အနီရောင်စည်းကိုဖြတ်ကျော်ခြင်း

(စာအုပ်မိတ်ဆက်)
MT(VOM)
အက္ကဘာ ရှာဟစ် အာမက် (Akbar Shahid Ahmed) က အမေရိကန်နိုင်ငံ၊ ဝါရှင်တန် ဒီစီမှာ အခြေစိုက်တဲ့ သတင်းထောက်တစ်ယောက်ပါ။ အဓိကအားဖြင့် အမေရိကန်ရဲ့ နိုင်ငံခြားရေးမူဝါဒ၊ နိုင်ငံတကာရေးရာသတင်းတွေ နဲ့ သုံးသပ်ချက်တွေကို အထူးပြု ရေးသားနေသူ ဖြစ်ပါတယ်။
​သူဟာ သံတမန်ရေးရာ အထူးသတင်းထောက်အဖြစ် (NOTUS နဲ့ The Washington Sun လို သတင်းဌာနတွေမှာ) လုပ်ကိုင်နေပါတယ်။ ဒီမတိုင်ခင်ကတော့ HuffPost မှာ ၁၂ နှစ် ကြာအောင် နိုင်ငံတကာရေးရာ သတင်းထောက်အဖြစ် အမေရိကန် လွှတ်တော်၊ နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ အမျိုးသားလုံခြုံရေးဆိုင်ရာ သတင်းတွေကို သတင်းယူ ရေးသားခဲ့ဖူးပါတယ်။
​
အရှေ့အလယ်ပိုင်း ဒေသရေးရာ သတင်းတွေနဲ့ ပတ်သက်ပြီး နာမည်ရခဲ့သူပါ။ အထူးသဖြင့် ဂါဇာ ပဋိပက္ခအပေါ် အမေရိကန်ရဲ့ သံတမန်ရေးရာ တုံ့ပြန်မှုတွေနဲ့ အမေရိကန်အစိုးရအတွင်းပိုင်း ဖြစ်ပျက်ပုံတွေကို အသေးစိတ် စုံစမ်းထောက်လှမ်း သတင်းယူ ရေးသားခဲ့တာကြောင့် လူသိများပါတယ်။
​ ဂါဇာ အကျပ်အတည်းအပေါ် ရေးသားခဲ့တဲ့ သတင်းတွေကြောင့် Writers Guild Award၊ New York Press Club Award ဆုတွေကို ရရှိခဲ့ပြီး Livingston Award အတွက်လည်း ဆန်ခါတင်စာရင်းမှာ အကြိမ်ကြိမ် ပါဝင်ခဲ့ပါတယ်။
​သူဟာ ပါကစ္စတန်နိုင်ငံ၊ ကရာချီမြို့မှာ ကြီးပြင်းခဲ့သူဖြစ်ပြီး ယေးလ်တက္ကသိုလ် (Yale University) ကနေ ဘွဲ့ရရှိခဲ့ပါတယ်။
​
အခု တင်ပြမယ့်စာအုပ်ကတော့သူ ရေးသားထားတဲ့ “CROSSING THE RED LINE: Biden, His Advisors, and Israel’s War in Gaza” စာအုပ်ပဲဖြစ်ပါတယ်။ ဂါဇာစစ်ပွဲအတွင်း အမေရိကန်ရဲ့ နိုင်ငံခြားရေးမူဝါဒ၊ ဘိုင်ဒင်အစိုးရအဖွဲ့ရဲ့ စီမံခန့်ခွဲမှုနဲ့ ယင်းရဲ့ ကမ္ဘာလုံးဆိုင်ရာ သက်ရောက်မှုတွေကို အသေးစိတ် ဖော်ထုတ်ရေးသားထားတဲ့ သုံးသပ်ချက်စာအုပ်တစ်အုပ် ဖြစ်ပါတယ်။
​
​ဟားမက်စ်ရဲ့ အောက်တိုဘာ ၇ ရက်နေ့ တိုက်ခိုက်မှုအပြီးမှာ အစ္စရေးက ဂါဇာမှာ အလွန်ပြင်းထန်တဲ့ စစ်ဆင်ရေးကို စတင်ခဲ့ပါတယ်။ အစ္စရေးဘက်ကတော့ လက်နက်ကိုင်တွေကိုပဲ ပစ်မှတ်ထားတာပါလို့ ပြောပေမဲ့ ဆေးရုံတွေ၊ စာသင်ကျောင်းတွေနဲ့ လူနေအိမ်တွေကို ခဏခဏ ဗုံးကြဲခဲ့ပါတယ်။
စာရေးသူက က ဘိုင်ဒင်အစိုးရအဖွဲ့ဟာ အစိုးရအတွင်းပိုင်း ကျွမ်းကျင်သူတွေရဲ့ သတိပေးချက်တွေကို လျစ်လျူရှုခဲ့ကြောင်း၊ ထောင်ပေါင်းများစွာသော စစ်ရာဇဝတ်မှုတွေမှာ အမေရိကန်ပါ ပါဝင်ပတ်သက်နေစေခဲ့ကြောင်းနဲ့ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နာတန်ယာဟု ကို ဘယ်လိုအားပေးကူညီခဲ့သလဲဆိုတဲ့ ထိတ်လန့်စရာ အသေးစိတ်အချက်တွေကို ကျယ်ကျယ်ပြန့်ပြန့် ဖော်ထုတ်ရေးသားထားပါတယ်။
​ဝါရှင်တန်ဟာ ဆန္ဒပြမှုတွေ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ကြီးထွားလာပြီး အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး စံနှုန်းတွေ ပြိုလဲနေချိန်မှာတောင် အစ္စရေးဓါးစာခံတွေကို လွတ်မြောက်အောင်လုပ်ဖို့ ဒါမှမဟုတ် အပြစ်မဲ့ ပါလက်စတိုင်းတွေကို ကာကွယ်ပေးဖို့ ဘာမှ သေချာမလုပ်ပေးခဲ့ပါဘူး။ ဒါပေမဲ့ သမ္မတ ဂျိုးဘိုင်ဒင်ကတော့ နာတန်ယာဟု ကို လွတ်လပ်ခွင့်အပြည့် ပေးထားတာမဟုတ်ဘူးလို့ ငြင်းဆိုခဲ့ပါတယ်။ စစ်ဘေးရှောင် ပါလက်စတိုင်း ၁ သန်းကျော် ခိုလှုံနေတဲ့ ရာဖာ (Rafah) မြို့ကို တိုက်ခိုက်ရင် အမေရိကန်က အစ္စရေးဆီ လက်နက်ပေးပို့နေတာကို ရပ်တန်းရလိမ့်မယ်ဆိုပြီး Red Line တားခဲ့ပါတယ်။ ဒါပေမဲ့ နာတန်ယာဟု ရဲ့ စစ်ဆင်ရေးစတင်ပြီး ဂါဇာရဲ့ လူသားချင်းစာနာမှုဆိုင်ရာ ဘေးဒုက္ခတွေ ပိုဆိုးရွားလာချိန်မှာတောင် ဘိုင်ဒင်အဖွဲ့ဟာ လက်နက်တွေကို ဆက်တိုက်ထောက်ပံ့ပေးနေခဲ့ပါတယ်။

​မျက်မြင်တွေ့ရှိသူတွေဆီက ရရှိတဲ့ သတင်းအချက်အလက်တွေနဲ့ ထက်မြက်တဲ့ ကလောင်စွမ်းကို သုံးပြီး စာရေးသူ အာမက်က ဘိုင်ဒင်ရဲ့ အိမ်ဖြူတော်ဟာ ကျရှုံးမှုတွေကို ငြင်းကွယ်လို့မရတော့တဲ့ အခြေအနေမှာတောင် မူဝါဒပြောင်းလဲဖို့ ငြင်းဆန်ခဲ့တာကို သရုပ်ဖော်ထားပါတယ်။ သူဟာ ဘိုင်ဒင်ရဲ့ အတွင်းစည်းအဖွဲ့ကို အသေးစိတ် စုံစမ်းထောက်လှမ်းထားပါတယ် ။
အကြမ်းဖက်မှုတိုက်ဖျက်ရေး စစ်ပွဲ (War on Terror) ရဲ့ လွှမ်းမိုးမှုကို ခံထားရပြီး သံသယလွန်လွန်းကာ ဗိုလ်ကျတတ်တဲ့ အဲဒီအဖွဲ့ရဲ့ ဆုံးဖြတ်ချက်တွေဟာ ပါလက်စတိုင်း၊ လက်ဘနွန်နဲ့ အစ္စရေးနိုင်ငံသား သောင်းပေါင်းများစွာရဲ့ မဆုံးရှုံးသင့်ဘဲ ဆုံးရှုံးခဲ့ရတဲ့ အသက်တွေကို လောင်စာပေးခဲ့သလို၊ စစ်ပွဲဆိုင်ရာ ရှေးမူစံနှုန်းတွေကိုလည်း ဖျက်ဆီးခဲ့ပြီး၊ လူသားလုံးအတွက် ပိုမိုအန္တရာယ်များတဲ့ ကမ္ဘာကြီးကို ဖန်တီးပေးခဲ့ပါတယ်။ ဘိုင်ဒင်အစိုးရအဖွဲ့ရဲ့ အဲဒီဆုံးဖြတ်ချက်တွေကြောင့် မဲဆန္ဒရှင်တွေရဲ့ မကျေနပ်မှုတွေ မြင့်တက်လာပြီး ဒေါ်နယ်ထရမ့် ပြန်လည်အာဏာရလာဖို့ ဖြစ်လာခဲ့သလို၊ ထရမ့်လက်ထက်မှာလည်း ပိုမိုကြီးမားတဲ့ သွေးထွက်သံလျှံမှုတွေကို အပြစ်ဒဏ်မခံရဘဲ လုပ်ဆောင်နိုင်တဲ့ အလေ့အထတွေကို စတင်ပေးခဲ့ပါတယ်။
​CROSSING THE RED LINE ဟာ ဘိုင်ဒင်ရဲ့ ဂါဇာဆိုင်ရာ မှတ်တမ်းတွေကို အရေးပေါ် ပြန်လည်ဆန်းစစ်ထားတဲ့ စာအုပ်ဖြစ်ပြီး၊ ကမ္ဘာပေါ်မှာ အမေရိကန်ရဲ့ ရပ်တည်ချက် ဘယ်လိုပျက်စီးခဲ့သလဲဆိုတာနားလည်ဖို့နဲ့ နောင်ဆယ်စုနှစ်များစွာအထိ ကမ္ဘာအနှံ့ ရိုက်ခတ်သွားမယ့် မှောင်မိုက်တဲ့ အကျိုးဆက်တွေကို သိရှိနိုင်ဖို့ မဖြစ်မနေ ဖတ်သင့်တဲ့ စာအုပ်တစ်အုပ် ဖြစ်ပါတယ်။
​
​”CROSSING THE RED LINE” ဟာ ရိုးရိုးသတင်းဆောင်းပါးစာအုပ် မဟုတ်ဘဲ အမေရိကန် သမိုင်းမှာ အရေးပါတဲ့ နိုင်ငံခြားရေးမူဝါဒဆိုင်ရာ ကျရှုံးမှုတစ်ခုကို စနစ်တကျ ပြန်လည်သုံးသပ်ထားတဲ့ စာအုပ်ဖြစ်ပါတယ်။ စာရေးသူ ရဲ့ သတင်းထောက်တစ်ဦးအနေနဲ့ အချက်အလက် ရယူနိုင်စွမ်း နဲ့ သရုပ်ဖော် ရေးသားနိုင်စွမ်းတို့ကြောင့် ဒီစာအုပ်သဟာ လက်ရှိ ကမ္ဘာ့နိုင်ငံရေး၊ အရှေ့အလယ်ပိုင်းအရေးနဲ့ အမေရိကန် ရဲ့ ကမ္ဘာ့နေရာကဏ္ဍတို့ကို စိတ်ပါဝင်စားသူများအပြင်၊ အနာဂတ် သမိုင်းသုတေသီများပါ မဖြစ်မနေ လေ့လာရမယ့် မှတ်တမ်းတစ်ခု ဖြစ်လာမှာပါ။

Related posts

✕
VOM News

FREE
VIEW