နိုဝင်ဘာနဲ့ ဒီဇင်ဘာလတွေမှာ အယ်လ်နီညို အမြင့်ဆုံးဖြစ်နိုင်

စက်တင်ဘာ ၃၀ – ၂၀၂၆
SN (VOM)
အယ်လ်နီညိုရာသီဥတုဟာ များသောအားဖြင့် နိုဝင်ဘာနဲ့ ဒီဇင်ဘာလ‌တွေမှာ အမြင့်ဆုံး ဖြစ်တတ်ပြီး အဲဒီ ကာလတွေမှာ အပူဒဏ်ကို သိသိသာသာ ခံစားရနိုင်တယ်လို့ မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်မိုးဦးက ပြောပါတယ်။
အယ်လ်နီညိုဟာ အစွန်းရောက် ရာသီဥတု ဖြစ်စဉ်တမျိုးဖြစ်ပြီး ဒေသတချို့မှာ မိုးခေါင်မှုဖြစ်စေနိုင်သလို တခြားဒေသတွေမှာ မိုးကြီးကာ ရေကြီးရေလျှံမှုတွေ ဖြစ်စေနိုင်ပြီး တစ်ခါတစ်ရံမှာတော့ မိုးခေါင်မှုနဲ့ ရေကြီးမှုတို့ကို ဒေသအလိုက် တပြိုင်နက်တည်း ဖြစ်ပေါ်စေနိုင်တယ်လို့ သိရပါတယ်။
“အခုက အားအလွန်ကောင်းတဲ့ အယ်လ်နီညိုအဆင့်ကို ရောက်နေပြီ။ စူပါအယ်လ်နီညိုအဆင့်တော့ မဟုတ်သေးဘူး။ အမှန်က စူပါအယ်လ်နီညို ဆိုတာက တင်စားပြီးတော့ ခေါ်လိုက်ကြတာပေါ့။ အယ်လ်နီညိုမှာတော့ အဓိပ္ပာယ် သတ်မှတ်ချက်တွေက အားအနည်းငယ်၊ အားအသင့်အတင့်၊ အားကောင်းတာ၊ အားအလွန်ကောင်းတာ ဆိုပြီးရှိတယ်။
အားအလွန်ကောင်းတာ‌ကနေမှ တော်တော်လေး များသွားပြီဆိုရင်တော့ စူပါအယ်လ်နီညို ဆိုပြီးတော့ တင်စားပြီးတော့ ခေါ်ဝေါ်လိုက်တာပေါ့။ လက်ရှိကတော့ အဲဒီအဆင့်အထိကို မရောက်သေးဘူး” လို့ ဒေါက်တာကျော်မိုးဦးက ပြောပါတယ်။
လက်ရှိ ဖြစ်ပေါ်နေတဲ့ အယ်လ်နီညိုဟာ ပုံမှန် အယ်လ်နီညိုနှစ်တွေထက် အပူချိန် ပိုမို ပြင်းထန်နိုင်တယ်လို့ သိရပြီး မူမမှန်တဲ့ မိုးလေဝသဖြစ်စဉ်တွေအပြင် အပူလှိုင်းတွေလည်း ဖြတ်သန်းနိုင်ခြေ ရှိနေတယ်လို့ သူက ပြောပါတယ်။
အခုလို အားအလွန်ကောင်းတဲ့ အယ်လ်နီညိုရာသီဥတုဟာ သမိုင်း‌တလျှောက် သုံးကြိမ် ဖြစ်ခဲ့ဖူးပြီး ၁၉၈၂ – ၁၉၈၃ မှာ တကြိမ်၊ ၁၉၉၇ – ၁၉၉၈ မှာ တကြိမ်၊ ၂၀၁၅ – ၂၀၁၆ မှာ တကြိမ် ဖြစ်ခဲ့ကာ အားအနည်းငယ်၊ အားအသင့်အတင့်၊ အားကောင်းတဲ့ အယ်လ်နီညိုဖြစ်စဉ်တွေကတော့ နှစ်နှစ်ခြား တကြိမ်၊ သုံးနှစ်ခြား တကြိမ် ဖြစ်လေ့ဖြစ်ထရှိတယ်လို့ သူက ပြောပါတယ်။
“အယ်လ်နီညိုရဲ့ အကျိုးသက်ရောက်မှုက အပူရှိန် ခံစားရတာပေါ့။ မြန်မာနိုင်ငံမှာတော့ ဆောင်းတွင်းနဲ့ နွေကာလတွေမှာ ခံစားရနိုင်တဲ့ အနေအထားရှိတယ်။ အခုဆို မိုးတောင် မကုန်သေးဘူး။ အပူချိန် သိသိသာသာ မြင့်တက်လာတဲ့ မြို့တွေရှိတယ်” လို့ ဒေါက်တာကျော်မိုးဦးက ပြောပါတယ်။
မိုး/ဇလဌာနက ထုတ်ပြန်တဲ့ အမြင့်ဆုံးအပူချိန် စံချိန်သစ်စာရင်းအရ စစ်ကိုင်းတိုင်း၊ စစ်ကိုင်းတိုင်းမြို့နယ်မှာ စက်တင်ဘာ ၂၈ ရက်က အပူချိန် ၃၉ ဒသမ ၅ ဒီဂရီဆဲလ်စီးယပ်အထိ ရောက်ရှိကာ စံချိန်သစ်တင်ခဲ့ပြီး နှစ်ပေါင်း ၆၂ အတွင်း အမြင့်ဆုံးစံချိန်လို့ သိရပါတယ်။
အဲဒီလိုပဲ စက်တင်ဘာ ၂၇ ရက်ကလည်း နေပြည်တော်ကောင်စီနယ်မြေ၊ လယ်ဝေးမြို့နယ်၊ ဧလာမြို့မှာ အပူချိန် ၃၆ ဒသမ ၀ ဒီဂရီဆဲလ်စီးယပ်နဲ့ ၂၁ နှစ်အတွင်း အမြင့်ဆုံးစံချိန်တင်ခဲ့သလို ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့နယ်မှာလည်း ၃၅ ဒသမ ၈ ဒီဂရီဆဲလ်စီးယပ်နဲ့ ၇၅ နှစ်အတွင်း အမြင့်ဆုံးစံချိန်သစ် တင်ခဲ့တယ်လို့ သိရပါတယ်။
အယ်လ်နီညိုဖြစ်စဉ်ကြောင့် နောက်လာမယ့်နှစ်မှာ မုတ်သုံအဝင် အနည်းငယ် နောက်ကျသွားတတ်သလို မူမမှန်တဲ့ မိုးလေဝသ ဖြစ်စဥ်တွေကြောင့် ရေကြီးရေလျှံမှုတွေလည်း ထပ်မံ ကြုံရနိုင်တယ်လို့ ဒေါက်တာကျော်မိုးဦးက ပြောပါတယ်။
“တဖက်ကလည်း ရာသီဥတု ပြောင်းလဲလာတာတွေ ရှိနေတယ်။ တဖက်ကလည်း အယ်လ်နီညို၊ လာနီညာပေါ့၊ ဒီလို ဖြစ်စဉ်တွေကြောင့်လည်း အစွန်းရောက်တဲ့ မိုးလေဝသဖြစ်စဉ်တွေ တဖြည်းဖြည်း ပိုများလာတာ တွေ့ရတယ်။ အခုဆိုလည်း ထားဝယ်မှာ နှစ်ရက်ဆက်တိုက် မိုးရေချိန် စံချိန်ကျိုးတာဖြစ်တယ်။ ဒါက မူမမှန်တဲ့ မိုးလေဝသ ဖြစ်စဉ်တွေပါ” လို့ သူက ပြောပါတယ်။
အယ်လ်နီညိုဖြစ်စဉ်ကြောင့် နွေရာသီကာလမှာ မိုးခေါင်၊ ရေရှားတာတွေ ကြုံတွေ့ရနိုင်ပေမယ့် မြန်မာနိုင်ငံမှာ မြစ်၊ ချောင်း၊ အင်း၊ အိုင်တွေ ပိုပြီးပေါများတာကြောင့် များသောအားဖြင့် မိုးရာသီကာလမှာ ရေကြီးရေလျှံမှုတွေ ပိုဖြစ်နိုင်တယ်လို့ သူက ပြောပါတယ်။
ဒါကြောင့် အယ်လ်နီညိုရဲ့ ဆိုးကျိုး သက်ရောက်နိုင်ခြေတွေနဲ့ ပတ်သက်လို့ အခုကတည်းက လိုအပ်တဲ့ ပြင်ဆင်မှုတွေ ဆောင်ရွက်ထားသင့်ပြီး အပူကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ ကျန်းမာရေး ပြဿနာတွေကိုလည်း အထူးသတိပြုရမယ်လို့ သူက ပြောပါတယ်။
ဒါအပြင် အပူချိန် မြင့်တက်လာတာနဲ့အမျှ ရေတွင်း၊ ရေကန်တွေ ရေခန်းခြောက်တာ၊ ရေရှားပါးတာတွေလည်း ဖြစ်လာနိုင်တဲ့အတွက် ကြိုတင်ပြင်ဆင်ထားဖို့ လိုသလို စိုက်ပျိုးရေးကဏ္ဍမှာလည်း ကုန်ကျစရိတ် နည်းပါးနိုင်တဲ့ သီးနှံမျိုးတွေကို ပြောင်းလဲ စိုက်ပျိုးတာအပြင် ရေလုံလောက်စွာ ရရှိနိုင်ဖို့ ကြိုတင်စုဆောင်းမှုတွေ ပြုလုပ်ထားသင့်တယ်လို့ သူက ပြောပါတယ်။
“အယ်လ်နီညိုကြောင့် စိုက်ရေးပျိုးရေးနဲ့ စားနပ်ရိက္ခာပိုင်းတွေမှာလည်း အနည်းငယ် ထိခိုက်လာနိုင်တယ်။ ဒီဟာတွေအတွက်ကို လိုအပ်တဲ့ ကြိုတင်ပြင်ဆင်မှုတွေ ဆောင်ရွက်ထားဖို့လိုတယ်။ နောက်တခုက ဒီအယ်လ်နီညို ဖြစ်တဲ့အတွက် ဆောင်းရာသီ လုံးဝ ပျောက်သွားနိုင်ခြေတော့ မရှိပါဘူး။ ပူတဲ့အခါလည်း ပူမယ်။ တချို့ရက်တွေကျရင်တော့ တရုတ်ပြည်မကြီးကနေ ထိုးဆင်းလာတဲ့ လေဖိအားကြီးမြောင်တန်း အားကောင်းတဲ့ အချိန်ကျရင်လည်း အနည်းငယ် ပြန်အေးသွားတတ်တယ်” လို့ သူက ပြောပါတယ်။
ယေဘုယျအားဖြင့် သုံးသပ်ရမယ် ဆိုရင်တော့ ပုံမှန် ဆောင်းရာသီကာလ၊ လာနီညာဖြစ်တဲ့ ဆောင်းရာသီကာလတွေနဲ့ နှိုင်းယှဉ်ပါက အယ်လ်နီညို ဖြစ်တဲ့နှစ်မှာ ဆောင်းလေက ပိုပြီး ပူနွေးစိုစွတ်နိုင်တယ်လို့ သူက ပြောပါတယ်။
ကျေးလက်ဒေသ‌နဲ့ မြို့ပြနေ ပြည်သူတွေကတော့ အယ်လ်နီညို ဖြစ်စဉ်ကြောင့် လာမယ့် နွေရာသီကာလအတွင်း ရေတွင်း၊ ရေကန်တွေ ခန်းခြောက်လာမှာ၊ ရေရှားပါး ပြတ်လပ်မှုတွေ ဖြစ်လာမှာကို စိုးရိမ်နေကြပါတယ်။
ဒါအပြင် စိုက်ပျိုးရေးနဲ့ မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူတွေအနေနဲ့လည်း အပူချိန် လွန်ကဲခြင်းကြောင့် လုပ်ငန်းတွေ ထိခိုက်ပြီး ဝင်ငွေရလမ်း ကျဆင်းလာမှာကို စိုးရိမ်နေကြရပါတယ်။
“ကျန်းမာ‌ရေးပိုင်းနဲ့ ပတ်သက်ပြီး‌လည်း တွေးပူနေရတယ်။ အယ်လ်နီညို မဖြစ်တဲ့ နှစ်တွေမှာတောင် အပူချိန်ပြင်းပြီး Heat Stroke ရ‌တာတွေရှိနေတာ။ အခုနှစ် နွေရာသီဆို ပိုးဆိုးနိုင်တယ်။ နောက်တခုက လျှပ်စစ်မီးအခြေအနေ။ ခုလို မိုးတွင်းမှာတောင် မီးက မမှန်ချင်ဘူး။ နွေရာသီဆိုရင်လည်း အယ်လ်နီညို မဖြစ်တဲ့နှစ်တွေမှာတောင် မီးပျက်ချိန်တွေ များခဲ့တာ။ အယ်လ်နီညိုနှစ် ဆိုရင်တော့ ရေခန်းခြောက်မှာတွေနဲ့ဆို ပိုပြီး ဆိုးနိုင်တယ်” လို့ ပြည်သူတယောက်က ပြောပါတယ်။
အယ်လ်နီညိုဟာ ပစိဖိတ်သမုဒ္ဒရာအတွင်း ဖြစ်ပေါ်တဲ့ သဘာဝရာသီဥတု ဖြစ်စဉ်တခုဖြစ်ပြီး လေတိုက်ခတ်မှုပုံစံ ပြောင်းလဲမှုနဲ့ ဆက်စပ်နေကာ ဒီဖြစ်စဉ်ကြောင့် ပူနွေးတဲ့ ပင်လယ်ရေတွေဟာ အရှေ့ဘက်ကို ပိုမိုရွေ့လျားလာပြီး အပူဓာတ်တွေကို လေထုထဲ ထုတ်လွှတ်စေတယ်လို့ သိရပါတယ်။
ပုံမှန်အားဖြင့် အယ်လ်နီညိုဟာ နှစ်နှစ်ကနေ ခုနစ်နှစ်အတွင်း တကြိမ်ဖြစ်တတ်ကာ တကြိမ်ဖြစ်တိုင်း ကိုးလကနေ တနှစ်နီးပါး ကြာမြင့်တတ်တယ်လို့ သိရပြီး ကမ္ဘာ့မိုးလေဝသအဖွဲ့ချုပ် (WMO) ရဲ့ နောက်ဆုံး ထုတ်ပြန်ချက်အရ လက်ရှိ ဖြစ်ပေါ်နေတဲ့ အယ်လ်နီညိုဟာ နှစ်ပေါင်း ၇၀ ကျော်အတွင်း အပြင်းထန်ဆုံး ဖြစ်လာနိုင်ကာ ၂၀၂၇ ခုနှစ်၊ ဖေဖော်ဝါရီလအထိ ဆက်ပြီး ရှိနေနိုင်တယ်လို့ သိရပါတယ်။
Photo – CJ

Related posts

✕
VOM News

FREE
VIEW