NSPNC နဲ့ EAO တို့ရဲ့ တွေ့ဆုံဆွေးနွေးမှုတွေနဲ့ပတ်သက်လို့ ပြောခွင့်ရအဖွဲ့ ဖွဲ့ပြီး သတင်းထုတ်ပြန်မယ်

စက်တင်ဘာ ၂၉ – ၂၀၂၆
SS (VOM)
ငြိမ်းချမ်းရေး လုပ်ငန်းစဥ်တွေအတွက် 7 EAO Alliance (NCA-S EAO) ခုနစ်ဖွဲ့နဲ့ အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့ရဲ့ တွေ့ဆုံဆွေးနွေးမှုတွေနဲ့ ပတ်သက်လို့ သတင်း အချက်အလက်တွေကို မှန်ကန်စွာ ထုတ်ပြန်နိုင်ရေး ပြောခွင့်ရအဖွဲ့ ဖွဲ့စည်းသွားမယ်လို့ အဲဒီ ဆွေးနွေးပွဲမှာ ပါဝင်ခဲ့သူတွေက ပြောပါတယ်။
လက်ရှိမှာ NSPNC နဲ့ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် ခုနစ်ဖွဲ့ (7 EAO Alliance) တို့ဟာ ရန်ကုန်တိုင်း၊ ကမာရွတ်မြို့နယ်ရှိ အမျိုးသား စည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုဌာနရုံးခွဲမှာ တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။
ဆွေးနွေးပွဲကို စက်တင်ဘာ ၂၉ – ၃၀၊ နှစ်ရက်ကြာ ပြုလုပ်သွားမယ်လို့ သိရပြီး ဆွေးနွေးပွဲ အကြောင်းအရာတွေနဲ့ ပတ်သက်လို့ မနက်ဖြန် စက်တင်ဘာ ၃၀ ရက်နေ့မှာ သတင်း ထုတ်ပြန်သွားမယ်လို့ ကရင်ငြိမ်း ချမ်းရေးကောင်စီ (KNU/KNLA-PC) အတွင်းရေးမှူး (၁) ဗိုလ်မှူးကြီး စောကျော်ညွန့်က ပြောပါတယ်။
ဒါအပြင် ရခိုင်ပြည်နယ် လွတ်မြောက်ရေးပါတီ (ALP) ဥက္ကဋ္ဌ ဒေါ်စောမြရာဇာလင်းကလည်း “မနက်ဖြန် ဆွေးနွေးပွဲမှာ ပြောရေးဆိုခွင့် ရှိသူတွေကို သတ်မှတ်လာလိမ့်မယ်။ ဘယ်သူတွေ ပါလာနိုင်လဲ ဆိုတာတော့ အသေအချာ ပြောလို့မရသေးဘူး။ မနက်ဖြန်ကျမှ သိရမယ်” လို့ ပြောပါတယ်။
လက်ရှိ ပြုလုပ်နေတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဆိုင်ရာ ပြန်လည်သုံးသပ်ခြင်း ဆွေးနွေးပွဲကို 7 EAO Alliance က ဗိုလ်မှူးကြီးစိုင်းငင်း ဦးဆောင်ပြီး အဖွဲ့ဝင် ရှစ်ယောက်ပါဝင်တဲ့ ဆွေးနွေးညှိနှိုင်းရေးအဖွဲ့က တက်ရောက်ဆွေးနွေးနေတယ်လို့ သိရပါတယ်။
Photo – 7 EAO Alliance

Related posts

✕
VOM News

FREE
VIEW