ကွတ်ခိုင် နမ့်ဂျောန်ရှိ တရုတ်သတ္တုလုပ်ငန်းမှာ မြန်မာလုပ်သားများ လုပ်ခမရဘဲ နှင်ထုတ်ခံနေရ

စက်တင်ဘာ ၂၉၊ ၂၀၂၆
Shy V (VOM)
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်၊ မုံးစီး အနီး နမ့်ဂျောန်ရှိ တရုတ်သတ္တုလုပ်ငန်းမှာ လက်ရှိ မြန်မာလုပ်သားများ လုပ်ခမရဘဲ နှင်ထုတ်ခံနေရကြောင်း ဒေသခံတွေဆီက သိရပါတယ်။
“နမ့်ဂျောန်ဘက်မှာ သတ္တုတွင်း မှာ တရုတ်နိုင်ငံသား သူဌေးတွေ မြန်မာလုပ်သားတွေကို ခေါင်းပုံဖြတ် အနိုင်ကျင့်နေတာ။ အလုပ်ခေါ် အလုပ်ခိုင်းပြီး နှစ်ရက်၊ သုံးရက်ဆို အလုပ်ဖြုတ်ပြီး မောင်းထုတ်လိုက်တယ်။ လုပ်ခ လစာ မပေးချင်လို့လား ဘာလား တော့ မသိဘူး” လို့ ဒေသခံ အမျိုးသား တယောက်က ပြောပါတယ်။
သက်ဆိုင်ရာ တာဝန်ရှိသူတွေ အနေနဲ့ အဲဒီ တရုတ်လုပ်ငန်းရှင်တွေကို ကူညီ‌​ပြောပေးစေချင်တယ်လို့ သူက ပြောပါတယ်။
“တချို့ အလုပ်သမားတွေက လမ်းစရိတ် အကုန်အကျ အများကြီး ကျခံပြီး အလုပ်လာလုပ်ကြတာ” လို့ နောက်ထပ် ဒေသခံ တယောက်က ပြောပါတယ်။
အဲဒီ သတ္တုတွင်းက MNDAA တပ်ဖွဲ့ နဲ့ တရုတ်နိုင်ငံသား လုပ်ငန်းရှင်တွေ ပေါင်းပြီး ဖွင့်ထားတာ လို့ သူက ပြောပါတယ်။
အဲဒီ သတ္တုတွင်းမှာ ဘာသတ္တုတွေ တူးသလဲ ဆိုတာ မသိရပေမယ့် အဲဒီဘက် ရွှေတွေလည်း ‌ထွက်တယ်လို့ ဒေသခံ တချို့က ပြောပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်းက တိုင်းရင်းသား လက်နက်ကိုင်တွေ ထိန်းချုပ်ရာ နယ်မြေတွေရှိ နေရာ အတော်များများမှာ ရွှေ၊ သတ္တုအမျိုးမျိုး ကို တရုတ်နိုင်ငံသား လုပ်ငန်းရှင်တွေက လာရောက် တူးဖော်ယူနေတာ ဖြစ်ပါတယ်။
Photo from Google

Related posts

✕
VOM News

FREE
VIEW