ဩဂုတ် ၂၉ – ၂၀၂၆
SN (VOM)
ကျောင်းပုံစံတကျ ဆောက်လုပ်ထားခြင်း မရှိတဲ့၊ ကျောင်းအင်္ဂါရပ်နဲ့ မညီတဲ့ ကိုယ်ပိုင်ကျောင်းတွေနဲ့ နိုင်ငံတကာကျောင်း (International School) တွေကို လာမယ့် ၂၀၂၇ ခုနှစ်ကစပြီး ပိတ်သိမ်းသွားမယ်လို့ ပညာရေးအသိုင်းအဝိုင်းကြား သတင်းတွေ ထွက်ပေါ်နေပါတယ်။
ကန်ထရိုက်တိုက်၊ လုံးချင်းတိုက်တွေကို ကျောင်းအဖြစ် ဖွင့်လှစ်ထားတာတွေ၊ အကျယ်အဝန်း တဧကရဲ့ သုံးပုံတပုံတောင် မရှိတဲ့ ကျောင်းတွေနဲ့ စုဝေးဖို့နဲ့ ကစားကွင်း မြေနေရာမရှိတဲ့ ကျောင်းတွေကို ပိတ်သိမ်းသွားမယ်လို့ သိရပါတယ်။
ဒါအပြင် ကျောင်းခန်းမှ ဆင်းတာနဲ့ ကားလမ်းမကိုရောက်တဲ့၊ ကားရပ်နားကွင်း မရှိဘဲ အများသုံးလမ်းမကိုသာ အတင်အချ ပြုလုပ်နေတဲ့ ကျောင်းတွေ အားလုံးကိုလည်း ပိတ်သိမ်းရမယ်လို့ သိရပါတယ်။
“ကိုယ်ပိုင်ကျောင်းတွေနဲ့ ပတ်သက်လို့ ဒုဝန်ကြီး နှစ်ပါး၊ ညွှန်ချုပ်တွေ အကုန်လုံးက နေပြည်တော်မှာ အစည်းအဝေးလုပ်ပြီးတော့ ပြောထားတာရှိတယ်။ ဒီနှစ် တနှစ်မှာ ပြင်ဆင်ချိန်ပေးတယ်။ နောက်လာမယ့်နှစ်ကတော့ ရမှာမဟုတ်တော့ဘူး။ တရားဝင် ပြောထားတာကတော့ တနှစ်တိတိ စောင့်ကြည့်မယ်၊ တနှစ်ပဲ အချိန်ပေးတော့မယ်။ လာမယ့် ပညာသင်နှစ်မှာတော့ standard size ရှိရမယ်။ အခန်းတခန်းကို ၃၀×၂၄ ပေ အကျယ်အဝန်း ရှိရမှာပေါ့။ စာသင်ခန်းဆိုလည်း ကျောင်းသားအချိုးနဲ့ ကိုက်ရမယ် ပြောထားတယ်” လို့ ပညာရေးအသိုင်းအဝိုင်းနဲ့ နီးစပ်သူတယောက်က ပြောပါတယ်။
ကိုယ်ပိုင်ကျောင်း ဆိုတာဟာ အနည်းဆုံး နေရာအကျယ်အဝန်း၊ ကားပါကင်၊ စနစ်တကျ ဘက်စုံ ပြည့်စုံနေရမယ့်နေရာ ဖြစ်ရမှာဖြစ်ပြီး multimedia room, computer, laboratory, library နဲ့ ဆေးပေးခန်း၊ ဆရာ/ဆရာမ နားနေခန်းတွေလည်း ရှိရမှာဖြစ်ကာ ကျောင်းအိမ်သာ ကျား/မ/ဆရာ/ဆရာမ ၁ အချိုး ၅၀ ရှိရမယ်လို့ သိရပါတယ်။
စာသင်ခန်းအကျယ်အဝန်းနဲ့ ပတ်သက်လို့ ကျောင်းသားတဦးအတွက် အနည်းဆုံး ကြမ်းပြင်ဧရိယာ ၁၂ စတုရန်းပေနှုန်း ရှိရမှာဖြစ်ပြီး တခန်းကို အများဆုံး ကျောင်းသား အယောက် ၄၀ ထက် မပိုရမှာဖြစ်သလို ဘေးအန္တရာယ် ကင်းရှင်းရေးအတွက်လည်း မီးသတ်ဆေးဘူးတွေ၊ ထွက်ပေါက်တွေနဲ့ အရေးပေါ် လှေကားတွေ စနစ်တကျ ရှိရမယ်လို့ သိရပါတယ်။
ဒါအပြင် ဆရာ၊ ဆရာမတွေအနေနဲ့လည်း သတ်မှတ်ထားတဲ့ ပညာအရည်အချင်းနဲ့ ပြည့်မီရမှာဖြစ်ပြီး ကိုယ်ပိုင်ကျောင်းဆရာ မှတ်ပုံတင် (နိုင်) ကတ် ရှိရမှာဖြစ်ကာ ဆရာနဲ့ ကျောင်းသားအချိုးကို အတန်းလိုက် သတ်မှတ် အချိုးအစားအတိုင်း မျှတစွာ ခန့်အပ်ထားရမယ်လို့ သိရပါတယ်။
ဒါအပြင် သင်ရိုးညွှန်းတမ်းကိုလည်း ပညာရေးဝန်ကြီးဌာနက ခွင့်ပြုထားတဲ့ သင်ရိုးညွှန်းတမ်း (ဒါမှမဟုတ်) နိုင်ငံတကာ သင်ရိုးညွှန်းတမ်းကို စနစ်တကျ တင်ပြ အတည်ပြုချက် ရယူရမယ်လို့ ညွှန်ကြားထားပါတယ်။
“မန္တလေးမှာဆို ပေ ၄၀×၆၀ မြေကွက်မှာ ကိုယ်ပိုင်အထက်တန်းကျောင်း ဆောက်ထားတယ်။ ဒါကို ဘယ်လိုလူတွေက ဘယ်လို နှလုံးသားနဲ့ ခွင့်ပြုခဲ့လဲပေါ့။ မီးခံပြားတွေနဲ့ ရိုက်ထားတာဆိုတော့ မန္တလေးမှာ ဘယ်လောက် ပူလိုက်မလဲ။ အဲဒါတွေနဲ့ဆိုတော့ ပိုက်ဆံရရင်ပြီးရော၊ တကယ့် ဝိသမ လောဘသားတွေ ဖြစ်နေပြီ။ ကျောင်းတကျောင်းဆိုတာ သူ့ရဲ့ ‘ဝိညာဉ်’ ရှိရမယ်။ သက်တောင့်သက်သာ ရှိရမယ်၊ လေကောင်းလေသန့် ရရမယ်လေ။ အားကစားကွင်းတွေလည်း ရှိရမယ်။ မုန့်ဈေးတန်းဆိုလည်း ကောင်းကောင်းလေး ရှိရမယ်” လို့ ပညာရေးအသိုင်းအဝိုင်းနဲ့ နီးစပ်သူက ပြောပါတယ်။
ဒါအပြင် လက်ရှိ ကိုယ်ပိုင်ကျောင်းတချို့မှာ ကျောင်းချိန်ကို နှစ်ချိန်ခွဲထားတဲ့ စည်းကမ်းချိုးဖောက်မှုတွေ ရှိနေပြီး တချို့ကျောင်းတွေဆို မီးဖိုဆောင်ခန်းထဲမှာ သိပ္ပံခန်း လုပ်ထားတာမျိုးတွေ ရှိနေတယ်လို့ သူက ပြောပါတယ်။
နိုင်ငံတကာမှာ အစိုးရကျောင်းပေါင်း ၉ ကျောင်းရှိပါက ဖြည့်စွက်အနေနဲ့ ကိုယ်ပိုင်ကျောင်း တကျောင်းသာ ဖွင့်ခွင့်ပေးထားတာဖြစ်ပြီး လက်ရှိ မြန်မာနိုင်ငံအတွင်းမှာတော့ ဖြည့်စွက်အစား ကိုယ်ပိုင်ကျောင်းတွေ ပိုလျှံနေတာကို တွေ့ရတယ်လို့ သူက ပြောပါတယ်။
လက်ရှိမှာ လူတိုင်းလို ကိုယ်ပိုင်ကျောင်း ဖွင့်နေတာဖြစ်ပြီး ရပ်ကြိုရွာကြား၊ ရပ်ကွက်လမ်းကြား၊ ကားမိန်းလမ်းမဘေး၊ ကားရပ်စရာ နေရာတောင်မရှိဘဲ အခန်းထဲက ထွက်လိုက်တာနဲ့ မိန်းလမ်းမပေါ် ရောက်နေပြီလို့ ကျောင်းသားမိဘ တယောက်က ပြောပါတယ်။
“တချို့နေရာဆို ဘော်ဒါတွေတဲ့။ ကလေးတွေကို သူများအိမ်မှာ ခွဲသိပ် ထားတယ်။ ကျဥ်းကျုတ်နဲ့ အဆင့်မမီဘဲ ကိုယ်ပိုင်ဖွင့်ထားတာများ တပုံကြီးပါပဲ။ ကျောင်းပြောင်း လက်မှတ်တောင် ထုတ်မပေးနိုင်တဲ့ ကျောင်းတွေလည်း ရှိနေတယ်။ မြောက်ဒဂုံက ကျောင်းတကျောင်း ဆိုရင်လည်း ယာဥ်တွေ နှစ်ထပ်၊ သုံးထပ်ရပ်ထားတာ။ ဘေးလည်း ချမရပ်ဘူး။ ဟွန်းတီးလည်း ဂရုမစိုက်ဘူး။ သူတို့ကလေး ကားပေါ်မရောက်မချင်း ဖယ်မပေးတာ။ ကားလမ်းက တလမ်းပဲသုံးရပြီး ကြပ်ပိတ်နေရော” လို့ သူက ပြောပါတယ်။
နောက်ထပ် ကျောင်းသားမိဘ တယောက်ကလည်း ကိုယ်ပိုင်ကျောင်းတွေနဲ့ ပတ်သက်လို့ အခုလို အခကြေးငွေယူပြီး ကျောင်းအင်္ဂါရပ်နဲ့ မပြည့်စုံတဲ့ ကျောင်းတွေကို ဖျက်သိမ်းမယ် ဆိုတာကို ကြိုဆိုပြီး ဒါအပြင် အစိုးရကျောင်းတွေမှာလည်း အတတ်နိုင်ဆုံး ကျောင်းအင်္ဂါရပ်နဲ့ညီအောင် အစိုးရဘက်က အပြည့်အဝ ထောက်ပံ့ပေးစေလိုတယ်လို့ ပြောပါတယ်။
“ပြည်သူဘက်က ဘာတွေ ပူးပေါင်း ပါဝင်ပေးရမလဲ။ ကျောင်းသားမိဘတွေ အတွက်ကလည်း အပြင်ကျောင်းကိုတောင် ငွေကြေးပေးပြီး ထားနိုင်ကြတာပဲ။ ကျောင်းကောင်းတကျောင်း ဖြစ်ဖို့ဆိုရင် အလှူငွေထည့်တာတို့၊ ပူးပေါင်း ဆောင်ရွက်တာတို့ဆိုရင်တော့ မငြိုငြင်စေချင်ဘူး။ အစိုးရ၊ ဆရာ၊ ဆရာမတွေနဲ့ ကျောင်းသားမိဘတွေ အတူတကွ ပူးပေါင်းမှသာ အနာဂတ်မှာ ကျောင်းသားတွေလည်း ပညာရေး ကောင်းမှာဖြစ်သလို ကျောင်းကြီးလည်း လှပတင့်တယ် ပြည့်စုံနေမှာ အသေအချာပါပဲ” လို့ သူက ပြောပါတယ်။
ကျောင်းအင်္ဂါရပ်နဲ့ မညီတဲ့ ကိုယ်ပိုင်ကျောင်းတွေနဲ့ နိုင်ငံတကာကျောင်းတွေကို လာမယ့် ၂၀၂၇ ခုနှစ်မှာ ပိတ်သိမ်းသွားမယ့် သတင်းနဲ့ပတ်သက်လို့ အတည်ပြုချက်ရယူနိုင်ဖို့ ပညာရေးဝန်ကြီးဌာနကို မီဒီယာတွေက မေးမြန်းထားပေမယ့် လက်ရှိအချိန်အထိ ပြန်လည် ဖြေကြားခြင်း မရှိသေးပါဘူး။
Photo – CJ
