ဩဂုတ် ၆ – ၂၀၂၆
SN (VOM)
ပြည်ပလုပ်သား စေလွှတ်မှု ထိန်းချုပ်နိုင်ဖို့နဲ့ ပြည်ပရောက် မြန်မာလုပ်သားတွေအနေနဲ့ ဝင်ငွေခွန်တွေ မှန်ကန်စွာပေးသွင်းနိုင်ရေး၊ သတ်မှတ်ထားတဲ့ မိသားစုလွှဲပို့ငွေတွေ မှန်မှန်ကန်ကန် ပေးပို့မှု ရှိ၊ မရှိ စိစစ်နိုင်ရေး စတဲ့ အချက်အလက်တွေ ပါဝင်တဲ့ “ပြည်ပတွင် အလုပ်လုပ်ကိုင်မှု ကြီးကြပ်ရေးကော်မတီ” ဖွဲ့စည်းတာနဲ့ ပတ်သက်လို့ မြန်မာလုပ်သားတွေကြား ဝေဖန်မှုတွေ ရှိနေပါတယ်။
ကော်မတီဖွဲ့အနေနဲ့ လုပ်ဆောင်ရမယ့် လုပ်ငန်းစဉ်တွေထဲမှာ ပြည်ပကို အလုပ်သမားစေလွှတ်တဲ့ လုပ်ငန်းစဉ်တွေကို ပြန်လည်သုံးသပ်နိုင်ဖို့၊ နိုင်ငံကူးလက်မှတ် လျှောက်ထားမှုတွေကို ပိုမိုတင်းကျပ်စွာ စိစစ်နိုင်ဖို့၊ ဝင်ငွေခွန်ဥပဒေအရ ပြည်ပရောက် လုပ်သားတွေဆီက အခွန်ငွေတွေ မှန်ကန်စွာ ပေးသွင်းစေဖို့၊ ဝင်ငွေနဲ့ မိသားစုလွှဲပြောင်းငွေတွေကို တရားဝင်လမ်းကြောင်းနဲ့ မဖြစ်မနေ လွှဲပို့စေဖို့ ကြီးကြပ်ရမယ် ဆိုတဲ့ အချက်တွေ ပါဝင်နေတာပါ။
ဒါနဲ့ပတ်သက်လို့ ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားတယောက်က “ကိုယ်ပင်ပင်ပန်းပန်းနဲ့ ရှာထားရသမျှ ပိုက်ဆံတွေက ကိုယ့်အတွက်၊ ကိုယ့်မိသားစုအတွက်တောင် လောက်လောင်ငှငှ မသုံးရဘဲ သူတို့အတွက်ပဲ ပေးနေရသလိုဖြစ်နေတယ်။ မြန်မာနိုင်ငံမှာ အလုပ်ရဖို့ ခက်လို့၊ ရတဲ့အလုပ်ကျပြန်တော့လည်း လစာက မြန်မာပြည်ရဲ့ ကုန်ဈေးနှုန်းနဲ့ ဘာမှသုံးမရလို့ ပြည်ပကို စွန့်စွန့်စားစား ထွက်လာရတာ။ သွားတာတောင် လယ်ပေါင်၊ အိမ်ပေါင်နဲ့ သွားကြရတာ။ ဒီမှာ အလုပ်အဆင်မပြေရင် အတိုးတောင် မဆပ်နိုင်ဘူး။ ဒါကိုပဲ မတရား ယူချင်နေကြတယ်။ သူတို့အတွက်က ဘာမှ မဖြစ်ပေမယ့် ကျွန်တော်တို့ကတော့ ဘဝတွေပါ ပျက်သွားနိုင်တယ်” လို့ ပြောပါတယ်။
အစိုးရအနေနဲ့ ပြည်ပရောက် အလုပ်သမားတွေရဲ့ ဝင်ငွေခွန် ၂ ရာခိုင်နှုန်းနဲ့ မိသားစုထံ လွှဲပြောင်းငွေ ၂၅ ရာခိုင်နှုန်း တရားဝင်လမ်းကြောင်းကနေ မှန်မှန်ကန်ကန် ပေးပို့လာစေဖို့ အခုလို တင်းကျပ်မှုတွေ တဆင့်ပြီးတဆင့် လုပ်ဆောင်နေတာဟာ လူ့အခွင့်အရေး ချိုးဖောက်ခံနေရတာဖြစ်ကာ နိုင်ငံခြားငွေလဲနှုန်း အဆမတန် ကွာဟချက်ကလည်း နစ်နာမှုတွေ ရှိနေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
“အလုပ်ရဖို့ ပို့ပေးတဲ့ အေဂျင်စီနဲ့ အဆင်မပြေလို့ ကိုယ်နဲ့ မရင်းနှီးတဲ့နိုင်ငံမှာ ကိုယ့်ဘာသာကိုယ် အလုပ်ထပ်ရှာရတယ်။ အိမ်ငှားနေရတယ်။ လုပ်ငန်းခွင်ထဲမှာ အနှိမ်ခံရတယ်။ စားရေးသောက်ရေး ခြွေတာပြီး အလုပ် လုပ်ရတယ်။ အခုလိုတွေ ဖြစ်နေကြတဲ့ ကိုယ့်နိုင်ငံသားတွေကို ကာကွယ်ပေးဖို့ မစဉ်းစားဘဲ အမြတ်ထုတ်ဖို့ပဲ ကြံစည်နေကြတာ တကယ်ကို စိတ်မကောင်းစရာပဲ။ ကော်မတီမှာပါတဲ့ အချက်အလက်တွေကို ဘယ်လိုမှ လက်ခံလို့မရဘူး။ မြန်မာလုပ်သားတွေကို အမြတ်ထုတ်ဖို့ထက် ကာကွယ်ပေးမယ့် ကော်မတီကိုပဲ ဖွဲ့စည်းစေချင်တယ်” လို့ ဂျပန်နိုင်ငံရောက် မြန်မာလုပ်သားတယောက်က ပြောပါတယ်။
ပြည်ထာင်စုအစိုးရအဖွဲ့ရဲ့ ဧပြီလ ၂၆ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ခဲ့တဲ့ အမိန့်ကြော်ငြာစာအမှတ် (၃၃/၂၀၂၆) အရ “ပြည်ပတွင်အလုပ်လုပ်ကိုင်မှု ကြီးကြပ်ရေးကော်မတီ” ကို အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ဥက္ကဋ္ဌအဖြစ် ဦးဆောင်မှာဖြစ်ပြီး နယ်စပ်ရေးရာဝန်ကြီးဌာနရဲ့ ပြည်ထောင်စုဝန်ကြီးက ဒုတိယဥက္ကဋ္ဌအဖြစ် တာဝန်ယူမယ်လို့ သိရပါတယ်။
ဒါအပြင် ပို့ဆောင်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ အလုပ်သမားဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး အစရှိတဲ့ ဌာနတွေမှ တာဝန်ရှိသူတွေက အဖွဲ့ဝင်တွေအဖြစ် ဆောင်ရွက်ကြမှာဖြစ်ပြီး ကော်မတီဝင် စုစုပေါင်း အယောက် ၂၀ ရှိတာကို တွေ့ရပါတယ်။
ကော်မတီရဲ့ အဓိက လုပ်ငန်းတာဝန်တွေထဲမှာ ပြည်ပကို အလုပ်သမားစေလွှတ်တဲ့ လုပ်ငန်းစဉ်တွေကို ပြန်လည်သုံးသပ်ခြင်း၊ ပေါင်းစပ်ညှိနှိုင်းခြင်းနဲ့ ကြီးကြပ် လမ်းညွှန်ခြင်းတို့အပြင် ပြည်ပမှာ အလုပ် လုပ်ကိုင်ဖို့အတွက် နိုင်ငံကူးလက်မှတ် လျှောက်ထားသူတွေကို စိစစ်ထုတ်ပေးတဲ့ လုပ်ငန်းစဉ်တွေကိုလည်း ကြီးကြပ်သွားမယ်လို့ သိရပါတယ်။
ဒါအပြင် ပြည်ပနိုင်ငံရောက် အလုပ်သမားတွအတွက် ကျန်းမာရေးစောင့်ရှောက်ခွင့်၊ ဆေးကုသခွင့် အပြည့်အဝ ရရှိနိုင်ရေး၊ အလုပ်သမားတွေ သားသမီးတွေ ပညာသင်ကြားနိုင်ရေးတို့အတွက်လည်း သက်ဆိုင်ရာနိုင်ငံက တာဝန်ရှိသူတွေနဲ့ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်သွားမှာဖြစ်သလို ပြည်ပအလုပ်အကိုင်နဲ့ စပ်လျဉ်းပြီး အလုပ်သမားတွေကို အထောက်အထား ထုတ်ပေးရေးလုပ်ငန်းစဉ်အတွင်း ကောက်ခံရမယ့် ငွေကြေးနှုန်းထားတွေကို သတ်မှတ်ပေးသွားမယ်လို့ သိရပါတယ်။
“ကော်မတီရဲ့ လုပ်ငန်းတာဝန်တွေနဲ့ ပတ်သက်လို့ အလုပ်သမားတွေ၊ အေဂျင်စီတွေအတွက် ပိုပြီး ဘေးကျပ်နံကျပ် ဖြစ်လာနိုင်စရာ အကြောင်းအရာတွေလည်း ပါဝင်နေတာတွေ့ရသလို တဖက်မှာလည်း အကျိုးခံစားခွင့်ဆိုတာလေး တခု၊ နှစ်ခုလောက် ထည့်ထားတာတွေ့ရတယ်။ အများစုကတော့ တင်းကျပ်မယ့် အကြောင်းအရာတွေချည်းပဲ။ ဆိုတော့ အလုပ်သမားဝန်ကြီးဌာနနဲ့ ကြီးကြပ်ရေးကော်မတီတို့ရဲ့ စောင့်ကြည့်မှုနဲ့ ပေးလာနိုင်တဲ့ ဖိအားတွေကြောင့် ကျွန်တော်တို့ ပြည်ပအလုပ်အကိုင် အကျိုးဆောင်လုပ်ငန်းတွေ လုပ်ရကိုင်ရ ပိုပြီး ခက်ခဲလာဦးမှာပေါ့။ စိစစ်ရေးကလည်း အဆင့်ဆင့် တိုးလာတာဆိုတော့ ပြည်ပသွားမယ့် အလုပ်သမားတွေအတွက် ပြင်ဆင်ချိန်၊ ခွင့်ပြုချက်ယူရတဲ့ အချိန်တွေ ပိုကြာလာနိုင်တယ်” လို့ ပြည်ပအလုပ်အကိုင် အေဂျင်စီလုပ်ငန်း လုပ်ကိုင်သူက ပြောပါတယ်။
လူငယ်တွေ ပြည်ပထွက်ခွာတဲ့အပေါ် အစိုးရက နည်းမျိုးစုံနဲ့ ကန့်သတ်နေသလို တဖက်မှာလည်း အေဂျင်စီတွေကို လိုင်စင်သက်တမ်းတိုးဖို့၊ အလုပ်သမားစေလွှတ်ပြီးနောက် သတ်မှတ်ရက်အတွင်း စာရင်းဇယား အထောက်အထား တင်ပြဖို့၊ အခွန်ကိစ္စရပ်တွေနဲ့ အလုပ်သမားတွေရဲ့ လွှဲပို့ငွေစာရင်း တင်ပြနိုင်ဖို့ အစရှိတဲ့ အချက်တွေကို ဖိအားပေး တောင်းဆိုမှုတွေ ပိုမိုတင်းကျပ်လာနေပြီး အရေးယူမှုတွေကြောင့် မြန်မာပြည်မှာ အေဂျင်စီ ၆၀၀ ဝန်းကျင် ရှိတဲ့အထဲက ၅၀၀ ဝန်းကျင်ဟာ လုပ်ငန်းတွေ ရပ်နားထားရတယ်လို့ သိရပါတယ်။
ပြည်ပနိုင်ငံမှာ သွားရောက် အလုပ် လုပ်ကိုင်ဖို့ ပြင်ဆင်နေသူ တယောက်ကလည်း “ဒီကနေ ထွက်ခွင့်ရဖို့ သက်ဆိုင်ရာဌာနအသီးသီး၊ လူအသီးသီးကို ပိုက်ဆံတွေအများကြီး ပေးရတယ်။ ဘယ်နိုင်ငံမှာမှ သုံးလို့မရတဲ့ OWIC ကတ် (ပြည်ပအလုပ်သမား သက်သေခံကတ်) ရဖို့ကိုလည်း အချိန်တွေပေး၊ ငွေတွေကုန်နဲ့ လုပ်ရသေးတယ်။ အဆင်ပြေပြေ သွားလာနိုင်ဖို့၊ အခက်အခဲမရှိဖို့ကိုတော့ သေချာ မစီစဉ်ပေးကြဘူး။ ပြည်တွင်းမှာ ခေတ်စနစ်နဲ့ညီတဲ့ စီးပွားရေးလည်း ဖန်တီးမပေးနိုင်၊ အလုပ်အကိုင် အခွင့်အလမ်းကလည်း ရှားပါးနေ။ ဒါကို ထွက်ခွင့်လည်း မပေးချင်ဘူး။ ထွက်ပြီးသားလူကိုလည်း ပြန်ရခက်ခဲအောင် လုပ်နေတယ်” လို့ ပြောပါတယ်။
အခုလို ပြည်ပထွက်ခွာခွင့်အပေါ် တင်းကျပ်မှုတွေ ပြုလုပ်နေတာဟာ အလုပ်သမား အသစ်တွေအပြင် ခွင့်ပြန် အလုပ်သမားတွေအတွက်ပါ အခက်အခဲတွေ ဖြစ်စေတယ်လို့ သိရပြီး အလုပ်သမားဝန်ကြီးဌာနအနေနဲ့ လက်ရှိမှာ အသက် ၁၈ ကနေ ၃၅ နှစ်အတွင်း အမျိုးသားတွေကို ပြည်ပထွက်ခွာခွင့် ပိတ်ပင်ထားသလို အေဂျင်စီ တခုချင်းအလိုက် စေလွှတ်ခွင့် လုပ်သားအရေအတွက်ကိုလည်း ကန့်သတ်ထားပါတယ်။
Photo – CJ
