက် ပင်စည်ပင်မသာမက ရေသောက်မြစ် စာအုပ်လည်း ဖြစ်သည်။ ထိုစာအုပ် က ဇာတ်သဘင်ချစ်စိတ်၊ အငြိမ့်ချစ်စိတ်၊ ဂီတ ချစ်စိတ်၊ အနုပညာချစ်စိတ်၊ မန္တလေးချစ်စိတ်၊ လူမျိုးနှင့် တိုင်းပြည်ချစ်စိတ်များသာမက အနုပညာရှင်၏ ဂုဏ် မာန၊ အတွေးအခေါ်၊ အယူအဆ၊ အကြံအစည်၊ အံ့မခန်း စိတ်ဓာတ်ကို သိရှိချစ်မြတ်နိုးစေခဲ့သည်။ ဒေါ်ဒေါ်၏ ခြေဖဝါးအောက်က မြေတစ်မှုန်မျှ ပညာ၊ လုံ့လနှင့် ထပ်မံကာ “အနုပညာ”အပေါ် ခံစား တူးဆွ၊ သုတေသနပြုမိတာကလည်း ထိုစာအုပ် ကြောင်ဖြစ်ပါ၏။

 

ပဉ္စမအကြိမ် ပြန်ရိုက်ဖို့
————————

၁၉၉၃ ခုနှစ်တွင် လူထုကြီးပွားရေးစာအုပ်တိုက်၏ အယ်ဒီတာအဖွဲ့စားပွဲကို ကျွန်တော် ရောက်သွားသည်။ ကျွန်တော်ရောက်ပြီး ၂ နှစ်လောက်ကြာတော့ “ပြည်သူချစ်သော အနုပညာသည်များ” စာအုပ်က အပြင်မှာ မရှိသလောက် ရှားပါးနေသည်။ ထို့ကြောင့် ထပ်မံထုတ်ဝေဖို့ မမဒေါ်တင်ဝင်း၊ ဆရာကျော်ရင်မြင့် ကျွန်တော်တို့ စဉ်းစားကြသည်။ ထိုအချိန်က စာအုပ်ထုတ်ဝေရေးက အတော်ခက်ခဲသည်။ စီစစ်ရေးက အနည်းဆုံး ၆ လကြာ၏။ “လူထု”တိုက်ထုတ် စာအုပ်ဆိုလျှင် အကြောင်းမရှိအကြောင်းရှာပြီး ဖြတ်တောက် ကန့်သတ် ပိတ်ပင်သည်။ ထို့ပြင် စက္ကူကလည်း ရှားပါးလှသည်။ ဘားဖြူ ဘားပြာဟု ခေါ်သော စက္ကူဟောင်း ပျော့ဖတ်များက ပြန်လည်ပြုလုပ်ထားသည့် အရပ်လက်ဖြစ် ခပ်ညံ့ညံ့ စက္ကူများကိုပဲ အားထားနေရသည်။ ထို့ကြောင့် “ပြည်သူချစ်သော အနုပညာသည်များ” စာအုပ် ထပ်မံရိုက်နှိပ် ထုတ်ဝေဖို့က ချက်ချင်း အဆင်မပြေ။ သို့သော့်် ထိုစာအုပ်ကို ပြန်ထုတ်မယ်ဆိုတာတော့ ဆုံးဖြတ်ထားကြ၏။

ဒေါ်ဒေါ် လူထုဒေါ်အမာကလည်း ” စာအုပ်ပြန်ထုတ်မယ်ဆိုရင် ဖြည့်စရာတွေ ပြင်စရာတွေရှိတယ်။ ဖြည့်ပြီး၊ ပြင်ပြီးမှ ပြန်ထုတ်ကြတာပေါ့။ ဟောဟို စာအုပ်ဂိုဒေါင်ခန်းထဲမှာ သံသေတ္တာ တစ်လုံးရှိတယ်။ အဲဒီသံသေတ္တာထဲမှာ “ပြည်သူချစ်သော…”နဲ့ ပတ်သက်သမျှ စာရွက်စာတမ်းတွေ၊ ဓာတ်ပုံတွေရှိတယ်။ မင်းယူပြီး အခုကတည်းက ကြိုဖတ်ပေါ့”လို့ ပြောတယ်။ ဒေါ်ဒေါ်က ဆက်ပြောသည်။ “ဒို့ရေးသမျှ စာအုပ်ထဲမှာ ပြည်သူချစ်သော အနုပညာသည်များ စာအုပ်က ပရိသတ် အားအပေးခံရဆုံး။ ပရိသတ်ဆီက စာအလာဆုံး။ ဆရာတော် သံဃာတော်တွေကအစ အရွယ်သုံးပါး ကျား၊ မ မရွေး ပေးစာတွေ ပြန်ရေးကြတာ…။ စာအုပ်ကို သဘောကျတဲ့ အကြောင်း။ ဒါလေး၊ ဒါလေးတွေ လိုအပ်သေးတဲ့ အကြောင်း။ ဒီအချက်အလက်လေးတွေက သူတို့သိတာနှင့် လွဲနေတဲ့ အကြောင်း။ ဒီအချက်လေးတွေက အမှတ်မှားနေကြောင်း ဆိုတာတွေပေါ့။ အဲဒီသံသေတ္တာထဲမှာ စာတွေ အားလုံးဖိုင်တွဲထားတယ်။ အဲဒါတွေ ဖတ်ထား၊ မှတ်စု ထုတ်ထားကွယ့်”တဲ့။ ဒေါ်ဒေါ်က ကျွန်တော့်ကို သေချာပြောသည်။

အလှအပြင်အဆင်ချာ၊ အုန်းမှုတ်ပဲ့နှင့် ဒိုလာပြား
———————————————–

ဟုတ်ပါ၏။ ရှေးဟောင်းသံသေတ္တာထဲမှာ ပေးစာတွေ အားလုံးစနစ်တကျ ဖိုင်တွဲထားသည်။ စာတိုက်က ပို့သော စာအိတ်ကအစ သူ့စာနှင့်အတူ တွဲထားသည်။ ထိုစာများထဲတွင် လေဘာတီမမြရင်၏ “ရွှေပြည်စိုး” သီချင်စာသားနှင့် ပတ်သက်ပြီး နယ်က (အခုတော့ ဆရာတော်ကြီးအရွယ်) ပဉ္စင်းငယ်လေးတစ်ပါးက သူတို့ရွာမှာ မမြရင်လာ က တော့ ရွှေပြည်စိုးသီချင်းကို ကြိုက်လွန်းလို့ မင်းသမီးဆီက စာသား မေးပြီး ရေးထားတာတဲ့။ ထိုသီချင်းစာရွက်လေးကို စာတိုက်ကတဆင့် ပို့ပေးသည်။ စာရွက်လေးက လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ ကျော်ကမို့ ဝါကျင့်လို့…။ ထို့ကြောင့် စာသားတွေ ဖတ်မရလောက်အောင် မပျက်စီးခင် ကျွန်တော်က မှတ်စုစာအုပ်လေးထဲ ကူးရေးထားလိုက်သည်။ ဒီနေရာမှာ လိုအပ်သည့် စာသားအပိုဒ်လေးကိုပဲ ထုတ်ပြပါရစေ…။

“ မြနဲ့မောင်နဲ့ အခုမှတွေ့တာ၊ လူပါးမဝခင်တုန်းက ၊ ပြောပြတော့ ရယ်စရာပါ၊
ထဘီလေး တိုတိုဝတ်ကာ၊ ကျွန်မငယ်စဉ်အခါ၊ လူထဲ မဝင်သေးတော့၊ အလှပြင်ဆင်ချာ၊
မယ်ရင် ကုန်ကုန်ပြောမယ်၊ တောသက်သက်မို့ ဘယက် ဒွါရရာ၊
ရွှံ့တွေ ကပ်စီကပ်စီ၊ ပုတီးလုပ်ကာ ဆွဲရပါတယ် ၊
အုန်းမှုတ်ပဲ့ကို ရှာရှာ၊ ဒိုလာပြားကြီး ဆယ့်ငါးပြားလောက် ဆွဲရတာ၊
ကိုကိုတို့က မြှောက်စားပေမယ့်၊ အရင်တုန်းကလို မပျော်ပါ၊
မောင်မောင်တို့က မြှောက်စားပေမယ့်၊ အရင်တုန်းကလောက် မပျော်ပါ၊
ကျွန်မတို့ ရွာကို ပို့ပါ ပို့ပါ၊ လွမ်းတဲ့သူနဲ့ တွေ့ရုံကလေးပါ၊
တယော ဘယ်လို တောတော၊ အဆန်းဘယ်လို ပေါပေါ၊
နားဝင်ချိုအောင် ဘယ်လိုပြောပြော၊ သဘောမကျနိုင်ဘူး အစ်ကို၊
ရွှေပြည်စိုး…၊ ရွှေပြည်စိုး…၊ ရွှေပြည်စိုး လွမ်းပိုဖွယ်ရာ…” တဲ့။

သြော် ဒီစာသားလေး ဖတ်ကြည့်မိမှ ကြားဖူးနေကျ ရွှေပြည်စိုးသီချင်းတွင် သီဆိုကြသူတိုင်းက အငြိမ့်စင်ပေါ်မှာ၊ ဓာတ်ပြားထဲမှာ၊ ရေဒီယိုမှာ၊ ကက်ဆက်ထဲမှာ “ ထဘီလေး တိုတိုဝတ်ကာ၊ ကျွန်မငယ်စဉ်အခါ၊ လူထဲ မဝင်သေးတော့၊ အလှ အပြင်အဆင်မှာ” ဟုချည်း တလွဲသီဆိုကြသည်။ “ထဘီလေး တိုတိုဝတ်ကာ၊ ကျွန်မငယ်စဉ်အခါ၊ လူထဲ မဝင်သေးတော့၊ အလှပြင်ဆင်ချာ” မှ အမှန်ဖြစ်သည်။ “ချာ” ဟူသော ညံ့ဖျင်းသည့် အနက်ကို ဆရာတင်က သေချာသုံးခဲ့ခြင်း ဖြစ်သည်။ ထို့ပြင် “ရွှံ့တွေ ကပ်စီကပ်စီ၊ ပုတီးလုပ်ကာ ဆွဲရပါတယ် ၊ အုန်းမှုတ်ခွက်ကို ရှာရှာ၊ ဒေါ်လာပြားကြီး ဆယ့်ငါးပြားလောက် ဆွဲရတာ” ဟုလည်း မှားယွင်း သီဆိုကြပြန်၏။

စာသား အမှန်က “ ရွှံ့တွေ ကပ်စီကပ်စီ၊ ပုတီးလုပ်ကာ ဆွဲရပါတယ် ၊ အုန်းမှုတ်ပဲ့ကို ရှာရှာ၊ ဒိုလာပြားကြီး ဆယ့်ငါးပြားလောက် ဆွဲရတာ” ဟူ၍ ဖြစ်သည်။ တောသူမလေး မမြရင်က ရွှေဖလားကန်ရွာ သူ့အိမ်နဘေး ချောင်းလေးက ရွှံ့တွေခူးပြီး ပုတီးလုံးကာ ဆွဲရသလို ထိုချောင်းနဘေး အုန်းပင်တန်းက ချောင်းစပ်တွင် ကြွေကျနေသော အုန်းသီးတွေကို အခွံနွှာကာ အတွင်းက အုန်းမှုတ်တွေကို ထုခွဲပြီး အုန်းမှုတ်ပဲ့လေးများကို အာရဗီဘာသာဖြင့် ရွှေဒင်္ဂါးဟု အဓိပ္ပာယ်ရသည့် ဒိုလာပြားများကဲ့သို့ ၁၅ပြားလောက် ဆွဲကာ ဆော့ကစားခဲ့ရသည်ဟု ဆရာတင်က ရေးစပ်ခဲ့ပုံကို အဖိုးတန်စွာ သိရှိခဲ့ရသည်။

 

နောက်တစ်ခါ ပြန်ရိုက်ရင် ပြင်လိုက်ကြပါ
—————————————–

ကျွန်တော်သည် ပြည်သူချစ်သော အနုပညာသည်များ စာအုပ်ကို ပဉ္မအကြိမ် ရိုက်နှိပ်ရန် ပြင်ဆင်ဆဲ ကာလမှာပင် ရတာနာသိုက်ကို တွေ့ရှိသည့်အလား ပြည်သူချစ်သော စာဝင်္ကပါတွင် ပျော်မွေ့နေခဲ့သည်။ ဤသို့ဖြင့် စိစစ်ရေးကျပ်တည်း၊ စာအုပ်ဈေးကွက် ပြိုပျက်၊ အထွေထွေ စရိတ်ကြီးမြင့်နေချိန်တွင် “ပြည်သူချစ်သော အနုပညာသည်များ” စာအုပ်ကို ပဉ်္စမအကြိမ် ရိုက်နှိပ်ထုတ်ဝေခြင်းသည် ပြန်လည် အားယူစ လူထု ကြီးပွားရေး စာအုပ်တိုက် အတွက် စွန့်စားမှုကြီးတစ်ခု ဖြစ်ခဲ့သည်။ ဒီလိုနဲ့ စာအုပ် ရိုက်နှိပ်ပြီးလို့ ဒေါ်ဒေါ့်လက်ထဲ စာအုပ်လေး ထည့်ပေးလိုက်ချိန်သည် ကျွန်တော့် အတွက် အပျော်ဆုံး အချိန် ဖြစ်သည်။

နောက် ၂ရက်၊ ၃ရက်အကြာ တစ်ညနေ ဒေါ်ဒေါ် က “ပြည်သူချစ်သော အနုပညာသည်များ” စာအုပ်အသစ်ကို ကိုင်ပြီး အောက်ဆင်းလာ၏။ စာအုပ်ကြားမှာ စက္ကူစ အလံလေးတွေ ထိုးထားတာ ဝါလို့(ဖြတ်စ အဝါရောင်လေးတွေကိုး) ထို့နောက် ဒေါ်ဒေါ်က ကျွန်တော့်ကို ပြောသည်။

“အေး စာအုပ်လေးက လှသကွယ့်။ ဂရုတစိုက် လုပ်ပေးတဲ့ မတင်ဝင်းရော၊ ကျော်ဆန်းမြင့် (ဆရာကျော်ရင်မြင့်) ရော၊ မင်းကိုရော ကျေးဇူးတင်တယ်။ အခု တစ်အုပ်လုံး ပြန်ဖတ်တော့မှ ဒါတွေ ငါရေးခဲ့ဖူးပါလားဆိုပြီး ပြန်အမှတ်ရတာ။ ငယ်တုန်းကမို့ ဒီစာအုပ်ကို ရေးနိုင်တာပါကွယ်။ အဲ့ဒီအချိန် သတင်းစာကလည်း ရှိသေးတော့ အားလုံးက ဝိုင်း ကူကြတာကိုး””တဲ့။ ပြီးတော့ ဒေါ်ဒေါ်က ဆက် ပြောသည်။

““အေးကွယ် …ဒီစာအုပ်ကို မင်းတို့နောက် တစ်ကြိမ်များ ပြန်ရိုက်ရင် ဒီအမှားလေးတွေ ပြင်လိုက်ပါဦး””တဲ့။

ကျွန်တော်ဖြင့် ရှက်လိုက်တာ။

ထိုစာအုပ်ကို အလုပ်သဘော ပရု(ပ)ဖတ်သောအခါ စာလုံးအကျအပေါက်နှင့် သတ်ပုံခွဲထားထက် ဒေါ်ဒေါ် ရေးသားသည့် အကြောင်းအရာတွေကို ဖွဲ့နွဲ့ထားသည့် ဒေါ်ဒေါ့်ကလောင်စွမ်းထဲ မျောမျောပါသွား လေတော့။ ဘယ့်နှယ် ပရု(ပ) စင်ပါ့မလဲ။ စာလုံး အမှားအယွင်းလေးတွေ ပါသွားတော့သည်။ ထိုအရာအားလုံး ကျွန်တော့်ချို့ယွင်းအားနည်း ချက်၊ ကျွန်တော့် တာဝန်များပဲ ဖြစ်ပါ၏။ (ထိုအမှားအယွင်းများကို ရိုက်လက်စ စာဖောင်များကိုရပ်ပြီး ပြန်လည်ပြင်ဆင်ကာ အမှန်အတိုင်း ရိုက်နှိပ်ခဲ့ ပါသည်)။ တကယ်တော့ ဒေါ်ဒေါ်(လူထုဒေါ်အမာ)လို ကမ်္ဘာကျော် စာရေးဆရာ၊ သတင်းစာဆရာမကြီးက သူ့လက်အောက် ငယ်သားအပေါ် ဘယ်တော့မှ ရင့်ရင့်သီး သီး၊ မာမာကြောကြော၊ ချိုးချိုးနှိမ်နှိမ်မပြောပေ။ ချီးကျူးစရာရှိလျှင် ချီးကျူးသည်။ ပြီးမှ အမှားကို ညင် ညင်သာသာ၊ သိမ်သိမ်မွေ့မွေ့ ထောက်ပြ ပါသည်။

မြင်မြင်သမျှ ငါ့တပည့်
———————–

တစ်ဆက်တည်း ပြောကြားလိုသည်မှာ ဒေါ်ဒေါ်သည် သူ့သတင်းစာတိုက်တွင် လည်းကောင်း စာအုပ်တိုက်တွင် လည်းကောင်း ရောက်ရှိလာကာ သတင်းစာပညာ စာပေပညာများ တတ်မြောက်သွားကြသူ အများအပြားရှိသည်။ အများစုက စာပေလောက သတင်းစာလောကတွင် မခေသူများသာမက အာဂ ပညာရှင်ကြီးများ ဖြစ်ကြသည်။

ဒေါ်ဒေါ်သည် ထိုထိုပုဂ္ဂိုလ်များကို ရှေ့မှာရော ကွယ်ရာမှာရော ဘယ်သောအခါမှ “တပည့်” ဟု မခေါ်ခဲ့၊ မသုံးနှုန်းခဲ့ပေ။ ယုတ်စွအဆုံး “ဒို့တိုက်မှာ လုပ်သွားတာလေ၊ ရောက်စက ရှင်လူထွက်လေး၊ အောက်ခြေသိမ်း အကုန်လုပ်ခဲ့တာ” ဟုလောက်သာ ပြောသည်။ သူ့တိုက်ထွက်များ လူစွာ လူတော်ဖြစ်နေလျှင် ဒေါ်ဒေါ့်မှာ ပြုံးပြုံးနှင့် ဂုဏ်ယူမဆုံးပေ။ ထိုကောင်းမွေ ကောင်းကျင့်ကို သိမြင်ခဲ့ရသောအခါ ဆရာမှ ဆရာလုပ်ချင်ပြီး ဘေးရှိသမျှလူ တပည့်ချင်း မိုးမွှန်နေသူများ၊ တစ်ယောက်ယောက်များ လူတော်ဟု အသိအမှတ်ပြု လာလျှင် ထိုသူကို ကြံဖန်ပြီး တပည့် အမျိုးစပ် ချင်သည့် ဆရာရူးများကို တွေ့ရသောအခါ ဒေါ်ဒေါ်၏ လူကြီးလူကောင်း အမွန်အမြတ် ဆရာစိတ်ဓာတ်ကို ဦးချမိတော့သည်။

 

ဒေါ်ဒေါ့်ကလောင်နောက် မျောပါခဲ့
———————————

ဒေါ်ဒေါ်လူထုဒေါ်အမာ၏ ပြည်သူချစ်သော အနုပညာသည်များ စာအုပ်ကို ၇တန်း ၈တန်း ကျောင်းသား ဘဝ စတင် ဖတ်ရှုရသောအချိန်က စာအုပ်ပါ အနုပညာရှင်များ၏ ဘဝဇာတ်ကြောင်းနှင့် သူတို့ ရေးသား သူတို့ သီဆိုကြသော သီချင်းစာသားတွေကို သိလိုခြင်း မျှလောက်သာ ဖြစ်သည်။ သည်လိုနှင့် စာအုပ်ကို ခေါင်းအုံးဘေးထားကာ သတိရတိုင်း တစွက်စွက် ဖတ်သည်။ ထိုသို့ ဖတ်လေတိုင်း ဒေါ်ဒေါ်ရေးသားသော စာကြောင်းတွေ စာပိုဒ်တွေ အကြောင်းအရာ အချက်အလက်တွေက ဖတ်နေရင်းနှင့် ရောက်သည့် စာမျက်နှာ အတိုင်း ဖွင့်ကာ စာအုပ်ကို ရင်ပတ်ပေါ် တင်ပြီး စဉ်းစား တွေးတောစရာတွေ သင်ခန်းစာ ယူစရာတွေ ထပ်မံလေ့လာစရာတွေနှင့် ဦးနှောက်ကို အလုပ်ပေးခဲ့သည်။ ထို့ကြောင့် ထိုစာအုပ်ကို ပဉ္စမအကြိမ်ရိုက်နှိပ်ရန် တာဝန်အရ ဖတ်ရှုချိန်၌ မူလ ခဲစာလုံးစီ စတုတ္ထအကြိမ်ထုတ် စာအုပ်မှ ကွန်ပျူတာစာလုံး ပြန်စီရသောကြောင့် စာလုံးအကျအပေါက်စစ်ဖို့ သတ်ပုံနှင့် ခွဲထားမှန်ဖို့ဟူသော အလုပ်သဘောဖြင့် ဖတ်ရှုရမည့်အစား ကျွန်တော်က စဉ်းစားစရာတွေ သုံးသပ်စရာတွေဖက်ရောက်ကာ ဒေါ်ဒေါ့်ကလောင်နောက် မျောပါခဲ့သည်။

ဥပမာ ဆိုပါတော့

“တော … မြိုင်ခြေ … လမ်း၊ ရဂုံတန်း … ကမူ
ဘဲကြားရိုင်လို့ ထူထူ အသားထိအောင် နေမခသူ …
အင်းလျားရေ မချိုး …ဘဲ၊ ဆတန်ဖိုး တိုး … လို့ ဖြူ …
ဆရာတင် နန်းတော်ရှေ့က အတွေ့မှန်တာ အဟုတ်ကိုရေးသူ …”

ဟုဆိုလျှင် အရင်က စာအုပ်ကိုလှန်ပြီး ထိုသီချင်းကို စာသားနှင့်တိုက်ကာ လိုက်ဆိုဖြစ်သည်။ အခုတော့ သီချင်းထက် စာအုပ်ပါ အကြောင်းအရာတွေကို ပို၍ စိတ်ဝင်စားမိ၏။ အခုလည်း ကြည့်

“ဆရာတင် ရေးသည့် သီချင်းကလေးများတွင် အကြောင်းရှိ၍ ရေးစပ်သည်များ၊ သီချင်းတွင် နောက်ခံ အကြောင်းအရာကလေး များ ရှိကြသည်တို့ တော်တော်များပါသည်။ ဥပမာ “ကြံကြံဖန်ဖန် ရန်ကုန်သူ” သီချင်းဆိုပါလျှင် ဆရာတင်က ရွှေဘိုသူတွေ ကျေနပ်စေရန် သီချင်းနှင့်ချော့သည့် တေးဖြစ်ပါသည်။

“ထပါနော်၊ မရာကျော်ရယ်၊ ဂဟေဆက်လို့၊ ရွှေကြက်ယက် ဘုရားဖူးရင်း၊ စစ်ကိုင်းတံတားကူးမယ့်ပြင်” ဟူသော စစ်ကိုင်း တံတား သီချင်းတွင် “ရွှေဘိုသူများကို အခြားသူများက အထင်သေးမည်ဆိုလျှင်လည်း သေးစေနိုင်သည်” ဆိုသော စာတစ်ပိုဒ် ပါပါသည်။ ထိုစာပိုဒ်ကို ရွှေဘိုသူများက သူတို့ကို နှိမ်ကူးသည်ဟု သဘောရသည့်အတွက် ဆရာတင်နှင့် တွေ့ပြီး ရွှေဘိုသူတွေကို ဒီလောက် မနှိမ်ပါနှင့် ဆရာဟု ပြောလာကြသည်။ ထို့ကြောင့် ဆရာတင်က ရွှေဘိုသူတွေ ကျေနပ်ပါစေကြောင်းအတွက် “မေပျိုဖြူရယ်လေ၊ ရွှေဘို သူလောက် ယဉ်တာ ကမ္ဘာမရှိသူ” ဟူ၍ ရွှေဘိုသူများကို ပြန်ချော့သည်” ဟူသော စာပိုဒ်က အဖိုးတန်လှသည်။

 

စဉ်းစား တွေးတောရသည့် အသိ များဆီ
—————————————-

ကျွန်တော်တို့ ပါးစပ်ဖျားနှင့် နားတွင် အမြဲယဉ်ပါးကာ နှုတ်က မချတမ်း ရွတ်ဆိုမိနေသော “ငွေစန်းရောင် … မြူးယှက် ကူးလျက်၊ ကြည်နူးအေးမြသီတာရေ အေးမြသီတာရေ ” ဟူသော ထပ်တရာလန်း သီချင်း၊ “ညချမ်းချိန်ခါဝယ်၊ တူနွှဲနှစ်ဖြာမောင်မယ် ကြည် စယ်လွန်တာ၊ ဖိုးရွှေလက မိုးတိမ်ဝမှ သရော်သည်နှယ်” ဟူသော ချစ်တာပဓာန သီချင်း၊ “သြော် သူ့ခေတ်နဲ့သူတော့ သူတွင်ကျယ်၊ သူတို့ကိုလည်း ပြိုင်ဖို့ မလိုဘူးထင်တယ်” အစရှိသော နှစ်ယောက်ထဲသီချင်း၊ “လူချွန်လူကောင်းများကို ပေါင်းစုအားတွင်၊ မြို့မ မိတ်ဆွေတွေကို ကြည်ညိုစွာ မြင်လိုက်ချင်” ဟူသော လူချွန်လူကောင်း သီချင်း၊ စသော သီချင်းများကို ရေးသားစပ်ဆိုခဲ့သူ ဆရာ မြို့မငြိမ်းနှင့်ပတ်သက်၍ ထိုစာအုပ်ထဲတွင် နင့်နင့်နဲနဲ အပေါ်လွင်ဆုံးဖြစ်အောင် ရေးသားထားတာလည်း သတိပြုမိသည်။ ဘယ်အချိန်ဖတ်ဖတ် မရိုး၊ ဖတ်တိုင်းလည်း “ရသ” တစ်မျိုးမျိုး ခံစားရသည်။ ထိုထက်မက သေချာစွာ ဖတ်ရှုပြန်တော့ စဉ်းစား တွေးတောရသည့် အသိ များဆီ တံခါးဖွင့်ကာ ဆွဲခေါ်သွားသည့် အကြောင်းအရာများကိုလည်း ဆရာမြို့မငြိမ်း စာမျက်နှာများမှာ တနင့်တပိုး တွေ့ရ၏။

“ဆရာငြိမ်းသည် မြန်မာ့ဂီတကို ကမ္ဘာ့ဂီတများနှင့် ရင်ပေါင်တန်းနိုင်ရေးကိုသာ အမြဲတမ်း စိတ်ကူး လုပ်ဆောင်ရင်းက အခြေ အနေ၏ တောင်းဆိုချက်အရ သီချင်းများကို ကူးစပ်ပေးခြင်းဖြစ်လေသည်။ သူ့တစ်သက်တာ၌ သူ့ဉာဏ်စွမ်းရှိသမျှ၊ သူ့ကိုယ်စွမ်းရှိသမျှ ကြိုးပမ်းသွားခြင်းသည် မြန်မာ့ဂီတဝိုင်းကြီး ဖွဲ့ရေးဖြစ်သည်။ မြန်မာသီချင်းများကို ရေးစပ်သွားခြင်းသည် သွားရင်းဟန်လွဲ လုပ်ဆောင် သွားမှုများသာ ဖြစ်သည်။”

“ဆရာငြိမ်းက သီချင်းတစ်ပုဒ်ကို ရေး၍သာ ရေးပေးခဲ့သည်။ သူလုပ်ချင်သည်က ဤအလုပ်မဟုတ်၊ မလွှဲမကင်း သာ၍ အမြင် မတော်၍ ဝင်ရေးပေးခြင်းမျိုး ဖြစ်သောကြောင့် ထိုသီချင်းအတွက် သီချင်းရေးခ ရရေးဆိုသော ပြဿနာမှာ ဆရာငြိမ်းအဖို့ အလွန်ကျဲသည့် ကိစ္စ ဖြစ်ပေသည်။ ဆရာ့သီချင်းအများစုသည် ရေးခ တစ်ပြားတစ်ချပ်မှ မရဘဲ ရေးပေးရသည့် သီချင်းတွေ ဖြစ်လေသည်။”

“ဆရာငြိမ်းရေးခဲ့သည့် သီချင်းကလေးတွေသည် မြန်မာ့ဂီတဤ ကာလအကြာကြီး တည်တံ့နိုင်သည့် သတ္တိများ ရှိသည်ဟူ၍ ဆိုခဲ့ သည်။ သီချင်းတစ်ပုဒ်၌ (၁) ရေးဖွဲ့သည့်အကြောင်းအရာနှင့် အတွေးအခေါ်၊ (၂) ရွေးချယ်သီကုံးသည့် စကားလုံး၊ (၃) တေးသီချင်း၏ အသွားအလိုက်နှင့် တီးကွက်ဟူ၍ ၃ပိုင်း ရှိပေသည်။ ဤ၃ပိုင်းစလုံးတွင် ကြာရှည်စွာ တည်တံ့နိုင်သည့် အရည်အသွေးပါရှိမှ သီချင်းတစ် ပုဒ်သည် နှစ်ကာလကြာညောင်းအောင် လူတွေက မြတ်နိုးခုံမင်စွာ သီဆိုနိုင်ပေသည်။

“မြန်မာတီးဝိုင်းသည် နှစ် ၁၀၀ ကာလအတွင်း၌ တစ်စုံတရာ ထူးထူးခြားခြား ပြောင်းလဲလာမှုဟူ၍ မရှိသလောက် ရှိနေသေး သော်လည်း သူများနိုင်ငံကြီးများတွင်ကား တေးဂီတအရာ၌ ပြောင်းလဲပြုပြင်ချက်ကြီးတွေ အများကြီး ဖြစ်ပေါ်လျက် ရှိကြပေပြီ။ ဤအဖြစ်ကို ဆရာငြိမ်းက ကောင်းစွာ အသိအမှတ်ပြုလျက် မြန်မာ့ဟန်၊ မြန်မာမှု၊ မြန်မာ့ အတွေးအခေါ်များ အပြည့်ပါသည့် မြန်မာ့သီချင်းပီပီ မည်မည် များကို ရှေးနှင့်ခေတ် ပေါင်းကူးပေးပြီး ခေတ်နှင့် လျော်ညီစွာ စီကုံးရေးဖွဲ့ခဲ့လေသည်။”

“ဆရာငြိမ်းသည် မြန်မာစကား၊ မြန်မာဝေါဟာရကို အဟုတ်ပိုင်သူ၊ အဟုတ်ဂရုစိုက်သူ ဖြစ်သည်။ ထို့ကြောင့်လည်း သူရေးထား သည့် သီချင်းစာသားကို အလွဲလွဲအချော်ချော် သီဆိုလျှင် သူက သည်းမခံနိုင်။ ဆရာငြိမ်းက သူတစ်လုံးစီ ရွေး၍ သီကုံးထားသည်များကို သေသေချာချာ မကျက်မှတ်ဘဲ ထင်ရာရမ်း၍ ဆိုလျှင်ဖြစ်စေ၊ ဘာမှန်းမသိ၍ ပီပြင်အောင် မဆိုလျှင် ဖြစ်စေ၊ မကြိုက်ပေ။ ယခု ဆရာ့ သီချင်းဟု ဆိုပြီး သေသေချာချာ မရှာဖွေဘဲ ပေါက်တတ်ကရ လုပ်နေကြသည်များကို ဆရာသိလျှင် ဘယ်ကလောက်များ မခံမရပ်နိုင် ဖြစ်နေမည် မသိပေ”

အထက်ပါ အချက်များကား ထိုစာအုပ်ထဲမှတစ်ဆင့် နက်နဲသော အတွေးအခေါ်များဆီ ဆွဲခေါ်ယူသွားစေသည့် လမ်းပြတံခါး ပေါက်များပဲ ဖြစ်သည်။ ဒါက နမူနာအကျဉ်းမျှဖြစ်သည်။ ဒီလို စဉ်းစားတွေးတောဖွယ် အချက်အလက်များ ထိုစာအုပ်တွင် အများအပြား ပါဝင်သည်။

ထို့အတူ လေဘာတီမမြရင် အကြောင်းတွင်လည်း မမြရင်ကို လက်ဖဝါးပေါ်တင်၍ ဟောဒါ မမြရင်ဟုဆိုကာ မမြရင်နှင့် ပတ်သက်သမျှ ကောင်းချက်တော်ချက်များကို စေ့ငုရှင်းလင်းစွာ ရေးပြသည့် ဒေါ်ဒေါ့်ကလောင်စွမ်း ဖြစ်သည်။

တောအငြိမ့်လေးက မင်းသမီးလေး
———————————–

လေဘာတီ မမြရင်ကို သက္ကရာဇ် ၁၂၆၆ခုနှစ် တော်သလင်းလမှာ အဘ ကိုဖိုးသစ်၊ အမိ မဉာဏ်ရုံတို့က (ထိုစဉ်က) သာစည်ခရိုင် ရွှေဖလားကန်ရွာမှာ မွေးဖွားခဲ့ပြီး ငယ်အမည်က ဗိုလ်မတဲ့။ ထို့ကြောင့် မမြရင်က ငယ်စဉ် ကတည်းက ဖြူဖြူချောချောလေး ဖြစ်ပုံရသည်။ အဖေနှင့် အမေကလည်း တောကျေးလက် အငြိမ့် မင်းသားမင်းသမီးတွေ ဆိုတော့ မမြရင်လေး ငယ်စဉ်ကတည်းက အဆိုအက အနုပညာနှင့် ရင်းနှီးပြီးသားမို့ အရွယ်ရောက်တော့ မိဘများနှင့်အတူ တောအငြိမ့်လေးမှာ မင်းသမီးလေး အဖြစ် ကပြနေပါပြီ။ ထိုစဉ်ကာလ တောအငြိမ့်လေးတွေကို သီချင်းရေးပေး အက တိုက်ပေးနေသော သီချင်းရေးဆရာ နန်းတော်ရှေ့ဆရာတင်က တွေ့ပြီး အလားအလာ ရှိသူလေးမို့ မန္တလေးခေါ်လာကာ မြေတောင်မြှောက်ပေးတော့ နဂိုကတည်းက ရုပ်ရည် အသံ ဗီဇနဲ့ လုံ့လ ရှိသူမို့ နာမည်ကျော်လာသည်။

မမြရင်က ကိုယ်ပိုင်ဟန်ရှိသည်။ အဝတ်အစားကအစ ရွေးချယ်သည်။။ အရောင်ရင့် အဆင်ကြမ်းတွေ ရှောင်သည်။ ထဘီဆို အစိမ်းနု၊ ပန်းနု၊ ဝါနု၊ ပြာနုတွေကို အနှစ်သက်ဆုံးတဲ့။ အများဆုံးဝတ်သည်က ဝါနုသွေးလေးမို့ နန်းဆန် မန်းဆန်လှသတဲ့။ ထို ဝါနုသွေးလေးကို ညပိုင်း က လျှင် ငွေချည်ထိုးပြီး နေ့ပွဲဆိုလျှင် ငွေချည်မျှပင် မထိုးဘဲ ဝတ်သတဲ့။ သူ့ထဘီက ချိတ်အစစ် ပိုးအစစ် နှင့် ကွမ်းရိုးစင်းလေးတွေ ဝတ်သတဲ့။ သာမာန် အရပ်ပွဲ မဟုတ်ဘဲ မင်းပွဲစိုးပွဲတွေဆိုလျှင် အရေးပိုင်ကတော်က သူ့အဝတ်အစားတွေကို ကိုင်ကြည့်ရလောက်အောင် အစစ်ထည် လှပေ့ ညွန့်ပေ့ ဆိုတာတွေ ဝတ်သတဲ့။ ဒေါ်ဒေါ်က ဤသို့နှယ် အသေးစိတ်ခဲ့သည်။

ထို့ပြင် သူ့အငြိမ့်မှာ လူရွှင်တော်များ၏ ပြက်လုံးဆိုလျှင် ရိုင်းစိုင်းသော ပြက်လုံး၊ ညစ်ညမ်းသော ပြက်လုံးတွေ ပြက်ခွင့် မရှိသလို သူအပါအဝင် မင်းသမီးတွေကိုလည်း ပစ်စလက်ခတ် ချိုးချိုးဖဲ့ဖဲ့ ပြောဆို ပြက်လုံးထုတ်ခြင်းလည်း မလုပ်ရဘူးတဲ့။ သူကိုယ်နှိုက်ကလည်း အငြိမ့်ခွင်မှာ မင်းသမီးအနေနှင့် လူရွှင်တော်တွေကို ပြောရာဆိုရာမှာပင် မင်းသမီးက ရည်းစား အကြောင်းကို ခွင်လုံးအနေနှင့် မပြောဘူးတဲ့။ ဆို စရာရှိတဲ့ သီချင်းဆို၊ က စရာရှိတာ က ပြီးလျှင် ခေါက်ယပ်တောင် လေး ကိုင်ပြီး ပတ္တလားရှေ့ ပြုံးပြုံးလေး ထိုင်နေတာပဲတဲ့။ လူရွှင်တော်တွေက သူဆိုသွားတဲ့ သီချင်း အဓိပ္ပာယ်ကိုပဲ ပြက်လုံး ထုတ်ကြတာပါတဲ့။

ရွှေဒင်္ဂါးတစ်ပြား ၁၃ကျပ် မမြရင် အငြိမ့်ကြေးက ၄၅ ကျပ်
——————————————————-

သူအငြိမ့် က တော့ အခြားမင်းသမီးတွေလို က ခါနီး အငြိမ့်စင်ပေါ်ရောက်မှ ကာလသားတွေ တရုံးရုံးရှေ့မှာ သနပ်ခါးလိမ်း တာ မဟုတ်။ အိမ်မှာ ကတည်းက ဆံထုံးထုံး သနပ်ခါးလိမ်းခဲ့ပြီး အငြိမ့်စင်ပေါ်ရောက်မှ အဝတ်အစားလေး လဲရုံပါပဲ တဲ့။ မန္တလေး ဈေးခိုတော် ရွှေဆိုင်တန်းလို၊ သူဌေးရပ်ကွက်ဖြစ်တဲ့ ဝါးတန်းရပ်ကွက်လိုမျိုးမှာ နေ့ပွဲ ကရပြီးဆိုရင် လက်ဝက်လက်စား တစ်စုံစာကို စိန်အစစ် ပတ္တမြားအစစ် နီလာအစစ်တွေနဲ့ ဝတ်ပြီး က သတဲ့။ အဲ့ဒီခေတ်က ရွှေဒင်္ဂါးတစ်ပြား ၁၃ကျပ်ပေးရတဲ့ အချိန် မမြရင် အငြိမ့်ကြေးက ၄၅ ကျပ် ရတော့လည်း ဝတ်နိုင် စားနိုင်တာပေါ့ လို့ ပြောကြသည်။ ဒါပေမယ့် ဟော့ဟော့ရမ်းရမ်း မသုံး။ ပိုက်ဆံကိုပင် မရေတတ်၊ ရသမျှ အမေ့ကို အပ်ပြီး လိုမှသာ ယူသုံးတာတဲ့။

အဲ့ဒီခေတ်က သူ့ အငြိမ့်သီချင်းများကို အများဆုံးရေးပေးသည်က ဆရာလည်း ဖြစ်သူ၊ သီချင်းရေး ဆရာ နန်းတော်ရှေ့ ဆရာတင်ဖြစ်သည်။ ဒုတိယ အများဆုံက မြို့မငြိမ်း ဖြစ်ပြီး၊ နောက် သူ့ပထွေး ဦးသာဒင်၊ ဆရာထာ၊ ကိုရွှေမောင် စသည့် သီချင်းရေးဆရာများ၏ သီချင်းများကိုလည်း သီဆိုခဲ့သည်။ သူ့သီချင်းများကို ရွှေလိပ်ပြာ ဓာတ်ပြားတိုက်က ၂၄ပြား၊ အောင်မင်္ဂလာ ဓာတ်ပြားတိုက် က ၂၄ပြား၊ ခွေးတံဆိပ် ဓာတ်ဲပားတိုက်က အချပ် ၆၀၊ ကိုလံဘီယာ ဓာတ်ပြားတိုက်က ၁၂ပြား ထုတ်ခဲ့သည်။ ထင်ရှားသော သီချင်းများမှာ အလှူ့ရှင်၊ အလှူ့အမ၊ ရွှေပြည်စိုး၊ စိမ်းရောင်စို၊ မန်ဒါလီ၊ ရှင်တခုတည်း၊ နှစ်ယောက်ထဲ၊ အပျော့ဆွဲ၊ တုံးကျော်မ၊ ကမ္ဗောဇ၊ တောင်ပြုံး၊ သော့တွဲ၊ ဘုရားဈေး၊ တစ်နာရီထဲ မောင်နဲ့ ချစ်ပါရစေ၊ လက်ရည်တပြင်တည်း၊ စိမ်းရောင်စို၊ ပန်းသဇင်၊ မယ်ဥတောင်၊ ယောက်မ၊ မုန့်စား၊ နှစ်ပိဿာခွဲ၊ စစ်ကိုင်းတောင်၊ သခွပ်ပန်း၊ မြန်မာ့ဂုဏ်ရည်၊ တောသူမ မြရင်၊ စော်ဘွားသမီးတော်၊ ရေစက်ချ၊ တချစ်ထဲချစ်၊ ဦးသဝန်ကြောင်၊ ဝိသာခါ စသည်တို့ ဖြစ်သည်။

 

အမြင့်ဆုံး အဖိုးတန်ဆုံး Liberty (လေဘာတီ) ဟူသည့် ဘွဲ့
———————————————————

ထိုခေတ်က လေဘာတီမမြရင်၏ အနုပညာသာမက အနေအထိုင်၊ ဣနြေ၊္ဒ ရုပ်ရည် နှင့် မိန်းကလေး ပီသမှုများကြောင့် အရာရှိ အရာခံတွေသာမက ပညာတတ် ကောလိပ်ကျောင်းသားများအထိ အားပေးကြ ကြိုက်နှစ်သက်ကြသည်။ ထိုစဉ်ကာလအချိန်သည် မြန်မာပြည် လွတ်လပ်ရေးအတွက် လက်ရုံးရည်သာမက နှလုံးရည်နှင့်ပါ တိုက်ပွဲဝင် တောင်းဆိုနေကြသည့် အချိန်ဖြစ်သောကြောင့် Liberty ဆိုသော လွတ်လပ်ရေးက မြန်မာပြည်အတွက် မြန်မာလူထုအတွက် အမြင့်ဆုံး တန်ဖိုးအရှိဆုံး ဆုလာဘ်ပဲ မဟုတ်ပါလား။ ထို့ကြောင့် ကောလိပ်ကျောင်းသား ပညာတတ်များက မမြရင်ကို မြန်မာပြည်အတွက် အမြင့်ဆုံး အဖိုးတန်ဆုံး အရာဖြစ်သော Liberty ဟူသည့် ဘွဲ့ကို ချီးမြှင့် ပေးအပ်ခဲ့သည်။ လေဘာတီ ဆိုတာ Liberty (လွတ်လပ်ရေး) ဟူသော အင်္ဂလိပ်စာလုံးကို မြန်မာအသံထွက် ဖလှယ်ပြီး လေဘာတီ မမြရင် ဟု ကမ္ပည်းတွင်ခဲ့ခြင်းဖြစ်သည်။

လေဘာတီ မမြရင်သည် ဒုတိယကမ္ဘာစစ်ကြီးကာလ ဖက်ဆစ်ဂျပန်တွေ မြန်မာပြည်က ပြေးကာနီး မန္တလေး ဝန်းကျင်တွင် စစ်မီးဟုန်းဟုန်းတောက်နေသဖြင့် မြို့ပေါ်တွင် မနေနိုင်တော့ဘဲ မြို့စွန် ကန်ကောက်ရွာသို့ို သားအမိ နှစ်ယောက် ရှောင်တိမ်းကြသည်။ ကန်ကောက်ကလည်း မလုံခြုံလေတော့ ရွှေစာရံဘုရားအနီးက ကင်းဘတ်ရွာကို ပြောင်းကြပြန်သည်။ တောမီးလောင် တောကြောင် လက်ခမောင်းခတ်စမြဲ ဆိုတော့ မိန်းမသား နှစ်ယောက်ထဲ နေကြရတာ မလုံခြုံပြန်ပေ။ ထို့ကြောင့် ကျန်ကောင်း ကျန်ရာ လက်ဝတ်ရတနာများကို ထုခွဲရောင်းချ စားသောက်နေရာက လက်ကျန် ပစ္စည်းများလည်း ဓားပြတိုက်ခံရသေးသည်။ ကင်းဘတ်ရွာမှ ဧည့်ပြရွာကို ပြောင်းပြီး ချို့ချို့တဲ့တဲ့ နေရချိန်မှာပင် အရင်က ဖြစ်ခဲ့ဖူးသော ငှက်ဖျားရောဂါက ပြန်ဖြစ်တော့ စစ်တွင်းကာလမို့ ဆေးရယ် ဝါးရယ်နှင့် မကုနိုင်၊ ကောင်းကောင်းလည်း မပြုစုနိုင်ဘဲ ကွယ်လွန်ရရှာသည်။ လေဘာတီ မမြရင် ကွယ်လွန်သည့်ရက်က ၁၃၀၇ခုနှစ် ကဆုန်လပြည့်ကျော် ၄ရက် (၁၉၄၅ခု၊ ဧပြီလ ၂၉ရက်) ဖြစ်သဖြင့် အသက်၄၀ကျော်ပဲ ရှိပါသေး၏။

သူကွယ်လွန်ပြီးနောက် ကျေးဇူး သိမီသူ ပညာရှင်များ ပြန်လည် ဖော်ထုတ်ချက်တွေကြောင့် နောက်ခေတ် အငြိမ့်မင်းသမီးတွေ၊ အဆိုတော်တွေက လေဘာတီမမြရင်၏ သီချင်းများကို အငြိမ့်စင်ပေါ်မှာ၊ ရေဒီယိုမှာ၊ ဓာတ်ပြားမှာ၊ ရုပ်မြင်သံကြား ဖန်သားပြင်မှာ၊ တိတ်ခွေမှာ၊ စီဒီ၊ ဗွီစီဒီတွေမှာ၊ ပြန်လည် ဖော်ထုတ် သီဆိုခဲ့ကြသည်။

 

လေပါတီမှ မဟုတ်တာ၊ လေဘာတီမှ ဟုတ်ထာ
—————————————————

ထိုသို့ ပြန်လည်သီဆိုကြရာတွင် လေဘာတီမမြရင်အကြောင်းကို ဂဃနဏ သိရှိသော ပညာရှင်ကြီးများ၏ ကြီးကြပ်မှုနှင့် သီဆိုကြ ပြန်လည် ဖော်ထုတ်ကြလျှင် မမှားသော်လည်း နောက်ပိုင်း အရုပ်ရောအသံပါ မြင်ရကြားရသည့် နေရာများက သူ့သီချင်းများကို ပြန်လည်သီဆိုကြရာတွင် အတော်များများ မှားကြသည့် စကားလုံးရှိသည်။ ထို စကားလုံးက “လေဘာတီ” ဆိုဟူသည့် စကားလုံးဖြစ်သည်။ ထိုစကားလုံး၏ ဗျုတ္တပ္ပတ်နှင့် မမြရင်၏ဆက်စပ်မှုကို မသိလေတော့ ကြားဖူး ရင်နှီး အသားကျနေသော စကားလုံးပဲ ထင်မှတ်ပြီး “လေပါတီ” ဟု ပီပီသသကြီး မှားယွင်း သီဆိုနေတြသည်။

အခု ဒီဘက်ခေတ်မှ မဟုတ်၊ လေဘာတီမမြရင်၏ ရေခံမြေခံ မန္တလေးက မြို့ဂုဏ်ဆောင် တူရိယာအသင်းကြီး၏ ၁၉၆၀ကျော် ၇၀ ဝန်းကျင်က ဓာတ်ပြားသွင်း ဓာတ်ပြားရ လေဘာတီမမြရင်သီချင်း ပြန်ဆိုတွေမှာ “လေပါတီရေ..၊ မင်းကလွဲရင် ကိုယ့်ဗိုက်အောက်ကို ယက်တဲ့ ဘဝတွင်” ဟု သီဆိုသလို “ လေပါတီ ရင်ရင့် အသည်းမှာ အမြဲပဲ စွဲတဲ့ သံမှိုပမာ” ဟု ပီပီသသ မှားယွင်းသီဆို အသံသွင်း အသံလွှင့်ခဲ့ပါသေးသည်။ “လေပါတီရေ.. ၊ မင်းအပျိုလုပ်တယ် လုပ်တယ်..” ၊ “လေပါတီ ပွဲရှိရင် အမြဲကြည့်ကာပင် သာစည်က မမြရင်” ဆိုတာတွေ၊ “သေနိုင်ပါရိုးလား လေပါတီရေ..” ၊ “လေပါတီ ဆိုသော တဘောင်သီချင်း ကိုတော့ မဟာပထဝီ မြေအတွင်းက ..” ဆိုသော အသံထွက်တွေကိုလည်း အငြိမ့်စင်တွေပေါ်မှာ ကြားခဲ့ကြရသည်။ ထို့ကြောင့် Liberty (လွတ်လပ်ရေး) “လေဘာတီ” ဟူသော ဘွဲ့ထူး ဂုဏ်ထူး အစစ်အမှန် အသံထွကနှင့် လေဘာတီမမြရင်ကို ဂုဏ်ပြုကြ၊ သူ့သီချင်းတွေကို စာသားမှန်မှန်ကန်ကန် ဖော်ထုတ်သီဆိုကြပါရန်လည်း ပန်ကြားအပ်ပါသည်။

နောက်တစ်ခု စကားချပ်အနေနှင့် ပြောပါရစေ။ မမြရင်က အညာကျေးလက်သူ မြန်မာ စစ်စစ်ဖြစ်သည်။ “တာ” ဆိုသည့် စကားလုံးကို “ တယ်” ဆိုသည့် အဓိပ္ပာယ်အနေနှင့် သုံးလျှင် နှုတ်က အသံထွက်မှာ “ထာ” ဟု ထွက်ပါသည်။ ထို့ကြောင့် သီချင်းထဲက “တယ်” ဟု အဓိပ္ပာယ်ထွက်သည့် “တာ” စကားလုံးများကို “ထာ” ဟု သီဆို အသံထွက်ပါသည်။ “ ချစ်ထာ ချစ်ထာ ပဓာနလို့ ဆိုချင်ပါတယ် မောင်ရယ်..” ၊ “အစ်ကိုတို့ရဲ့မေတ္တာ မမတို့က ချစ်ထာ..” ။ ထိုသု့ိ အသံထွက်ကြသည်။

 

ပြည်သူချစ်သော အနုပညာသည်များစာအုပ် ဘာ့ကြောင့် ရေးသားပြုစုဖြစ်သလဲ
——————————————————————————–

တကယ်တော့ စာတစ်ပုဒ် စာတစ်အုပ်ကို ဖတ်ပြီး စူးစမ်းလေ့လာကာ သိလိုသည်များကို ထပ်မံရှာဖွေ မှတ်သားမှသာ စာဖတ်ရကျိုး နပ်သည်။ ထိုသို့ စူးစမ်းရန် ဗဟုသုတ အသိလောက်သာမဟုတ်ဘဲ အတွေးတွေ ဆင်ခြင်တုံတရားတွေ ဉာဏ်အမြော်အမြင်တွေအထိ လမ်းဖွင့် လမ်းညွှန်ပေးပါမှ စာကောင်း စာအုပ်ကောင်း ဖြစ်ပါ၏။ ကျွန်တော်သည် ပြည်သူချစ်သော အနုပညာသည်များ စာအုပ်ကို အကြိမ်ကြိမ် ဖတ်ခဲ့သော်လည်း ယခင်ဖတ်ခဲ့သည်များက ဗဟုသုတ သဘောပဲ ဖတ်ကာ ရှေ့မဆက်ခဲ့။

ယခု ပဉ္စမအကြိမ် ရိုက်နှိပ်ရန် အလုပ်သဘော ဖတ်သောအခါ ဆင်ခြင်တုံတရားတွေ ဉာဏ်အမြော်အမြင်တွေ အထိ အရသာခံ ဖြန့်ကျက်မိလေတော့ အလုပ်တာဝန်က လစ်ဟင်းသွားသည်။ လေဘာတီ မမြရင်၏ တစ်နာရီထဲ မောင်နဲ့ ချစ်ပါရစေ၊ မန်ဒါလီ စသော သီချင်း၂ပုဒ်၏ အဆက်အစပ်များအထိ သိချင် စူးစမ်းချင်စိတ် ဖြစ်ရသည်။ တကယ်တော့ ထိုသို့ ရလိုသိလိုခြင်းမှာ ထိုပြည်သူချစ်သော အနုပညာသည်များစာအုပ် ဘာ့ကြောင့် ရေးသားပြုစုဖြစ်သလဲ ဟူသော ဒေါ်ဒေါ်၏ ရှင်းလင်း တိကျသည့် အဖြေစကားကြောင့် ဖြစ်ပါ၏။

 

 

ဆူးငှက်

Related posts

Leave a Comment

VOM News

FREE
VIEW